ဒီအနာဟာ မပျောက်နိုင်တော့ဘူးလား။ ဒီဒဏ်ရာဟာ ခုထိမကျက်နိုင်သေးတာ။ အချိန်ဆိုတဲ့ သမားတော်ကြီးလဲ မကယ်နိုင်။ ဒီဒဏ်ရာဒီအနာဟာ ခုထိရင်မှာ လှိုက်နာနေတုန်းပဲဆိုတာ ဘယ်သူယုံနိုင်မလဲ။ ဒီအနာရှိခဲ့တယ်ဆိုတာရော ဘယ်သူခံစားနားလည်ပေးနိုင်မလဲ။ တဆစ်ဆစ်နာကျင်နေတဲ့အနာအတွက် ဘယ်ဆေးမှလဲ မထည့်နိုင်ဘဲ ခုထိထောင်ချောက်မိနေသေးတာ။
မသိလို့မှားတာပဲဖြစ်ဖြစ် သိသိကြီးနဲ့မှားတာပဲဖြစ်ဖြစ် အမှားဟာ အမှားသာ။ ကိုယ်ကရော မသိလို့ မှားခဲ့တာပေမယ့် ဒီအမှားတစ်ခုအတွက် မသိလို့ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံချင်တာ။ ဟုတ်ပါတယ်။ ကိုယ်လိပ်ပြာမလုံပါဘူး။ ခြောက်နှစ်ကျော်ကာလအတွက်တော့ ဒီလို ကိုယ့်ကိုယ်ကို ချောင်ပိတ်မထားသင့်ဘူးလို့ ပြောချင်လဲပြောကြရော့။
အိပ်မက်။ အိပ်မက်ဆိုးတွေ။ အဖွားဆုံးပြီးကတည်းက ညစဉ်ရက်ဆက်ဆိုသလို မက်နေခဲ့တာ။ ကိုယ့်ကို ခွင့်လွှတ်ပါ။ ကိုယ့်မသိခြင်းအမှားတွေအတွက် ခွင့်လွှတ်ပါ။
တကယ်ပါ။ အဲဒီနေ့က တကယ်မသိခဲ့တာပါ။ ကိုယ်နလန်ထစ။ လူတွေရဲ့ စိတ်အရောင်တွေ စုံလင်လှကြောင်း လောကကြီးက ကိုယ့်ကို ကောင်းကောင်းလက်ချာရိုက်ပြီးခါစ။ မျက်စိသူငယ်နားသူငယ်နဲ့ လူတွေအကြောင်း ရင်နာနာနဲ့ သိပြီးခါစ။ ကိုယ်ဟာ သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်သလို မြိုသိပ်ရတာတွေများလွန်းရင်လဲ တခါတခါ ထထပေါက်ကွဲတတ်တဲ့သူပါ။ အိပ်ယာပေါ်လှဲနေတဲ့ အဖွားရှေ့မှာ အော်ဟစ်ငိုယိုပြီး ကိုယ်ပေါက်ကွဲခဲ့ပါတယ်။
ကိုယ်တကယ်ကို နာကျင်လွန်းလို့ပါ။ ကိုယ့် အိပ်မက်တွေ၊ ကိုယ့်ရဲ့ ပညာရေးရည်မှန်းချက်တွေ ။ ကိုယ်ရသင့်ရထိုက်တာတွေတောင် စွန့်လွှတ်ပြီး အနစ်နာခံပေးခဲ့တဲ့ သွေးသားအရင်းခေါက်ခေါက်။ ဒါကိုယ့်အဒေါ်အရင်းကြီးတဲ့လား။ နှလုံးသားမရှိလိုက်ပုံများ။ အသဲမာလိုက်ပုံများ။ သွေးအေးရဲ လိုက်ပုံများ။ အဲဒီကတည်းက ကိုယ်ဟာ စက္ကူပေါ် ကိန်းဂဏန်းတွေရိုက်နှိပ်ထားတဲ့ ငွေစက္ကူကို အမုန်းကြီးမုန်းခဲ့တာ။ လူဟာ ဘာမဟုတ်တဲ့ ကိန်းဂဏန်းပါတဲ့ စက္ကူတွေလောက်တောင် အရေးမပါတော့ဘူးလား။ ကိုယ်တန်ဖိုးထားတာ လူပါ။ ပြီးတော့ ကိုယ့်သူငယ်ချင်းတစ်ယောက် အများရှေ့မှာတော့ ကိုယ့်အပေါ် ကောင်းသယောင်ပြပြီး လူကြီးတွေ ကွယ်ရာမှာ ကိုယ့်ကို စကားတစ်ခွန်းနဲ့ ထိုးနှက်သွားခဲ့တာ။ စိတ်နဲ့ ကိုယ့်ကို အသေသတ်သွားတာ။ “ ” ဒီလိုပြောသွားတယ်လို့ ကိုယ်က ပြောရင် လူကြီးတွေက ဒါဟာ နာလန်ထစသွေးအားနည်းနေလို့ ထင်ယောင်ထင်မှားဖြစ်တာပါလို့ ဆိုချင်ဆိုကြမယ်။ မဆိုချင်ကြပါနဲ့။ သူငယ်ချင်းက လူမပီသခဲ့တာ အမှန်ပါ။ အဲဒီကတည်းက ကိုယ့်အပေါ် ကောက်ကျစ်တယ်လို့ ခံစားမိတဲ့သူတွေကို လွယ်လွယ်ကျောခိုင်းတတ်လာတာ။
အဲဒီနေ့က အဖွားရှေ့မှာ မျက်ရည်ပေါက်ပေါက်ကျအောင် ကိုယ် ပေါက်ကွဲခဲ့ပါတယ်။ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပါတယ်။ ဘယ်သူမှ ကိုယ့်ကို မတားကြဘူး။ ကိုယ့်ကို လွတ်လပ်စွာ နာကျင်ခွင့်ပေးခဲ့ကြတယ်။ ကိုယ့်မျက်ရည်တွေကို ရင်နာနာနဲ့ အားလုံးက ငေးကြည့်နေကြတယ်။ ပြီးတော့ အဖွားမျက်ဝန်းမှာလဲ မျက်ရည်စတွေနဲ့လားလို့ပါ။ အဲဒီမြင်ကွင်း ခုထိ ကိုယ်မြင်ယောင်နေတုန်းပါ။ နောက်မှ နောက်မှ သိရတာကလေ။ အဲဒီနေ့က အဖွားဆေးရုံက ဆင်းခါစ။ အစာအိမ်သွေးကြောပေါက်လို့ ဆေးရုံမှာ သွေးတွေ အများကြီးအန်ခဲ့တယ်ဆိုတာ။ ပြောရမယ်ဆိုရင် တော်တော်ကြီးကြာမှ ကိုယ် လုံး၀ လူကောင်းပကတိပြန်ဖြစ်မှ သိခဲ့ရတဲ့ အမှန်တရားပါ။ အဲဒီအမှန်တရားဟာ ကိုယ့်ကို တဆစ်ဆစ်နာကျင်စေတာ။
နောက်မှသိရတဲ့ အမှန်တရားက ကိုယ့်ကို ပိုနာကျင်စေပါတယ်။
နောက်ပြန်ဆုတ်လို့ မရမှန်းသိပေမယ့် ပြင်ခွင့်ရှိရင် အဲဒီနေ့က မြင်ကွင်းကိုသာ နည်းနည်းလောက်ပြင်လိုက်ချင်တာ။ အဖွားက အိပ်ယာပေါ်မှာလဲှလို့။ ကိုယ်က နေမကောင်းသေးပေမယ့် အဖွားကို ခြေဆုပ်လက်နယ်ပြုစုလို့။ နာကျင်နေပေမယ့်လဲ ရင်ပွင့်မတတ် ဖွင့်ထုတ်ချင်နေပေမယ့်လဲ အဖွားရဲ့ နေထိုင်မကောင်းခြင်းအတွက် မျက်ရည်တွေရော ခံစားချက်တွေကိုရော မြိုသိပ်ထားခဲ့မိမှာ။ ခုတော့ သေကောင်ပေါင်းလဲ ဝေဒနာနဲ့ မချိမဆန့် ခံစားနေရတဲ့ အဖွားကိုမှ ကိုယ့်ရဲ့ မျက်ရည်စတွေနဲ့ ထပ်ပြီး ဝန်ပိစေခဲ့တာ။
အဖွားတွေမကောင်းကြောင်းပြောတဲ့ မြေးတွေကို မြင်ရတဲ့အခါမျိုးမှာ ကိုယ်က ဟက်ဟက်ပက်ပက်ရယ်ချင်ပါရဲ့။ ရှိခြင်းရဲ့ တန်ဖိုးဟာ မရှိခြင်းနောက်မှသာ သိရတတ်တာ။
အဖွားမရှိတော့ဘူးဆိုမှ ကိုယ်ဟာ အဖွားကို တကယ်ချစ်မှန်းသိလာရတာ။ ကိုယ့်ဘာသာပြန်စာမူတွေပါရင် ရပ်ကွက်ထဲ ကျုပ်မြေးရေးတာဆိုပြီး လည်ကြွားတတ်တဲ့ အဖွားကို ကိုယ်ပြန်မရနိုင်တော့ပါဘူး။
အချိန်ဆိုတဲ့ သမားတော်ကြီးလဲ ကိုယ့်အနာကို မကျက်စေနိုင်ပါဘူး။ ကြာခဲ့ပါပြီ။ ခြောက်နှစ်ကျော်ဆိုတဲ့ ကာလတစ်ခုမှာ ဒဏ်ရာဟာ သွေးစိမ်းထွက်နေတုန်းဆိုတာ ဘယ်သူစာနာပေးနိုင်မလဲ။ ဘယ်သူယုံကြည်ပေးနိုင်မလဲ။ အိပ်မက် အိပ်မက်ဆိုးတွေနဲ့ ကိုယ်ဟာ ထောင်ချောက်မိနေတုန်းသာ။
ကိုယ် ချစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူတွေအပေါ် တန်ဖိုးထားတတ်လာအောင် ဂရုစိုက်တတ်လာအောင် သင်ကြားပေးခဲ့တာတော့ အဖွားပါပဲ။
ရိုးမြေကျ(မုံရွာ)
(20.6.2013,9:00PM)