Wednesday, June 26, 2013

ကျူးပစ်ရဲ့ မြားချက်မှာ ငါတို့မျက်ဝန်းတွေ မိုးလင်းခဲ့တယ်

အလွမ်းတွေကို ရင်ငွေ့ပေးဖို့
အဲဒီနေ့က မင်းနဲ့ငါ
အကြည့်ချင်း ဆုံခဲ့ကြတယ်………
ကျူးပစ်ရဲ့ မြားချက်မှာ
ငါတို့မျက်ဝန်းစကားတွေ မိုးလင်းတုန်း
အချစ်တွေ အငွေ့မပျံစေရအောင်
မင်းနဲ့ငါ နှစ်ယောက်ထဲ နားလည်တဲ့
ဘာသာဗေဒနဲ့
အဲဒီနေ့က ဖွဖွလေးသက်သေတည်လို့
ဒီတဒင်္ဂမှာ
ငါငေးရတယ်
ဒီတဒင်္ဂမှာ
ငါဆွေးရတယ်
ဒီတဒင်္ဂမှာ
မင်းရဲ့ သက်ပြင်းရှရှအောက်
ငါ တိတ်တဆိတ်ကျရှုံးလို့
ငါ့ချစ်ခြင်းတွေ အလွမ်းသင့်မယ်ဆိုရင်တောင်
မင်းအတွက်ဆို
ငါ ဆက်ပြီး ငြိနေဦးမယ်။

ရိုးမြေကျ(မုံရွာ)
(23.6.2013,9:00PM)

Thursday, June 20, 2013

ရင်ကွဲနာ

          ဒီအနာဟာ မပျောက်နိုင်တော့ဘူးလား။ ဒီဒဏ်ရာဟာ ခုထိမကျက်နိုင်သေးတာ။ အချိန်ဆိုတဲ့ သမားတော်ကြီးလဲ မကယ်နိုင်။ ဒီဒဏ်ရာဒီအနာဟာ ခုထိရင်မှာ လှိုက်နာနေတုန်းပဲဆိုတာ ဘယ်သူယုံနိုင်မလဲ။ ဒီအနာရှိခဲ့တယ်ဆိုတာရော ဘယ်သူခံစားနားလည်ပေးနိုင်မလဲ။ တဆစ်ဆစ်နာကျင်နေတဲ့အနာအတွက် ဘယ်ဆေးမှလဲ မထည့်နိုင်ဘဲ ခုထိထောင်ချောက်မိနေသေးတာ။
          မသိလို့မှားတာပဲဖြစ်ဖြစ် သိသိကြီးနဲ့မှားတာပဲဖြစ်ဖြစ် အမှားဟာ အမှားသာ။ ကိုယ်ကရော မသိလို့ မှားခဲ့တာပေမယ့် ဒီအမှားတစ်ခုအတွက် မသိလို့ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံချင်တာ။ ဟုတ်ပါတယ်။ ကိုယ်လိပ်ပြာမလုံပါဘူး။ ခြောက်နှစ်ကျော်ကာလအတွက်တော့ ဒီလို ကိုယ့်ကိုယ်ကို ချောင်ပိတ်မထားသင့်ဘူးလို့ ပြောချင်လဲပြောကြရော့။
          အိပ်မက်။ အိပ်မက်ဆိုးတွေ။ အဖွားဆုံးပြီးကတည်းက ညစဉ်ရက်ဆက်ဆိုသလို မက်နေခဲ့တာ။ ကိုယ့်ကို ခွင့်လွှတ်ပါ။ ကိုယ့်မသိခြင်းအမှားတွေအတွက် ခွင့်လွှတ်ပါ။
          တကယ်ပါ။ အဲဒီနေ့က တကယ်မသိခဲ့တာပါ။ ကိုယ်နလန်ထစ။ လူတွေရဲ့ စိတ်အရောင်တွေ စုံလင်လှကြောင်း လောကကြီးက ကိုယ့်ကို ကောင်းကောင်းလက်ချာရိုက်ပြီးခါစ။ မျက်စိသူငယ်နားသူငယ်နဲ့ လူတွေအကြောင်း  ရင်နာနာနဲ့ သိပြီးခါစ။ ကိုယ်ဟာ သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်သလို မြိုသိပ်ရတာတွေများလွန်းရင်လဲ တခါတခါ ထထပေါက်ကွဲတတ်တဲ့သူပါ။ အိပ်ယာပေါ်လှဲနေတဲ့ အဖွားရှေ့မှာ အော်ဟစ်ငိုယိုပြီး ကိုယ်ပေါက်ကွဲခဲ့ပါတယ်။
           ကိုယ်တကယ်ကို နာကျင်လွန်းလို့ပါ။ ကိုယ့် အိပ်မက်တွေ၊ ကိုယ့်ရဲ့ ပညာရေးရည်မှန်းချက်တွေ ။ ကိုယ်ရသင့်ရထိုက်တာတွေတောင် စွန့်လွှတ်ပြီး အနစ်နာခံပေးခဲ့တဲ့ သွေးသားအရင်းခေါက်ခေါက်။ ဒါကိုယ့်အဒေါ်အရင်းကြီးတဲ့လား။ နှလုံးသားမရှိလိုက်ပုံများ။ အသဲမာလိုက်ပုံများ။ သွေးအေးရဲ  လိုက်ပုံများ။ အဲဒီကတည်းက ကိုယ်ဟာ စက္ကူပေါ် ကိန်းဂဏန်းတွေရိုက်နှိပ်ထားတဲ့ ငွေစက္ကူကို အမုန်းကြီးမုန်းခဲ့တာ။ လူဟာ ဘာမဟုတ်တဲ့ ကိန်းဂဏန်းပါတဲ့ စက္ကူတွေလောက်တောင် အရေးမပါတော့ဘူးလား။ ကိုယ်တန်ဖိုးထားတာ လူပါ။ ပြီးတော့ ကိုယ့်သူငယ်ချင်းတစ်ယောက် အများရှေ့မှာတော့ ကိုယ့်အပေါ် ကောင်းသယောင်ပြပြီး လူကြီးတွေ ကွယ်ရာမှာ ကိုယ့်ကို စကားတစ်ခွန်းနဲ့ ထိုးနှက်သွားခဲ့တာ။ စိတ်နဲ့ ကိုယ့်ကို အသေသတ်သွားတာ။ “                 ” ဒီလိုပြောသွားတယ်လို့ ကိုယ်က ပြောရင် လူကြီးတွေက ဒါဟာ နာလန်ထစသွေးအားနည်းနေလို့ ထင်ယောင်ထင်မှားဖြစ်တာပါလို့ ဆိုချင်ဆိုကြမယ်။ မဆိုချင်ကြပါနဲ့။ သူငယ်ချင်းက လူမပီသခဲ့တာ အမှန်ပါ။ အဲဒီကတည်းက ကိုယ့်အပေါ် ကောက်ကျစ်တယ်လို့ ခံစားမိတဲ့သူတွေကို လွယ်လွယ်ကျောခိုင်းတတ်လာတာ။
          အဲဒီနေ့က အဖွားရှေ့မှာ မျက်ရည်ပေါက်ပေါက်ကျအောင် ကိုယ် ပေါက်ကွဲခဲ့ပါတယ်။ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပါတယ်။ ဘယ်သူမှ ကိုယ့်ကို မတားကြဘူး။ ကိုယ့်ကို လွတ်လပ်စွာ နာကျင်ခွင့်ပေးခဲ့ကြတယ်။ ကိုယ့်မျက်ရည်တွေကို ရင်နာနာနဲ့ အားလုံးက ငေးကြည့်နေကြတယ်။ ပြီးတော့ အဖွားမျက်ဝန်းမှာလဲ မျက်ရည်စတွေနဲ့လားလို့ပါ။ အဲဒီမြင်ကွင်း ခုထိ ကိုယ်မြင်ယောင်နေတုန်းပါ။ နောက်မှ နောက်မှ သိရတာကလေ။ အဲဒီနေ့က အဖွားဆေးရုံက ဆင်းခါစ။ အစာအိမ်သွေးကြောပေါက်လို့ ဆေးရုံမှာ သွေးတွေ အများကြီးအန်ခဲ့တယ်ဆိုတာ။ ပြောရမယ်ဆိုရင် တော်တော်ကြီးကြာမှ ကိုယ် လုံး၀ လူကောင်းပကတိပြန်ဖြစ်မှ သိခဲ့ရတဲ့ အမှန်တရားပါ။ အဲဒီအမှန်တရားဟာ ကိုယ့်ကို တဆစ်ဆစ်နာကျင်စေတာ။
          နောက်မှသိရတဲ့ အမှန်တရားက ကိုယ့်ကို ပိုနာကျင်စေပါတယ်။
          နောက်ပြန်ဆုတ်လို့ မရမှန်းသိပေမယ့် ပြင်ခွင့်ရှိရင် အဲဒီနေ့က မြင်ကွင်းကိုသာ နည်းနည်းလောက်ပြင်လိုက်ချင်တာ။ အဖွားက အိပ်ယာပေါ်မှာလဲှလို့။ ကိုယ်က နေမကောင်းသေးပေမယ့် အဖွားကို ခြေဆုပ်လက်နယ်ပြုစုလို့။ နာကျင်နေပေမယ့်လဲ ရင်ပွင့်မတတ် ဖွင့်ထုတ်ချင်နေပေမယ့်လဲ အဖွားရဲ့ နေထိုင်မကောင်းခြင်းအတွက် မျက်ရည်တွေရော ခံစားချက်တွေကိုရော မြိုသိပ်ထားခဲ့မိမှာ။ ခုတော့ သေကောင်ပေါင်းလဲ ဝေဒနာနဲ့ မချိမဆန့် ခံစားနေရတဲ့ အဖွားကိုမှ ကိုယ့်ရဲ့ မျက်ရည်စတွေနဲ့ ထပ်ပြီး ဝန်ပိစေခဲ့တာ။
          အဖွားတွေမကောင်းကြောင်းပြောတဲ့ မြေးတွေကို မြင်ရတဲ့အခါမျိုးမှာ ကိုယ်က ဟက်ဟက်ပက်ပက်ရယ်ချင်ပါရဲ့။ ရှိခြင်းရဲ့ တန်ဖိုးဟာ မရှိခြင်းနောက်မှသာ သိရတတ်တာ။        
          အဖွားမရှိတော့ဘူးဆိုမှ ကိုယ်ဟာ အဖွားကို တကယ်ချစ်မှန်းသိလာရတာ။ ကိုယ့်ဘာသာပြန်စာမူတွေပါရင် ရပ်ကွက်ထဲ ကျုပ်မြေးရေးတာဆိုပြီး လည်ကြွားတတ်တဲ့ အဖွားကို ကိုယ်ပြန်မရနိုင်တော့ပါဘူး။
          အချိန်ဆိုတဲ့ သမားတော်ကြီးလဲ ကိုယ့်အနာကို မကျက်စေနိုင်ပါဘူး။ ကြာခဲ့ပါပြီ။ ခြောက်နှစ်ကျော်ဆိုတဲ့ ကာလတစ်ခုမှာ ဒဏ်ရာဟာ သွေးစိမ်းထွက်နေတုန်းဆိုတာ ဘယ်သူစာနာပေးနိုင်မလဲ။ ဘယ်သူယုံကြည်ပေးနိုင်မလဲ။ အိပ်မက် အိပ်မက်ဆိုးတွေနဲ့ ကိုယ်ဟာ ထောင်ချောက်မိနေတုန်းသာ။
          ကိုယ် ချစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူတွေအပေါ် တန်ဖိုးထားတတ်လာအောင် ဂရုစိုက်တတ်လာအောင် သင်ကြားပေးခဲ့တာတော့ အဖွားပါပဲ။
ရိုးမြေကျ(မုံရွာ)
(20.6.2013,9:00PM)

Sunday, June 9, 2013

၀င်ကစွပ်ရဲ့ အလွမ်း




Click here to get more Happy Birthday Greetings from MasterGreetings.com
Get More Happy Birthday Greetings


         သူ့ကိုယ်ပိုင် အကောင့်မဟုတ်သည့် အကောင့်အတွက် လျို့ဝှက်ဂဏန်းရိုက်ထည့်နေသော သူ့လက်ချောင်းတွေ။
          သူ့လက်ချောင်းတွေသူကြည့်ပြီး အနည်းငယ် မနှစ်မြို့ပေမယ့် အလွမ်းတွေကို ဖြေသာနိုင်ဖို့ နောက်ဆုံးနည်းလမ်းက ဒီတစ်နည်းပဲ ရှိခြင်းသာ။ အခြားသူတစ်ယောက်နာမည်နှင့် ဝင်ကစွပ်တစ်ကောင်လို ယခုကဲ့သို့ ပြုမူနေခြင်းမှာ သူ့ရဲ့ ခပ်ကြောင်ကြောင် သံယောဇဉ်ကြောင့်သာ။ စိတ်ထဲ စနိုးစနောင့်နှင့် နည်းနည်း အနေရခက်ပေမယ့် နေ့ရက်တွေကို အသက်ရှူချောင်ချောင် ဆက်ရှင်သန်နိုင်မည့်နည်းကလဲ ဒီတစ်နည်းသာ။ သူမ ရှဲသမျှ ပို့စ်လေးတွေ တိတ်တိတ်ချောင်းကြည့်မည်။ သူမ Like လုပ်ထားတာလေးတွေ ကြည့်ပြီး တခါတရံ အံ့သြချင်အံ့သြမည်။ တခြားသူများကိုပေးသော သူမရဲ့ ကွန်မန့်တွေကို ဖတ်ပြီး တစ်ကြိမ်တစ်ခါမှ သူ့ကို သူမ ကွန်မန့် မပေးဘူးသေးသည်ကို တွေးကာ ဝမ်းနည်းချင်ဝမ်းနည်းမည်။ ဖေ့ဘုတ်မှာ သူမ ခြေရာမမြင်ရသော နေ့ရက်များတွင် ဘာ့ကြောင့်ပါလိမ့်ဟူ၍ တစ်ယောက်တည်းတွေးချင်တွေးမည်။  ထိုထိုသော ရင်ခုန်ဖွယ် ခိုးကြောင်ခိုးဝှက် အပြုအမူတွေနှင့် သူ့နေ့ရက်တွေ စိုပြည်နေသည်။
          သူမနှင့် ပတ်သက်လျှင် သူ့လက်ချောင်းတွေသည် ခိုးကြောင်ခိုးဝှက် အပြုအမူလုပ်မိတာ သုံးကြိမ်ရှိပြီဖြစ်သည်။ ထိုအပြုအမူမျိုးကိုလဲ သူက သူမကို တစ်နည်းမဟုတ်တစ်နည်း တည့်တည့်တစ်မျိုး သွယ်ဝိုက်၍တစ်မျိုးသိစေခဲ့သည်။ ပထမအကြိမ်က သူ သင်တန်းကိစ္စနှင့် ရုံးချုပ်ရောက်စဉ် သူ့သူငယ်ချင်း ကွန်ပျူတာထဲတွင် ရှိသော သူမဓာတ်ပုံများကို memory stick ထဲထည့်ကာ ခိုးလာခဲ့ဖူးသည်။ ထိုအကြောင်းကိုတော့ သူက သူမကို ဓာတ်ပုံခိုးပြီးမှ ဖွင့်ပြောခဲ့ခြင်းသာ။ ဖွင့်ပြောလိုက်သောညက ခိုးမှုအတွက် အဖမ်းမခံရမှန်းသိပေမယ့် သူတော်တော် ရင်ခုန်ခဲ့ရသည်။
          ဒုတိယအကြိမ်ကတော့ ကံကြမ္မာက သူ့ဘက်ရှိခဲ့ခြင်းသာ။ unfriend ဝေဒနာအဆုံးမှာ အလွမ်းဖြေဖို့ နည်းမှာ ဝင်ကစွပ်နည်းသာရှိသည်။ သူ တွေးနိုင်သမျှ ဉာဏ်နီဉာဏ်နက်အကုန်ထုတ်ကြည့်တော့ ဘယ်လိုမှ သုံး၍ မရတော့သော သူ့သူငယ်ချင်း၏ အကောင့်ကို ဖြစ်နိုင်ခြေရှိသော လျှို့ဝှက်နံပါတ်တွေ ရိုက်ကြည့်ပြီး အားထုတ်ကြည့်ခဲ့ခြင်းသာ။ ကံကောင်းထောက်မစွာ သူအကြိမ်ကြိမ်ရိုက်ထည့်နေသော လျှို့ဝှက်နံပါတ်တွေသည် တစ်ကြိမ်တော့ တိုက်ဆိုင်သွားသည်။ ဒီလိုလုပ်ခဲ့ခြင်းဟာ ကြီးကြီးကျယ်ကျယ် ဟက်ကာလုပ်ခဲ့ခြင်းတော့မဟုတ်။ ကြက်ကန်းဆန်အိုးတိုးသွားခဲ့ခြင်းသာ။ ထိုစဉ်မှစ၍ သူတိုးတိုးလေး ရင်ခုန်တတ်လာသည်။ မည်သူတစ်ဦးတစ်ယောက်မှ မသိသော သူ့ရဲ့ ခိုးကြောင်ခိုးဝှက် အပြုအမူအတွက် ရင်တော်တော်ခုန်ခဲ့ရသည်။ အကောင့်နာမည်ကိုလဲ သူအရမ်းကြိုက်သော ဝတ္ထုထဲက ဇာတ်ကောင်၏ နာမည်ပြောင်းပစ်လိုက်သည်။ မြို့နာမည်ကိုလဲ သူ့နေသည့် မြို့နာမည်ပြောင်းပစ်လိုက်သည်။ ဒါတွေက သူမသာ မှန်းဆတတ်လျှင် သူ ဘယ်သူဘယ်ဝါဆိုတာ သိစေရန် သဲလွန်စပေးထားခြင်းသာဖြစ်သည်။ အနည်းဆုံးတော့ သူ သူမနှင့် နီးနီးလေးဟု ခဏတာ ထင်ယောင်ထင်မှား ရင်ခုန်ခဲ့ရသည်။ ထို ဝင်ကစွပ်အဖြစ်ရှင်သန်နေခဲ့သော နေ့ရက်တွေမှာ သူမ သူ့ကို လွမ်းနေခဲ့မလား။ unfriend ကိစ္စအတွက် စိတ်မကောင်းဖြစ်နေခဲ့မလား။ နောင်ကြဉ်အောင်ဆုံးမလိုက်ချင်သော သူမရဲ့ မာနက ပိုအလေးသာခဲ့မလား။ တခါတခါ သူမ ဖေ့ဘုတ်မှာ ဘာမှမရဲှ။ တခါတခါ ဘာကိုမှ Like မလုပ်။ သူကတော့ သူကြိုက်သော ပို့စ်များကို အားရပါးရ ရှဲကာ သူမ notification မှာ သူ့နာမည်မြင်ပြီး သူမ သတိထားမိလာစေရန် လုပ်ခဲ့သည်။ နောက်ဆုံးတော့ သူမရိပ်မိသွားပြီး သူ့အပြုအမူအတွက် ထိုအကောင့်ကို နောက်ထပ် unfriend လုပ်သွားခဲ့သည်။ ထိုဒုတိယအကြိမ် unfriend လုပ်ခြင်းသည် သူ့ကို သူမ ခါးခါးသီးသီး မုန်းတီးနေခြင်းကြောင့်လား။
          ဘာကြောင့်လဲ ဘာ့ကြောင့်လဲပေါင်းများစွာနှင့် နေ့ရက်တွေ ပြန်ခါးသက်လာပြန်သည်။ ဒီလိုနှင့် သူ တတိယအကြိမ်မြောက် ခိုးကြောင်ခိုးဝှက်နည်းလမ်းကို ရွေးလိုက်သည်။ ထိုနည်းကိုတော့ သူမ အပါအဝင် တခြားအပေါင်းအသင်းတွေပါ မသိအောင် သူဖွက်ထားတော့မည်။ သူ့ရဲ့ အလွမ်းတွေအတွက် သူမကို ဘာသဲလွန်စမှ မပေးတော့ပါ။ သူကတော့ ဆက်လက်ရင်ခုန်နေဦးမည်။ သူ ရင်ခုန်နေတုန်းဆိုတာ မည်သူတစ်ဦးတစ်ယောက်မှ ရိပ်မိသိရှိရန် မလိုအပ်ပါ။

          ဘယ်သူက လွမ်းချင်မှာလဲ………………
          ဘယ်ဆီဘယ်ဝယ်မှာ မသိဘဲ
          ယောင်ရမ်းလွမ်းနေရတာမျိုး ဘယ်သူလိုချင်မလဲ……………….
          ကမ်းမမြင် လမ်းမမြင် အလွမ်းမျိုး ဘယ်သူလိုချင်မလဲ ………………….
          အရိပ်မတွေ့ရလို့ ကြွေကြွေကျတဲ့ အလွမ်းတွေကို ဘယ်သူကောက်ကာသီချင်ပါ့မလဲ…………
          အနည်းဆုံး အနည်းဆုံးတော့
          ဒီဝင်ကစွပ်ရဲ့ အလွမ်းအတွက် ဂုဏ်မပြုနိုင်ရင်တောင်
          အပြုံးတစ်ပွင့်တော့ ချခင်းပေးခဲ့ပါ……………………………
ရိုးမြေကျ(9.6.2013,10:45PM)
June 11 ရက်နေ့မှာ ကျရောက်မယ့် မမမွေးနေ့အတွက် အမှတ်တရပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ မမ။ အမြဲစိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။ မမနဲ့ ခင်ခဲ့ရတဲ့ အတိတ်ရေစက်ကိုလဲ ကျေနပ်မိပါတယ်။ မွေးနေ့ရှင်အတွက်ဆုတောင်းကဗျာလဲ မဟုတ်ဘဲ ဒီအတိုင်းချရေးမိသွားတဲ့ အက်ဆေးအတွက်တော့ ဆုတောင်းကဗျာ မဟုတ်လို့ ခွင့်လွှတ်သည်းခံဖတ်ပေးပါလို့တောင်းဆိုပါရစေ။
(စာရေးသူရဲ့ အချစ်ဆုံးမမအတွက် မွေးနေ့အမှတ်တရ ရေးထားတာပါ။ စာဖတ်သူများဆီက မွေးနေ့ဆုတောင်းလေးများလဲ ကြားရမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် ဝမ်းသာမိမှာပဲ။)