Wednesday, March 27, 2013

ခုတလော....(တက်ဂ်ပို့စ်)


တွေးနေမိတာက -
မျှော်လင့်ထားတဲ့အရာလေး ဘယ်တော့လောက်ဖြစ်လာမလဲလို့ နေ့တိုင်းကို တွေးနေမိတယ်။ ခုထိလဲ မဖြစ်သေးဘူး။

ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက -
အရမ်းစတတ်နောက်တတ်တဲ့ အကျင့်လေးကို ပြင်သင့်တယ်။ စတတ်နောက်တတ်လို့လဲ ခု စိတ်ညစ်နေရပြီမလား။ အချိုးတွေပြင်။

ကျန်းမာရေး -
စိတ်ညစ်နေလို့ပဲ ကျန်းမာရေးက ဖောက်လာတယ်။ ဖျားတယ်။ ကျောရိုးနာနေလို့ ရုံးမှာ ကြာကြာမထိုင်နိုင်လို့ ထိုင်လိုက်ထလိုက်လုပ်နေရတယ်။

ဖတ်ဖြစ်တဲ့စာအုပ်တွေက-
ခင်မောင်ညို(ဘောဂဗေဒ) ရဲ့ “ကိုယ်တွေ့ MBA” ၊ မြနှင်းဆီ ဘာသာပြန်ထားတဲ့ “သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ်” ဘယ်စာအုပ်မှလဲ အပြီးသတ်အောင် ဖတ်မပြီးသေးဘူး။

ရောက်ဖြစ်နေတာက -
Someone ရဲ့ timeline. နေ့တိုင်းကို ရောက်ဖြစ်တာ။

နားထောင်ဖြစ်နေတာက -
ရဲလေးရဲ့ အလွမ်းတွေနဲ့၊ Lady (၂ပုဒ်လုံး ရကောက်ဘဝဖြင့်နေထိုင်ခြင်းစီးရီးထဲက), ဂျီလတ်ရဲ့ တနေ့တော့ နေ့တိုင်း အမုန်းနားထောင်တာ။

ရွတ်နေဖြစ်တဲ့ကဗျာက -
ဖိုးသာထူး ဖိုးသာထူး
အလွန်ဝတဲ့ ဖိုးသာထူး
ဖိုးသာထူးက ဝမ်းပူပူ ဖိုးဝကြီးနဲ့တူ
တူပါသကွယ့် မယုံငြား ဒီမှာ ကြည့်ပါလား။
အဲဒီကဗျာလေး ရွတ်ဖြစ်တယ်။နေ့တိုင်း စိတ်ထဲက

ဖြစ်ချင်နေတာက -
Superman ဖြစ်ချင်နေတယ်။ ရန်ကုန်ကို ခဏခဏသွားလည်လို့ ရအောင်လို့။

စားဖြစ်နေတတ်တာက -
အစုံပဲ။ လူလဲ ဝလာတယ် တဖြည်းဖြည်း။

သနားနေမိတာက -
စစ်ဘေးဒုက္ခသည်တွေနဲ့၊ ပဋိပက္ခဖြစ်နေတဲ့ ရပ်ဝန်းက လူတွေ

လွမ်းနေမိတာက -
Someone ပါပဲ။ အရမ်းတွေ့ချင်နေပါတယ်။ ဖုန်းလဲအရမ်းပြောချင်နေပါတယ်။ တခါတခါ နှစ်ယောက်တည်း အေးအေးဆေးဆေး ထမင်းလက်ဆုံစားဖူးချင်တယ်။

မေ့လျော့ပစ်နေရတာက -
စိတ်နာအောင် လုပ်ခဲ့တဲ့သူတွေအားလုံးပါပဲ။

ခါးသက်နေမိတာက -
သူများတွေ တန်းတူရတဲ့အခွင့်အရေးကို ကိုယ်ဘာလို့ မရတာလဲလို့ တွေးတွေးပြီး ခါးနေမိတယ်။

တမ်းတနေမိတာက -
လွန်ခဲ့တဲ့ တစ်နှစ်က ရခဲ့တဲ့ အခွင့်အရေးတွေ အမြန်ဆုံး ပြန်လိုချင်မိတာပဲ။

ကြိတ်ပြီးချီးကျူးနေမိတာက -
ဂစ်တာတီးတတ်တဲ့ ကောင်မလေးတွေကို

ကြိတ်ပြီးအထင်သေးနေမိတာက -
ကြီးနိုင်ငယ်ညှင်း အုပ်စုဖွဲ့နေတတ်တဲ့သူတွေ။ တကွေ့ကွေ့မှာ ပြန်အသုံးချမယ့်စိတ်နဲ့ ကြိုးရှည်ရှည်နဲ့ လှန်ထားတတ်တဲ့သူတွေ။ ဟိုလူ့ပြောတာလိုလို၊ ဒီလူ့ပြောတာလိုလိုနဲ့ သတ္တိမရှိ ရွဲ့စောင်းစကားပြောတတ်တဲ့သူမျိုးတွေ။

ဆန္ဒမရှိတဲ့နေရာ -
ဆူညံနေတဲ့ နေရာ။ စကားပြောသံတွေရော သီချင်းဆိုလဲ ဝုန်းဒိုင်းကြဲဖွင့်တဲ့နေရာတွေ။ ပြီးတော့ ထော်လာဂျီသံတွေ ဆူညံနေတဲ့ နေရာ။

ဆန္ဒရှိနေတဲ့ကိစ္စ -
အရင်လို ဂရုစိုက်ခံရမှုတွေ ပြန်ရပါစေလို့ တိတ်တိတ်လေးကြိတ်ဆုတောင်းနေတယ်။

မုန်းတီးနေမိတာက -
မှတ်ဉာဏ်ပျောက်သလိုဖြစ်ဖြစ်နေတာ။ တော်တော်များများ ဘာမှ မမှတ်မိဘူးဖြစ်နေတယ်။ အရင်က ဖြစ်ရပ်တွေရော လတ်တလောဖြစ်ရပ်တွေရော မမှတ်မိဘူး။

ချစ်နေတာက -
ပြောတော့ပါဘူး။ ထုတ်ပြောလိုက်ရင် ဒီတစ်ခါတော့ အသက်ခံရနိုင်တယ်။ (ဟီးးး)

စိတ်ပျက်နေမိတာက -
စကားပြောရမှာကို သိပ်စိတ်ပျက်နေမိတယ်။ စကားတွေနဲ့ ကားတတ်တဲ့လူတွေကြားမှာ မနေချင်ဘူး။

စွဲလန်းနေမိတာက -
အလုပ်တွေကို မြန်မြန်ပြီးစေနိုင်သော၊ ကျောင်းသင်ခန်းစာတွေကို မှတ်မိစေနိုင်သော၊ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ပေးသော Someone

လိုအပ်နေတာက -
ဆူသံငေါက်သံတွေမကြားရတာကြာပြီ။ အဲဒီဆူသံငေါက်သံတွေက သိပ်ချိုမြိန်တာပဲ။

ရောက်နေတဲ့နေရာက -
ရပ်နေဆိုတဲ့ နေရာမှာပဲ ရပ်နေရတာ။ ရှေ့ဆက်လဲ မတိုးရဘူး။ ရပ်စောင့်နေဆဲ။

နက်နက်နဲနဲပြန်စဉ်းစားနေမိတာက -
သိပ်အားနာတတ်တဲ့ အကျင့်ကြောင့်ပဲ စိတ်မထိခိုက်သင့်တာတွေ ထိခိုက်ပြီး လူတွေကို စိတ်ကုန်သွားပြီး လူတော်တော်များများရဲ့ အဝေးဆုံးကို အမြဲပြေးထွက်သွားလေ့ရှိသူလို့ သုံးသပ်မိတယ် ကိုယ့်ကိုယ်ကို။
တက်ဂ်ပို့စ်လေးတော့ ရေးပြီးသွားပြီ။

ရိုးမြေကျ
(25.3.2013,9:00PM)

Monday, March 18, 2013

မုခဝေဒနာ



    ယနေ့သည် သူ့ကို သူမကိုယ်တိုင် Unfriend လုပ်သွားသော ခြောက်လတိတိပြည့်သည့်နေ့ပင် ဖြစ်သည်။ သူ့ဒဏ်ရာသည် ထိုစဉ်ကလောက် မနာကျင်တော့ပေမယ့် အမာရွတ်လေးတော့ ကျန်နေသေးသည်။ ဘယ်လိုတောင်းပန်၍မှ မရနိုင်သော သူ့ရဲ့ နောက်ပြောင်မှုကို သူမက နောင်ကျဉ်သွားအောင် ဆုံးမချင်၍လား၊ သူ့ကို တကယ်နာကျည်းသွား၍လား သေချာမပြောတတ်ပေမယ့် သူနောက်တစ်ကြိမ် friend request လုပ်သည်ကို ပြန်လက်မခံဘဲ ရှိသည်မှာလဲ ခြောက်လနီးပါးရှိပြီ။ သူက အင်မတန်ပျော်တတ် စတတ်နောက်တတ်သူ တစ်ယောက်ဖြစ်သည်။ ထိုပျော်တတ်ခြင်း စနောက်တတ်ခြင်းကပဲ သူ့ကို သူမစွန့်ခွာထားခဲ့သည်။ သူမ notification တွေ မမြင်ရတော့သောအခါ သူနေ့ရက်တွေသည် အထီးကျန်ဆန်လာသည်။ အိပ်ရာမှနိုးထလာတိုင်း ထို unfriend လုပ်ခြင်းသည် အိပ်မက်ပဲဖြစ်ရမည်ဟု သူက တစ်ပတ်လောက် မျက်စိမှိတ်ယုံကြည်နေခဲ့သေးသည်။ ထို့နောက်မှာတော့ အမှန်တရားကို ရင်မဆိုင်ချင်၍လဲ မရတော့။ သူ့ friend list ထဲတွင် သူမမရှိတော့။ သူဖေ့ဘုတ် မသုံးချင်တော့ ၍ ရက်နှစ်ဆယ်နီးပါးလောက်ပိတ်ထားလိုက်သည်။ ဒါပေမယ့် သူမအကောင့်ကိုတော့ တခြားနာမည်တစ်ခုနှင့် အမြဲဝင်ကြည့်ဖြစ်သည်။ သူ့ကို unfriend လုပ်ပြီး ငါးရက်လောက်အထိ သူမလဲ ဖေ့ဘုတ်ကို မသုံးဘဲ ပစ်ထားသည်။ သူမ မအား၍လား။ မဟုတ်ပါစေနဲ့။ သူ့အပေါ် အားနာသွား၍ စိတ်မကောင်းဖြစ်၍ မသုံးခြင်းပဲဟု သူက ယုံကြည်ချင်ပါသည်။ ယုံကြည်ခွင့်ပြုပါ။ ထိုယုံကြည်မှုသည်လဲ အမှန်တရားပင်ဖြစ်ပါစေ။
          ခြောက်ရက်မြောက်နေ့မှာတော့ သူမသည် အရင်အတိုင်းပဲ ဟာသပို့စ်တွေကို ရှဲသည်။ ဖေ့ဘုတ်နှင့် ပတ်သက်၍ သူမက ဘာမှမဖြစ်ပေမယ့် သူ့မှာသာ ဖေ့ဘုတ်ဝေဒနာ ရခဲ့သည်။ သူ့နာမည်နှင့် အကောင့်ကို ဝင်သုံးရမှာကိုပင် ကြောက်ရွံ့လာသည်။ လုပ်ဖော်ကိုင်ဖက်တွေအားလုံးသိသည့် ကိစ္စအတွက် သူကရှက်နေခြင်းလားဆိုတာလဲ ကောင်းကောင်း မဝေခွဲတတ်။ အွန်လိုင်းမှာ သူကိုယ်ရောင်ဖျောက်နေလိုက်သည်။ ထိုအခါ သူဘာတွေခံစားနေရလဲဆိုကာ သူ့သူငယ်ချင်းတွေက စိတ်ပူကြသည်။ သူကတော့ အားလုံးကို ဂရုမစိုက်နိုင်ပဲ နေ့စဉ် သူမဘာလုပ်တယ် ဘာပို့စ်တွေ ရှဲတယ်ဆိုတာကိုသာ ချောင်းကြည့်သူဖြစ်နေခဲ့သည်။
          သူ့ကို ဘာ့ကြောင့် unfriend လုပ်လိုက်သည်ဆိုသည့်အချက်ကို သူကရှာဖွေရသည်။ သူကိုယ်တိုင် စနောက်မိသည့် အပြစ်လေးတစ်ခုရှိပေမယ့် ထိုအပြစ်လောက်နှင့်တော့ သူ့ကို စိမ်းကားရက်စက်မှာ မဟုတ်ဖူးဆိုပြီး သူက နည်းနည်းမာန်တက်ချင်နေသေးသည်။ လုပ်ဖော်ကိုင်ဖက်တွေမှ တစ်ဆင့်နောက်ဆုံးသိလိုက်ရသော အမှန်တရားမှာ ထိုအပြစ်လေးသည် သူ့ကို ကြိုးစင်တက်ရလောက်သော အပြစ်ကို ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူက လုပ်ဖော်ကိုင်ဖက်တွေကို နားပူနားဆာတိုက်ကာ သူ့ request ကို ပြန်လက်ခံပေးဖို့ တိုက်တွန်းပေးရန် အကူအညီတောင်းမိသည်။ သူမ။ သူမက တစ်ခြားသူပြောတိုင်း လွယ်လွယ်လက်ခံတတ်မည့်သူမျိုးမှ မဟုတ်တာ။ သူကရော။ သူကိုယ်တိုင်ကရော အကူအညီတောင်းပြီးဖြစ်ပေမယ့် သူမစိတ်ထဲမပါဘဲ သူများတိုက်တွန်းမှုကြောင့် သူ့ကို ပြန်လက်ခံမည့် အဖြစ်ကိုတော့ လက်မခံနိုင်ဘူးဖြစ်နေသည်။
                   တွေဝေပါ။ စိတ်ကြိုက်တွေဝေပါ။
          သူမကို စိတ်ကြိုက်တွေဝေခွင့်ပေးလိုက်သည်။ သူက ဖေ့ဘုတ်မှာ သူမအတွက် ပျော်တော်ဆက်တစ်ယောက်သာဖြစ်ခဲ့သည်။ သူမကို နောက်တစ်ကြိမ် ပျော်တော်ဆက်ခွင့်မရသေးခင်မှာ သူရွေးချယ်လိုက်သည်က သူ့သူငယ်ချင်းအကောင့်ဖြင့် ဖေ့ဘုတ်သုံးခြင်းသာဖြစ်သည်။ friend list ထဲတွင် သူမနာမည် ရှိသော သူငယ်ချင်းဆီ တောင်းတောင်းပန်ပန်ဖြင့် ထိုအကောင့်ကို တောင်းယူရသည်။ ဒီလိုနှင့် သူသည် သူမကိုယ်တိုင် မရိပ်မိသော ချောင်းကြည့်သူတစ်ယောက်ဖြစ်လာခဲ့သည်။
          ဖေ့ဘုတ်အပေါ် စွဲလမ်းမှုသည် သူမအပေါ် စွဲလမ်းခြင်းတစ်မျိုးသာဖြစ်သည်။ သူမ notification မတွေ့ရသော သူ့နေ့ရက်သည် အလွန်အထီးကျန်ဆန်ပါသည်။
          ဖေ့ဘုတ်ဝေဒနာ အစကို ပြောရမည်ဆိုလျှင်…………….
          သူ့အဖြစ်က  Mark Zuckerberg ကို ဦးညွှတ်ရမည်လား ၊ အပြစ်တင်ရမည်လားပင် မဝေခွဲတတ်တော့။ ဖေ့ဘုတ်လို့ဆိုလိုက်လျှင် လူကြီးရော လူငယ်ရော စွဲလမ်းကြတာ အမှန်ပင်။ မစွဲလမ်းပါဘူးဟု မညာချင်ပေမယ့် တကယ်တကယ့် ယခုကဲ့သို့စွဲလမ်းလာရခြင်းအကြောင်းမှာတော့ သူမကြောင့်ပင် ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခွဲကျော်လောက်က သူ့ကိုယ်ပိုင် ဖေ့ဘုတ်အကောင့်တစ်ခု ဖန်တီးခဲ့ပေမယ့် သူက ထိုဖေ့ဘုတ်ကို စွဲစွဲလန်းလန်း မသုံးဖြစ်ခဲ့ပါ။ သူမကို သံယောဇဉ် လေးလေးနက်နက်ဖြစ်ပေါ်ခဲ့ပြီးနောက်မှာတော့ သူက ဖေ့ဘုတ်မှာ သူမနာမည်နှင့် အကောင့်တွေကို ရှာဖွေသူဖြစ်လာခဲ့သည်။ သူမနာမည်နှင့် အကောင့်ပိုင်ရှင်တွေများမှန်း ထိုအချိန်တုန်းက အံသြစွာ သိခဲ့ရသည်။ သူကလဲ အကောင့်တိုင်းကို Friend Request ပို့ခဲ့သည်။ အကောင့်တစ်ခုခုများ ကြက်ကန်းဆန်အိုးတိုးပြီး သူမများ ဖြစ်နေမလားဆိုသည့် မျှော်လင့်ချက် ယဲ့ယဲ့လေးနှင့်ရယ်ပါ။ ကံဆိုးစွာပင် ဘယ်အကောင့်ကမှ သူ့ request ကို လက်မခံခဲ့ပါ။
          အကြောင်းတိုက်ဆိုင်စွာပဲ ရုံးမှ လုပ်ဖော်ကိုင်ဖက်တွေ၏ အကောင့်များမှ တစ်ဆင့် သူမအကောင့်ကို သူခြေရာခံနိုင်ခဲ့သည်။ ထိုနေ့က သူ့ဘဝတွင် အပျော်ဆုံးလို့ပြောလျှင် သင်တို့က ကဲလွန်းသည်ဟု ထင်ချင်ထင်မည်။ ဝေးကွာလွန်းတဲ့သူနှစ်ဦးအဖို့ နီးနီးလေးဟု ထင်ယောင်ထင်မှား ခံစားစေနိုင်အောင် စွမ်းဆောင်နိုင်သော အရာတွေထဲတွင် ဖေ့ဘုတ်လဲ အပါအဝင်ပင်ဖြစ်သည်။ ထို့ကြောင့် သူက သူမဆီ Friend Request ချက်ချင်းပဲ ပို့ခဲ့သည်။ လက်ခံမှာ မဟုတ်ပါဘူးလေဆိုတဲ့ စစ်မရောက်ခင် မြားကုန်နေသော စိတ်လဲ သူ့မှာ အပြည့်ရှိနေခဲ့သည်။ ဒါပေမယ့် ထိုနေ့ညနေက သူမရဲ့ confirm လုပ်လိုက်တဲ့အခါ သူ့စိတ်ထဲ အရမ်းပျော်သွားခဲ့သည်ဆိုတာ သူမလဲ သိကောင်းသိပါလိမ့်မည်။
          သူမနှင့်သူ friend ဖြစ်သွားသည့်နောက်မှာတော့ သူက status တွေအမြဲတင်သည့်သူဖြစ်လာသည်။ တစ်ခါတစ်ရံ status တွေက သီချင်းစာသားတွေပါသလို ဟာသဆန်ဆန်နောက်ပြောင်ရေးထားတာတွေလဲ ပါသည်။ တစ်ခါတစ်ရံ သူ့ရဲ့ စိတ်ညစ်ညူးမှုများလဲ ပါသလို မြူးထူးပျော်ရွှင်မှုများလဲ ပါသေးသည်။ တနေ့တာ၏ စိတ်ခံစားချက်များကို သူမသိပါစေဟူသော ရည်ရွယ်ချက်သေးသေးလေးလဲ ပါသေးသည်။ များသောအားဖြင့်တော့ ဟာသဆန်ဆန်နောက်ပြောင်ထားသည့် စာတွေသာများပါသည်။ ထိုစာတွေဖတ်ပြီး တနည်းတဖုံသူမကို အပျင်းပြေစေချင်ခဲ့သည်။
          ဖေ့ဘုတ်မှာ သူရေးထားတာတွေ ဖတ်ကြည့်ဖူးလားဟု သူမကို သူမေးခဲ့ဖူးသည်။ ဖတ်မကြည့်ဖြစ်ဘူး။ ဝင်မကြည့်ဖြစ်ဘူးဆိုသည့် အားငယ်စရာ စကားတစ်ခွန်းပဲ ကြားခဲ့ရပေမယ့် ထိုစကားမမှန်ကြောင်း သူမကိုယ်တိုင် သက်သေပြသွားသည်။ ထိုနေ့က တခါမှ မမြင်ဖူးသော လူတစ်ယောက်ကြောင့် သူစိတ်ညစ်နေခဲ့သည်။ ထိုစိတ်ညစ်မှုကိုဖြေဖျောက်ချင်၍တော့ မဟုတ်ပေမယ့် သူက သူမကို ဖေ့ဘုတ်မှာ လွန်လွန်ကျူးကျူးနောက်ပြောင်မိသွားသည်။ သူမ ဓာတ်ပုံလေးကိုကြည့်ရင်း သူက သဘောကျနေမိသည်။ ထိုဓာတ်ပုံလေးနှင့် ပတ်သက်၍ စနောက်မိတော့ နောက်ဆုံး unfriend လုပ်ခြင်းဖြင့် အပြစ်ပေးခံလိုက်ရသည်။ unfriend လုပ်ခံရမှန်း ချက်ခြင်းသိလိုက်တော့ သူ့ရင်ထဲ တစ်ဆစ်ဆစ်နာကျင်လာပေမယ့် သူ့ပို့စ်တွေ အမြဲဖတ်တယ်ဆိုတာ ထိုလုပ်ရပ်က ဝန်ခံသွားမှန်း နောင်တွင် တဖြည်းဖြည်း သိလာရသည်။
          သူမကိုယ်တိုင် စိတ်လိုလက်ရ ပြန်လက်ခံမည့်နေ့ထိ သူစောင့်ပါမည်။ သူမကို ပျော်တော်ဆက်ခွင့်ရမည့်နေ့ကို စောင့်ပါမည်။
          ထိုစောင့်ဆိုင်းနေစဉ်ကာလအတွင်းမှာတော့ သူသည် ချောင်းကြည့်သူတစ်ဦးမျှသာ……………………


          
ရိုးမြေကျ(မုံရွာ)
(18.3.2013, 10:30PM)
                                                                           

စာရေးသူနဲ့ ခင်တဲ့ညီမလေးတစ်ယောက်ကလဲ ဘလော့တစ်ခုလုပ်ထားပါတယ်။ မိတ်ဆက်ပေးပါရစေ။စာရေးသူရဲ့ စာတွေကို အားပေးသလို ညီမလေး ထိုက်ထိုက်သုန် ရဲ့ ဘလော့ကိုလဲ လက်တွဲခေါ်ပေးကြပါလို့ တောင်းဆိုပါရစေ။