Friday, February 8, 2013
ချောကလက်သံယောဇဉ်
     အံဆွဲထဲက ချောကလက်ဗူးလေးကို မြင်တော့ သူ့ရင်မှာ အမျိုးအမည်တိတိပပ ပြော၍ မရနိုင်သော ဝေဒနာက အစပြန်ပေါ်လာသည်။ ဒီချောကလက်ဗူးလေးက ပိုင်ရှင်ဆီရောက်ပါ့မလားဆိုတာ သူ မဝေခွဲနိုင်။ ထိုချောကလက်ဗူးလေးသည် သံဗူးလေးဖြစ်သည်။ မျက်နှာပြင်တွင် ချောကလက်အလုံး ပုံသဏ္ဍာန် အဖုအထစ်ကလေးသည် လက်နှင့် စမ်းကြည့်မှသိသာသည်။ ထိုဗူးလေးထဲတွင် ချောကလက် အလုံးလေးတွေပါမည် ထင်သည်။ ထိုပုံသဏ္ဍာန်ချောကလက်ဗူးမျိုး သူနှစ်ကြိမ်ဝယ်ဖူးပေမယ့် ထိုထဲက ချောကလက်လုံးလေးတွေ၏ အရွယ်အစားကို သူ တိတိကျကျ မခန့်မှန်းနိုင်သလို အရသာကိုလဲ မမှန်းဆတတ်ပါ။ သူသည် ချောကလက်များနှင့် ရင်းနှီးကျွမ်းဝင်ပါသည်။ ပိုမှန်အောင်ပြောရလျှင် ချောကလက်ဝယ်ခြင်းနှင့် ရင်းနှီးကျွမ်းဝင်ပေမယ့် ချောကလက်အရသာနှင့်တော့ လက်ရှိအချိန်ထိ အမှန်တကယ် သူစိမ်းဆန်နေဆဲဖြစ်သည်။ လွန်ခဲ့တဲ့ သုံးလက ရန်ကုန်ကို သူ အလုပ်ကိစ္စနှင့် သွားစဉ် shopping center တစ်ခုမှ ထိုဗူးလေးကို သူ ဝယ်လာခြင်းဖြစ်သည်။ စူပါမားကက်တွေ ရောက်တိုင်း သူ့ခြေလှမ်းတွေကို အဆွဲဆောင်ဆုံးနေရာမှာ ချောကလက်များထားရာ နေရာဖြစ်သည်။ အရောင်အသွေးစုံလင်သော ချောကလက်များကို သူမြင်တွေ့လိုက်ရလျှင် သူ့ရင်သည် သွေးပွက်ပွက်ဆူသလိုဖြစ်လာသည်။ သူသည် ချောကလက်တွေနှင့်ပတ်သက်လျှင် ရင်ခုန်မြန်သည်။ ဒါပေမယ့် ချောကလက်တွေကို သူမြတ်နိုးခုန်မင်စွာ စားသုံးချင်၍တော့  မဟုတ်။ ထိုသို့ ချောကလက်တွေနှင့် အကျွမ်းတဝင်ဖြစ်ခဲ့ရခြင်းမှာ သူမကြောင့်ဖြစ်သည်။ ချောကလက်မြင်တိုင်း ရင်ခုန်သံမြန်လာရခြင်းမှာလဲ သူမကြောင့်ဖြစ်သည်။
          “ကျွန်တော်တို့တွေ့ဆုံတဲ့အခါတိုင်း မ အတွက် ချောကလက်ယူလာခဲ့မယ်။”
          လွန်ခဲ့သည့် ကိုးလခန့်က ဖုန်းထဲကနေတစ်ဆင့် သူ သူမကို တိုးတိုးလေးပြောခဲ့ခြင်းဖြစ်သည်။ သူမက ချောကလက်အရမ်းကြိုက်သည်ဟု သူ သိလိုက်ရကတည်းက သူမစားမည့် ချောကလက်တွေသည် သူ ဝယ်ပေးသော ချောကလက်များပဲ ဖြစ်ရမည်ဟု တစ်ထစ်ချယုံကြည်စိတ်ချချင်ခြင်းသည် သူ၏ အဖြူရောင် အတ္တသာဖြစ်သည်။ ထိုတိုးတိတ်သော စကားတစ်ခွန်းသည် ချောကလက်သိပ်ကြိုက်သော သူမအတွက် နှလုံးသားနှင့် ပေးခဲ့သော ကတိဆိုလဲမမှား။ သူက ထိုစကားကို ဝတ်ကျေတန်းကျေ ပြောခဲ့ခြင်းမဟုတ်ပါ။ သူမအတွက် ထိုကတိစကားကို နှလုံးသားနှင့်ပဲ တည်အောင် သူကြိုးစားပါမည်။ ပြောခဲ့သောစကားအတွက် မဖြစ်မနေဆိုသည့် အခြေအနေထက် သူက နှလုံးသားနှင့် စိတ်ပါလက်ပါ ဝန်ဆောင်မှုပေးချင်ခြင်းဖြစ်သည်။ ထိုညလေးမှာ ပြောခဲ့သော စကားသည် အများအမြင်မှာ ချောကလက်နှင့် ပတ်သက်လျှင် သွေးဆူသူ၊ရူးသွပ်သူဟု ပြောရလောက်အောင် သူကပြောင်းလဲသွားခဲ့သည်။
          သူမကို ပထမဆုံးလက်ဆောင်ပေးခဲ့သော ချောကလက်ကို သူက မမြင်ဖူးခဲ့ပေ။ ဘာ့ကြောင့်လဲဆိုတော့ သူ့သူငယ်ချင်းတစ်ယောက်ကိုပဲ ဝယ်ခိုင်းပြီး သူမဆီ အရောက်ပို့ခဲ့တာဆိုတော့ သူ မမြင်ဖူးလိုက်ပါ။ ထိုချောကလက်သည် အသဲပုံလေးတွေဆိုတာပဲ အကြမ်းဖျင်းသူ သိရသည်။ ထိုချောကလက် သူမ ရပြီးချိန်မှာ သူ့ဆီ ပို့ပေးခဲ့သော မက်ဆေ့ချ်ကို သူက အခုထိ အမှတ်တရသိမ်းထားဆဲ။ ဒုတိယအကြိမ်ပေးသော ချောကလက်ကတော့ သူကိုယ်တိုင်သွားဝယ်ခြင်းဖြစ်သည်။ သူတို့မြို့လေးမှာ ချောကလက်နှင့် ပတ်သက်၍ စိတ်ကြိုက်ရွေးချယ်ရလောက်အောင် ဆိုင်များများစားစားမရှိပါ။ ထိုမရှိသည့်အထဲကပဲ အကောင်းဆုံးဖြစ်မည်ထင်သည့် ချောကလက်ကို သူမအတွက် ရွေးချယ်ပေးခဲ့သည်။ ထိုချောကလက်သည် ချစ်သူများနေ့လက်ဆောင်လဲ ဖြစ်ခဲ့ပါသည်။
          တတိယအကြိမ်ကတော့ သူမန္တလေးကို ရောက်စဉ် City Mart မှ သူ စိတ်ကြိုက်ဝယ်ခဲ့သည်။ မှတ်မှတ်ရရ ချောကလက်သိပ်ကြိုက်သော မေမေ့အတွက်ပါ သူမနှင့် အမျိုးအစားတူ ဝယ်လာခဲ့သည်။ ချောကလက်နှင့် ပတ်သက်၍ အရသာပြောရမည်ဆိုလျှင် မေမေ သူ့ပါးစပ်ထဲ အတင်းထိုးထည့်၍ စားလိုက်ရသော ထိုအရသာသည် ချိုမြပါသည်။ ထိုချောကလက် ပါးစပ်ထဲရောက်ချိန် ဖြည်းဖြည်းဝါးစားကြည့်လိုက်တော့ အထဲမှာ အစေ့တစ်မျိုးထပ်ပါသေးသည်။ ထိုတစ်ခါပဲ သူမအတွက် ပေးသော ချောကလက်ကို သူမြည်းစမ်းကြည့်ဖူးသည်။
          စတုတ္ထအကြိမ်ကလဲ သူ မန္တလေးကို သင်တန်းသွားတက်စဉ် သူမအတွက် လက်ဆောင် လှလှလေးတစ်ခုခု လူကြုံထည့်ပေးချင်ခဲ့သည်။ သူမအတွက် အသုံးဝင်မည့် ပစ္စည်းတစ်ခုရှာနေတုန်း ဖန်ဗူးလေးနှင့် ချောကလက်လုံးလေးတွေက သူ့ကို ဆွဲဆောင်ခဲ့သည်။ အထဲတွင် ရွှေရောင်အပတ်ကလေးတွေနှင့် စုစုပေါင်း ချောကလက်(၁၂)ခုသာ ပါသည်။ ထိုဗူးလေးဆီ သူ့လက်တွေ အလိုလိုရောက်သွားပြီး ချက်ချင်းပဲ သူဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုချောကလက်ဗူးလေးသည် သူမနှင့် တွေ့ဆုံမှု မပါဘဲ လက်ဆောင်ပေးခဲ့သော သူ့၏ ဒုတိယမြောက်ဝန်ဆောင်မှုဖြစ်သည်။
          သူမနှင့် သူ တွေ့ဆုံမှု ခပ်စိပ်စိပ်ဖြစ်လာလေ သူမရသော ချောကလက်များလဲ အရောင်အသွေး အမျိုးအစားစုံလင်လာလေဖြစ်သည်။ တခါတရံ သူမက သူပေးသော ချောကလက်များကို သူမအပေါင်းအသင်းများကို ခွဲကျွေးတတ်သေးသည်။ ထိုအခါမျိုးတွင် သူက စိတ်တိုဒေါသထွက်လာရခြင်းမှာ သူမအပေါ် သီးသန့်ထားသည့် သံယောဇဉ်နက်ရှိုင်းခြင်းကြောင့် ဖြစ်မည်။ သူမအတွက် သူ့ထံမှ ချောကလက်များသည် လိုအပ်သည်ထက် ပိုရနေ၍ စိတ်အနှောင့်အယှက်ဖြစ်မည်ကိုတော့ သူစိုးရိမ်မိသေးသည်။ ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်မှုတွေက အများအမြင်မှာ ခပ်ရူးရူးအပြုအမူဟု ယူဆနိုင်ပေမယ့် သူမရင်ထဲ လှိုက်လှိုက်လှဲလှဲ ခံစားရလိမ့်မည်ဟု သူက တစ်ယူသန်ယုံကြည်နေမိသည်။
           သူသည် ချောကလက်များကို စိတ်တိုင်းကျ ဝယ်တတ်ပေမယ့် သူတို့၏ အမှတ်တံဆိပ် (သို့) အမျိုးအစားကိုတော့ ဘယ်တော့မှ မမှတ်မိတတ်ပါ။ သူလွယ်လွယ်မှတ်ထားတတ်တာက ဗူးပုံသဏ္ဍာန်တွေပါ။ ထိုဗူးတွေပေါ်မှာ ပုံဖော်ထားသော ချောကလက်ပုံလေးတွေကို ကြည့်ကာ ဒီဟာကတော့ စားကောင်းမည်၊ ဟိုဟာကတော့ သိပ်စားမကောင်းလောက်ဟု အမြင်နှင့်သာ ဆုံးဖြတ်ချက်ချတတ်သည်။ ဖြစ်နိုင်မည်ဆိုလျှင် သူ သူမလက်ထဲ ချောကလက် ထည့်ပေးချိန်တွင် သူမကလဲ ချက်ချင်း မြည်းစမ်းကြည့်ကာ အရသာကတော့ ဘယ်လိုရှိတယ်ဟု သူ့ကို ပြောပြထားလျှင် ပိုအဆင်ပြေမည် ထင်သည်။ ဘယ်အမျိုးအစားကိုတော့ ကြိုက်တယ်ဟု ပြောပြထားလျှင် ပိုကောင်းမည်ဟု သူယူဆပါသည်။ ထိုအခြေအနေကိုရောက်ဖို့ သူ့ဘက်က နှစ်ပေါင်းများစွာ စောင့်ရဦးမည် ထင်သည်။
          ချောကလက်အကြောင်းပြည့်ပြည့်စုံစုံပြောဖို့ဆိုလျှင် သူနှင့် သူမ အတူတူပြောမှဖြစ်ပေမည်။ အဘယ့်ကြောင့်ဆိုသော် သူက ချောကလက်တွေ၏ ဒီဇိုင်းပုံစံ၊ဗူးပုံသဏ္ဍာန်တွေနှင့် ဈေးနှုန်းကိုသာသိသူဖြစ်ပြီး သူမကတော့ ချောကလက်တွေ၏ မတူညီသည့်အရသာကို ခွဲခြမ်းစိတ်ဖြာပြောနိုင်မည့်သူဖြစ်သည်။ သူ နှင့် သူမ၏ တွေ့ဆုံမှုအတွက် အရေးကြီးသော ဇာတ်ကောင်များဖြစ်သည့် ချောကလက်များကို သူမြတ်နိုးပါသည်။ တွေ့ဆုံခွင့်ရမှုကို ဘယ်တော့မှ အဆုံးမသတ်ချင်သော သူသည် ကိုယ်တိုင်က ချောကလက် အရသာခုံမင်လာအောင် ကြိုးစားရင်း သူမနှင့် ချောကလက်အရသာများအကြောင်း ဆွေးနွေးခွင့်ရသူ ထပ်ဖြစ်ချင်သေးသည်။
          သူလုပ်လေ့လုပ်ထရှိသည့် အကျင့်စရိုက်တွေထဲ ထပ်တိုးလာသည့်အကျင့်တစ်ခုမှာ  စူပါမားကက်တွေရောက်တိုင်း သူ့ခြေလှမ်းတွေကို ဆွဲဆောင်နိုင်သည့် သူ့သံယောဇဉ်ကို ပုံဖော်နိုင်မည့် ချောကလက်ထားရာကောင်တာများဆီသာ အရင်ဆုံး ဦးတည်မိခြင်းသာဖြစ်သည်။                                                                                                                                                                                                                                                                                                                                                                                                                                      ရိုးမြေကျ(26.1.2013,9:00PM)
Valentine Day အတွက်ရေးတတ်သလိုလေး ရေးကြည့်ထားတာ။
13 comments:
Phyu Lwin said...
khin said...
ချောကလက်ကလေးတွေကို လာချောင်းသွားပါတယ်
မိုးနတ်ကြယ်စင် said...
မ ရေ.......................
Valentine Day အတွက်ရေးတတ်သလိုလေး ရေးကြည့်ထားတာကို
ညလေးလဲ ဖတ်တတ်သလို ဖတ်ကြည့်လိုက်တော့ လောလောလတ်လတ်
ခံစားမိသွားတာက ချောကလက်အနံ့လေးပါပဲ :P
နှာခေါင်းထဲကို တိုးဝင်လာတယ်...သူ့အနံ့က အားးးးးးးးးးး ချောကလက်ရေ...
နင်ဘယ်မှာလဲ ငါနင့်ကို စားချင်တယ်.....:D
စတာပါ မရေ...မ ရေးထားတာလေးက ကောင်းပါတယ်...
အမှန်ပြောရရင် ညလေးလဲ ဇာတ်လမ်းပုံစံကျကျကြီးထက်
ခုလို ဇာတ်လမ်းမကျတကျ အက်ဆေးဆန်ဆန်ရသစာလေးတွေကို
ပိုပြီး နှစ်သက်မိတယ်....:)
သတိရနေပါတယ်....ချစ်မ..
ဒီနှစ် ဗယ်လင်တိုင်းဒေးမှာ ချစ်သူနဲ့အတူတူ ဘယ်သွားလည်ဖို့
စီစဉ်ပြီးပြီလဲ Ahakhak :)
ချစ်တဲ့ ညလေးမိုးနတ်
Anonymous said...
ချော့ကလက် အရမ်းကြိုက်။ dark chocolate ကိုပိုကြိုက်တယ်။ ဗယ်လင်တိုင်းအတွက်စောပါသေးတယ် ညီမလေးရ။ ကြည့်ရတာ နောက်တစ်ခုတင်ဦးမယ်ထင်တယ်။
ဗယ်လင်တိုင်းအတွက် ဘယ်သူမှ ဘာမှ မပေးဖူးဘူး။ ( ရည်းစားလုံးဝမထားဖူးဘူးလို့ ကြော်ငြာလိုက်တာ ဟီးးး) ။
အသက်ကဖြင့် တဝက်ကျိုးပြီ။ ခုထိ ကားမှတ်တိုင်မှာ မျှော်လင့်ချက်ကင်းမဲ့စွာနဲ့စောင့်နေရတုန်းဘဲ။
လေးစားစွာဖြင့်
လရိပ်အိမ်
မင်းအရိပ် said...
ကျွန်တော်တော့ ချောကလက်မကြိုက်ဘူးဗျာ
ရင်ပူသလားလို့ :P
ညီလင်းနိုင် said...
ရိုးမြေလေးက ချောကလက်အကြောင်း
ထဲထဲဝင်ဝင် သိနေပြီ ဆိုတော့ .....
မရိုးတော့ဘူး.....
အဟဲ....
ချောကလက် သံယောဇဉ်တွေထဲ ပျော်ဝင် စီးမျောခဲ့တယ် ညီမလေး။
စံပယ်ချို said...
ချောကလက်တွေရောင်းကောင်းတော့မယ်
စစဖတ်ချင်းဘယ်သူ့ဇာတ်လမ်းလဲမသိတွေးမိသေးတယ်
လရိပ်ကတော့ ကားမှတ်တိုင်မှာပဲတဲ့ ကားစောင့်တုန်း
ကေသီရော?????????????
roseayemaung said...
မရိုး....ေ၇ချောကလက်စားလို့၇သေးဘူး သွားပိုးကိုက်နေလို့.
ချစ်စံအိမ် said...
ချောကလတ်ကို ကြိုက်တယ်လည်းမဟုတ် မကြိုက်ဘူးလည်းမဟုတ် ၀ိတ်တက်မှစိုးတာကြောင့် ရှောင်ထားရတယ် :)
Anonymous said...
ချောကလက်အကြောင်းကို ဒီထက် စုံစုံလင်လင်ပြောပြနိုင်မယ့် ရက်လေးကို စောင့်နေတယ်နော် ညီမလေး ...ချောကလက် ၀ယ်တတ်တဲ့ ကောင်လေးနဲ့ပေါ့ :)
အိပ်မက်ကောင်းကင် said...
အရေးအသားလေးတွေကတော့ အတုယူစရာကောင်းလှပါတယ်
Valentine's Day အတွက်ကိုလည်း ရင်ခုန်အောင်ရေးထားတာ တော်တော်ကောင်းတယ် ရိုးမြေကျလေးရေ
ကျွေးမဲ့သူမရှိတော့ ချောကလက်ပုံလေးကိုပဲ ငေးသွားတယ်နော် ဟိဟိ
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)
dragon.f4.flower said...
ချောကလက်တော့ ကြိုကိတယ်ဗျ..ဘယ်တစ်စိတ်က ပိုကောင်လည်းဆိုတာကို သိလို့ရလားနော ပြီရင် ချစ်သူကိုပြန်ဝယ်ပေးချင်လို့ပါ (dragon)
Unknown said...
ရေးတတ်သလိုရေးတာကလဲ ကောင်းလိုက်တာ။ ကျနော့်ကတော့ ချောကလက်ကိုမုန်းပါတယ်။ ဟီးးးးးးးးးးးးးးး ကြိုက်ဘူးးးးးးးးးးးးးး :P
Post a Comment
ဟိတ် အမယ်မယ် တိုးတိုးတိတ်တိတ်ပဲ စာဖတ်သွားဖို့မကြံနဲ့။ တခုခုတော့ ပြောခဲ့ပါဦး။