မယ့်
လွန်ခဲ့တဲ့ (၁၀)ရက်လောက်က မယ့်ရဲ့ “အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်”ကို ကျနော်နဲ့ အရမ်းခင်တဲ့အစ်မတစ်ယောက်လိုချင်လို့ မုံရွာမြို့ရဲ့ စာအုပ်ဆိုင်တွေမှာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ရှာခဲ့မိတယ်။ ကျနော့်ရဲ့ အားထုတ်မှုဟာ အချည်းအနှီးပါပဲ။ ဘယ်လိုမှရှာမရတဲ့အဆုံး မန်းလေးမှာ ကျောင်းတက်နေတဲ့ ညီမဝမ်းကွဲတစ်ယောက်ကို မှာရတယ်။(ကျနော့်အတွက် တစ်အုပ်၊အစ်မအတွက် တစ်အုပ်ပါ။) (၁၉.၂.၁၃) ကတော့ ညီမဝမ်းကွဲက နဂါးစာပေကနေ ဝယ်ပြီးသွားပြီဆိုတဲ့ သတင်းစကားလေးက ကျေနပ်စရာပါ။ (၂၀.၂.၁၃)မှာ ညီမလေးက အဒေါ်ရဲ့ မိတ်ဆွေလူကြုံနဲ့ စာအုပ်လေးနှစ်အုပ် ထည့်ပေးလိုက်ပါတယ်။ (အဒေါ့်မိတ်ဆွေက မိုးညှင်းသံမ္ဗုဒ္ဓေရွာမှာ နေတာပါ။မုံရွာမြို့နဲ့ မိုးညှင်းရွာက အနည်းဆုံး ၆မိုင်လောက်တော့ဝေးပါတယ်။) အဲဒီအန်တီကြီးက ညမိုးချုပ်မှ မန်းလေးက ပြန်ရောက်မှာဆိုတော့ စာအုပ်ကို ချက်ချင်းမရခဲ့ဘူး။ (၂၁.၂.၁၃) မှာတော့ ကျနော့် အဒေါ်က သူ့မိတ်ဆွေဆီသွားယူပေးမယ်ပြောတဲ့ စကားကို ယုံစားမိလိုက်တယ်။ အဲဒီညနေက ရုံးကနေ အိမ်ပြန်ရောက်တော့လဲ မယ့်စာအုပ်ကို မတွေ့ရဘူး။ သွားမယူရသေးဘူးဆိုတဲ့ စကားနဲ့ပဲ ကျေနပ်လိုက်ရတယ်။ ဒီနေ့(၂၂.၂.၁၃)မှာ ဆက်ဆက်သွားယူပေးမယ်ဆိုတဲ့ အဒေါ့်ကတိစကားမှာ ထပ်ပြီး မှိုင်းမိခဲ့ပြန်တယ်။ ဒီနေ့ညနေပဲ ရုံးကနေ အိမ်ပြန်ရောက်တော့ စာအုပ်အကြောင်းမေးလိုက်တာ မယူရသေးဘူးတဲ့။ မယ့်စာအုပ်နဲ့ တစ်မြို့ထဲ ရှိနေရပေမယ့် နှစ်ည တိတိ ခွဲအိပ်လိုက်ရတယ်။ ကျနော်မကျေနပ်ဖူး။ တကူးတက မန်းလေးက မှာထားရတဲ့စာအုပ်ကို။ ဖေဖေ့ပြောစကားအရ အဲဒီအန်တီကြီးရဲ့ သားက စာအုပ်ကို ကြိုက်လွန်းလို့ တစ်အုပ်ဝယ်ဖတ်လိုက်တယ်တဲ့။ မနက်ဖြန် မုံရွာလာရင် ယူခဲ့မယ်တဲ့။ အဒေါ်က ဖေဖေကနေတစ်ဆင့်မှာလိုက်တာ။
အဲဒီမှာ ဇာတ်လမ်းစတာပဲ မယ့်။ ကျနော့်မှာ စာအုပ်တွေနဲ့ ပတ်သက်တဲ့ ဆိုက်ကို တစ်ခုရှိပါတယ်။ အဲဒါကတော့ ဘယ်သူဖြစ်ဖြစ် (ကျနော်က ကျေကျေနပ်နပ် ခွင့်ပြုထားတဲ့သူမဟုတ်ရင်)ကျနော်မှာထားတဲ့ စာအုပ်ကို ကျနော် မဖတ်ရသေးခင်မှာ အရင်ဆုံးဖတ်ရင် အဲဒီလူကို အလိုလို မုန်းတီးသွားတတ်တာပါပဲ။ ကျနော့်ဆီက စာအုပ်ငှားထားပြီး ပြန်မပေးရင် ကျနော့်စာအုပ်တွေဖတ်ပြီး စာရွက်တွေ ခေါက်ထားတတ်ရင် ကျနော်က အဲဒီလူကို အလိုလို မျက်မုန်းကျိုးတတ်တဲ့ ဆိုက်ကိုပါ။ အခုလဲ ဖတ်ပြီးကြိုက်လွန်းလို့ တစ်အုပ်ဝယ်လိုက်ရတယ်ဆိုတဲ့ စကားက ကျနော့် ဆိုက်ကို ကို လှုပ်နှိုးတယ်။ ဒါနဲ့ ချက်ချင်းပဲ ဖေဖေ့ကို “သမီးမှာထားတဲ့စာအုပ်ကို သမီးထက်ဦးအောင်အရင်ဖတ်ရင် သမီးမကြိုက်ဖူး။မိုးညှင်းသွားမယူနိုင်ရင်လဲ သမီးဟာသမီး စာအုပ်ဆိုင်သွားပြီး ထပ်ဝယ်လိုက်မယ်။” လို့ပြောပြီး ချက်ချင်းပဲ ဆိုင်ကယ်နဲ့ မုံရွာမြို့ရဲ့ စာအုပ်ဆိုင်တွေကို ထပ်သွားတယ်။ ရောက်လောက်ပါပြီဆိုတဲ့ ကောက်ရိုးတစ်မျှင် မျှော်လင့်ချက်နဲ့ပါ မယ့်။ အောင်မင်္ဂလာစာပေ၊ ချင်းတွင်းအိမ်စာပေ၊ အဓိပတိစာပေ၊ ရွှေတေးသံစာပေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်မေးပေမယ့် မရောက်သေးဘူးဆိုတဲ့ စကားတွေနဲ့ ရောင့်ရဲခဲ့ရတယ်။ စိတ်တိုလွန်းလို့ မျက်ရည်တောင် ဝဲမိတယ်။ လိုချင်တဲ့ စာအုပ်မရရင် မုံရွာကို စိတ်နာပါတယ်။
စာအုပ်ဆိုင်ကနေပြန်ရောက်တော့ အဒေါ့်ဆီ ဖုန်းဆက်တယ်။ အဒေါ်က ဖုန်းပိတ်ထားတော့ ပိုစိတ်တိုဒေါသထွက်လာပြီး သူ့အိမ်သွားစောင့်နေမိတယ်။အကြောင်းက ချက်ချင်းပဲ မိုးညှင်းကို စာအုပ်သွားယူဖို့ပါ။ အချိန်က ညနေ(၆)နာရီလောက်ပါ။ အဒေါ်က သူ့ကလေးတွေ ကျောင်းပို့ကျောင်းကြို ထမင်းကျွေးလုပ်နေတာကို စိတ်ရှည်လက်ရှည်ထိုင်စောင့်နေရတယ်။ သူ့ကိစ္စတွေပြီးလို့ မိုးညှင်းသွားမယ်ဆိုပြီး နာရီကြည့်လိုက်တော့ ည(၇)နာရီခွဲနေပြီ။ “ဇွတ်။ဇွတ်။ဇွတ်ပဲ။မနက်ဖန်မနက်ရမှာကို မစောင့်နိုင်ဘူးလား။” ဆိုတဲ့ စကားအဆုံးမှာ “မစောင့်နိုင်ဘူး။ (၂)ရက်စောင့်ခဲ့ပြီးပြီ။” လို့ ဂျစ်တစ်တစ်လုပ်ရင်း ဆိုင်ကယ်နဲ့ မိုးညှင်းရွာကို ထွက်ခဲ့မိတယ်။
တစ်ခါမှ မမြင်ဖူးသေးတဲ့ အန်တီကြီးကို စာအုပ်ဦးဦးဖျားဖျားဖတ်ထားလို့ စိတ်ထဲက အစာမကြေဖြစ်ရင်း သူ့အိမ်ရောက်သွားခဲ့တယ်။ အိမ်ဝင်းလေးထဲ ဝင်ဝင်ချင်း သစ်ခွပန်းတွေ နှင်းဆီပင်တွေ တွေ့လိုက်ရတော့ ပန်းတွေကို မပြုစုတတ်ပေမယ့် ချစ်တတ်တဲ့ ကျနော်က အဲဒီအန်တီကြီးကို ခွင့်လွှတ်ချင်စိတ်ပေါက်သွားပေမယ့် ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို သူ့စကားကြောင့် ချက်ချင်းပဲ ပြန်မျက်မုန်းကျိုးသွားမိတယ်။ “ဘာအရေးကြီးနေလို့ ညကြီးလာယူရတာလဲ။ ဘာစာအုပ်မို့လို့လဲ။အရေးတကြီး နိုင်လိုက်တာ။” ဆိုတဲ့ အန်တီကြီးရဲ့ စကားအဆုံးမှာ ကျနော့် ဒေါသတွေက အလိပ်လိပ်တက်လာတယ်။ ကျနော်မှာထားတဲ့ စာအုပ်ကို ကျနော်သွားယူတာ ဘာကိုယ်ကျင့်တရားများ ဖောက်ဖျက်နေလို့လဲ မယ့်ရယ်။ သူတို့ကို နှောင့်ယှက်တဲ့အပြုအမူလို့ပြောရအောင်လဲ ကျနော်သွားတဲ့ အချိန်က သန်းခေါင်ကျော်မှ မဟုတ်သေးတာ။ ကျနော့်အဒေါ်ကတော့ စာအုပ်တွေနဲ့ ပတ်သက်ပြီး ကျနော့်အကြောင်းသိနေတာဆိုတော့ စကားတွေနဲ့ ဖာထေးလို့ သူ့မိတ်ဆွေကို။ အခန်းထဲက ထွက်လာပြီး ကျနော့်လက်ထဲ ထည့်လိုက်တဲ့ စာအုပ်က တစ်အုပ်တည်းရယ်။ နှစ်အုပ်မှာထားတာလေလို့ ကျနော်ပြောလိုက်တော့ ခပ်တည်တည်ပဲတစ်အုပ်က ကြိုက်လို့ယူထားလိုက်တာ။(ဒါဆို သူ့သားဝယ်ဖတ်တယ်ဆိုတဲ့ စာအုပ်က ဘာလဲလို့ စိတ်ထဲကပဲမေးမိတယ်။) မနက်ဖန် မန်းလေးက လူကြုံနဲ့ မှာထားတဲ့ စာအုပ်ရောက်မှ နောက်တစ်အုပ်ယူပါတဲ့။ ကျနော် နားလည်လိုက်ပါပြီ။ ကျနော် ခက်ခက်ခဲခဲ ရှာဝယ်ထားရတဲ့ စာအုပ်ကို အေးအေးဆေးဆေး ဓားပြတိုက်သွားတာပါ။ လူကြုံယူလာပေးရခြင်းဆိုတဲ့ ထောက်ထားစရာ အချက်သာ ရှိမနေရင် ဒီညမှာ ကျနော်အရိုင်းအစိုင်းတစ်ယောက်လို ပြုမူမိမှာပါ။ ကျနော်ဟာ စာအုပ်တွေနဲ့ ပတ်သက်ရင် ဆိုက်ကို တစ်ယောက်ပါ။ လူယဉ်ကျေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ဖို့ မပီပြင်တဲ့ အောင့်သက်သက် အပြုံးတစ်ပွင့်တော့ ချကျွေးခဲ့ပါသေးတယ်။
လက်ထဲရောက်လာတဲ့ မယ့်စာအုပ်လေးကို ဖွဖွလေးကိုင်ကြည့်မိတယ်။ ဘေးလူတွေအမြင်မှာတော့ ကျနော့်ကို အရူးတစ်ယောက်လို့များ သတ်မှတ်ကြမလားမသိပါဘူး။ စာအုပ်ကို ဆိုင်ကယ်ခြင်းထဲ ထည့်ခဲ့ရမလားလို့ အဒေါ်ကမေးတာကို စာအုပ်ပွန်းသွားမှာဆိုးလို့ လက်ကပဲ ကိုင်ခိုင်းခဲ့ပါတယ်။ မယ့် ကျေနပ်ပါ။ မုံရွာကို ပြန်ရောက်တဲ့ အချိန်ဟာ ည(၈)နာရီခွဲပါ။ ခက်ခက်ခဲခဲနဲ့ ရှာဝယ်ထားရတဲ့ စာအုပ်ဆိုတော့ မယ့်အရေးအသားတွေဟာ ကျနော့်နှလုံးသားကို ကိုင်လှုပ်နိုင်မှာပါ။
ကျနော့်ကိုယ်ကျနော် မိတ်ဆက်ပါရစေ။ ကျနော်ဟာ မြန်မာနိုင်ငံထဲက မြို့သေးသေးလေးမှာနေတဲ့ ဘာမှ မကြီးကျယ်မအောင်မြင်သေးတဲ့ လူငယ်တစ်ယောက်ပါ။ အတွေးအခေါ်တွေလဲ မရင့်ကျက်သေးပါဘူး။ ဒါပေမယ့် စာပေကို ချစ်မြတ်နိုးပါတယ်။ နေ့တဓူဝရှင်သန်နေရတဲ့ ကျောင်းသင်ခန်းစာတွေနဲ့ လုပ်ငန်းခွင်ဖိစီးမှုတွေက ခေတ္တခဏသွေဖယ်ကြည့်ဖို့ ဖေ့ဘုတ်မှာ ကျနော် group ဖွဲ့ပြီး ဖတ်ထားတဲ့စာတွေအပေါ် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြည့်ဖို့ သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ထားပါတယ်။ ကျနော် ဆရာကြီး မဟုတ်ပါဘူး။ ရင်ထဲရှိတဲ့ အမြင်လေးတွေဖလှယ်ချင်ခြင်းရယ်၊ စိတ်ဖိစီးမှုလျော့ပါးချင်ခြင်းရယ်ကြောင့်ဆိုတဲ့ ရည်ရွယ်ချက်သေးသေးလေးပဲ ရှိပါတယ်။ group ကို closed group လုပ်ရမလား secret group လုပ်ရမလား မဝေခွဲနိုင်သေးလို့ရယ် ဖတ်ထားတဲ့ စာအုပ်က လောလောဆယ်မရှိသေးလို့ရယ်ကြောင့် အကောင်အထည်မဖော်ဖြစ်သေးတာပါ။ တကယ်တော့ ကိုယ့်ကိုယ်ကို စာဖတ်ဖြစ်အောင် တွန်းအားတစ်ခုလုပ်ချင်ခြင်းဆိုလဲ မမှားပါဘူးလေ။ ဒီရုံးပိတ်ရက်မှာ မယ့်စာအုပ်ကို အေးအေးဆေးဆေးဖတ်ကြည့်ပြီးရင် စာအုပ်အပေါ် ခံစားရတာလေးတွေကို group လေးမှာ topic တစ်ခုအနေနဲ့ ဦးဦးဖျားဖျား တင်ပါရစေလို့ ခွင့်ပန်ရင်း ဒီညတော့ မယ့် စာအုပ်နဲ့တူတူအိပ်လိုက်ပါဦးမယ်။
ကျနော် ပင်ပန်းနေပြီ မယ့်။
စကားမစပ် ဂျူးရဲ့ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် စာအုပ်တုန်းကလဲ မုံရွာကို အကြီးအကျယ်စိတ်ပျက်ခဲ့ဖူးတယ်။ အခုလဲ ဖေ့ဘုတ်မှာ အစ်မမိုးငွေ့က မယ့် စာအုပ်လေးအကြောင်း တက်ဂ်ပေးထားပေမယ့် အဲဒီရက်တွေတုန်းက ရန်ကုန်မှာ training တက်နေရတော့ ဖေ့ဘုတ်ပို့စ်တွေကို သေသေချာချာ မဖတ်ခဲ့မိတဲ့ ကျနော့်ကို ကျနော်တောင် အမြင်ကပ်မိပါတယ်။ တကယ်လို့သာ အဲဒီတုန်းက အစ်မမိုးငွေ့ တက်ဂ်ထားတာကို မိမိရရဖတ်မိခဲ့ရင် မယ့် စာအုပ်ကို ရန်ကုန်က ချက်ချင်းဝယ်လာလို့ရပါတယ်။ ခုတော့ ကျနော့်အတွက် စာအုပ်ရဖို့ အရမ်းခက်ခဲခဲ့တာပဲ။ သေချာပါတယ် ဒီခက်ခဲတဲ့အခြေအနေတစ်ခုကြောင့် ကျနော့် နှလုံးသားကို ကိုင်လှုပ်တော့မယ့်အရေးအသားတွေ ဖြစ်နေမှာ။ ဒီရက်ပိုင်းမှာ မယ့်ကိုးကို လက်ခံနိုင်ဖို့ မယ်ကိုးကို ပြန်ရှာဖွေနေမိတယ်။
မယ့်ကို နားလည်ဖို့ကြိုးစားနေတဲ့
ရိုးမြေကျ
စာရေးပြီးချိန် ည(၁၀)နာရီ
၂၂.၂.၁၃