Thursday, January 24, 2013

မမ Sweety Snow အတွက် မွေးနေ့အမှတ်တရ




အစိမ်းရောင်တွေ လင်းတဲ့နေ့
ဇန်နဝါရီ(၃၁)…….
ဖြူလွှလွှ နှင်းဝတ်လွှာအောက်
Aquarius တစ်ယောက်ရဲ့ ပေးဆပ်ခြင်းနဲ့
ချိုမြမြ နှင်း စပွင့်တဲ့နေ့
အဲဒီနေ့မှာ
ပန်းစကားတွေလဲ တိုးတိုးဖွဖွလေး ခင်းကျင်းထားလို့
ကဗျာတွေလဲ မထိတထိ ရှိုက်တယ်။
သေချာပါတယ်….
တစ်လောကလုံးလဲ တောထလို့
အစိမ်းရောင်တွေနဲ့ လင်းထိန်နေအောင် နှင်းကို ကြိုဆိုခဲ့မှာ။
ရိုးမြေကျ(24.1.2013, 11:55am)
(အစ်မ စနိုးအတွက် Jan 31 အတွက် မွေးနေ့အမှတ်တရ)
ရေးတတ်သလိုပဲရေးထားပါတယ်။ အမှတ်တရပေါ့နော်။ မွေးနေ့မှာပျော်ရွှင်ပါစေ။

Sunday, January 20, 2013

Aquarius ရင်ခုန်သံ(ဇာတ်သိမ်း)




 



သူ့ခန္ဓာကိုယ်သည် လွတ်လပ်ပေါ့ပါးနေသည်။ သူ့ရင်မှာ အသည်းကွဲခြင်းကြောင့် နာကျင်ခံစားနေရခြင်းလဲ မရှိတော့။ ရင်ထဲစူးစူးနစ်နစ်နှင့် ချစ်ရသူကို ဆုံးရှုံးလိုက်ရသော ဘယ်ဘက်ရင်အုံဆီက နာကျင်မှုသည် တော်တော်ခံရခက်ခဲ့သည်။ ခုတော့ သူသည် ထိုနာကျင်ခြင်းမှ လွတ်မြောက်သွားလေပြီ။ သူက နာကျင်ခြင်းမှ လွတ်မြောက်သွားတော့ တစ်ချိန်က သူချစ်ခဲ့ဖူးသော မိန်းမတွေသည် နာကျင်မှုကို ခံစားနေရသည်ကို သူ့မြင်တွေ့နေရသည်။ အလို အံ့သြစရာကောင်းလောက်အောင် ထိုမိန်းမတွေ၏ အချစ်ကို သူမြင်နေရသည်။ တစ်ခြားယောကျ်ားတစ်ယောက်ကို ဘေးမှာထားရင်း သူ့ကို ရင်ထဲမှ တမ်းတနေသော မိန်းမကနှစ်ယောက် ၊ ရည်မှန်းချက်တွေအိပ်မက်တွေကို အပြစ်တင်ရင်း နာကျင်မှုဝေဒနာကို ခံစားနေရသော အဝေးတစ်နေရာမှ မိန်းမကတစ်ယောက်။ ဘုရား ဘုရား သူသေဆုံးပြီးမှ သူတော်တော်စန်းပွင့်မှန်း အချစ်ကံကောင်းမှန်းသိလိုက်ရသည်။
          မေ ။ သူ့ရဲ့ ဆယ်ကျော်သက်ပထမဆုံး ရင်ခုန်သံကို အသက်ဝင်စေခဲ့သူဆိုလဲ မမှား။ ဒါပေမယ့် မေ့မိဘ၏ ကြွယ်ဝချမ်းသာမှုက သူ့အချစ်တွေကို ဟန့်တားခဲ့သည်။ မေ လက်မခံရင်ဆိုတဲ့အတွေးနဲ့ပဲ အချစ်တွေကို ဖွင့်ဟ မပြောဆိုဘဲ အဖြူရောင်သူငယ်ချင်း အဖြစ်သာရှိနေပေးခဲ့သည်။ သူ့ကို မေ ရင်ခုန်ခဲ့သည်ဆိုတာ ခုမှသိရသည်။ မိန်းကလေးတစ်ယောက်ရဲ့ ရင်ထဲကအချစ်ကို သူမြင်အောင် မကြည့်နိုင်ခဲ့ပါလား။ မေက သူ့မလှုပ်မရှက်ခန္ဓာကိုယ်ကို ကြည့်ရင်း ရင်ထဲက မေးနေသေးသည်။ “ဘဝကို တစ်ဖန်ပြန်မွေးဖွားလို့ရရင် ကုမ်ရာသီဖွားတစ်ယောက်အနေနဲ့ မွေးဖွားချင်သေးလား။” တဲ့။ “ငါဖြေပါရစေ မေ။ နင်ကြားမှာ မဟုတ်ပေမယ့် ငါဖြေပါရစေ။” လို့ သူရေရွတ်လိုက်သည်။ လူသားတစ်ယောက်ပြန်ဖြစ်ခွင့်ရခဲ့ရင်လဲ ကုမ်ရာသီဖွားတစ်ယောက်သာ ဖြစ်ချင်ပါသည်။ စစ်မှန်တဲ့ ချစ်မေတ္တာကိုသာ တန်ဖိုးထားတဲ့ ကုမ်ရာသီဖွားတစ်ယောက်ပဲ ဖြစ်ချင်ပါသည်။ ချစ်သူအပေါ် အရမ်းသဝန်တိုတဲ့ အဖြစ်ကနေ သတိလေးနဲ့ချစ်တတ်သူလဲ ဖြစ်ချင်ပါသည်။ သူ့သဝန်တိုမှုသည် ချစ်သူကို အဝေးဆုံးသို့ ဆွဲထုတ်သွားမှန်း ဒီအချိန်တွင် သူကောင်းကောင်းနားလည်နေပြီ။ ဒါပေမယ့် ဆုလေးတစ်ခုတော့ တောင်းချင်ပါသေးတယ် မေ။ ကိုယ့်ကို ချစ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုလဲ ရိပ်မိသိရှိတဲ့ ကုမ်ရာသီဖွားတစ်ယောက်လဲဖြစ်ချင်ပါသေးတယ် မေ။
          မြတ်။ ဂျပန်မှာ ပညာတွေဆက်ဆည်းပူးရင်း ထိုပညာနှင့်ပင် ထိုနိုင်ငံမှာ အလုပ်လုပ်နေပြီဖြစ်သော မြတ်။ မြတ်က သူ့ကို သူမသိအောင် မောင်လို့ခေါ်ရင်း ရည်မှန်းချက်တွေဖြည့်ဆည်းခဲ့သည်။ ပညာတွေပြည့်စုံသွားတော့လဲ မြန်မာနိုင်ငံမှာ မြတ်ရဲ့ ပညာအရည်အချင်းနှင့် ထိုက်သင့်သော လစာမရနိုင်၍ ထိုနိုင်ငံမှာပင် အလုပ်ဆက်လုပ်နေခဲ့သည်။  သူက မြတ်ကို ချစ်ခွင့်ပန်ခဲ့ပေမယ့် မြတ်က လက်မခံခဲ့။ ငြင်းခဲ့သည်။ သူငယ်ချင်းလိုပဲခင်ကြရအောင်တဲ့။ ခုတော့ မြတ်ရင်ထဲက အချစ်တွေကို သူမြင်နေရသည်။ တကယ်ဆို ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတော့လားမြတ်ရယ် ဟုသာ သူရေရွတ်နိုင်တော့သည်။ ဘယ်လောက်ကြာကြာ သူစောင့်နိုင်ပါသည်။ မြတ်သည် သူ့ရဲ့ ဒုတိယမြောက်ရင်ခုန်သံပါ။ ထိုရင်ခုန်သံကို သူက ပီပီပြင်ပြင် ပုံဖော်ချင်ခဲ့သည်။ သူက ဇွဲမလျော့ခဲ့။ သူ့ရင်ခုန်သံကို romantic ဆန်ဆန် အကောင်အထည်ဖော်ခဲ့သည်။ မြတ်မွေးနေ့မှာ မှတ်မှတ်ရရဖြစ်အောင်လုပ်ပေးခဲ့တာတွေ ခုချိန်မှာ မြတ် တမ်းတနေတာဆိုတော့ သူ့လုပ်ရက် အောင်မြင်သည်ဟု ဆိုရမည်။ သူ သေဆုံးပြီးမှ သူ့ရဲ့ အောင်မြင်မှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့နေရသည်။ သူ ချစ်မြတ်နိုးခဲ့သော မိန်းမတွေ သူ့ကို အရမ်းချစ်မှန်း သူသိရသည်။ အိုဟိုး မြတ်က ကုမ်ရာသီဖွား တစ်ယောက်ရဲ့ ချစ်သူပဲ ဖြစ်ချင်ပါတယ်ဆိုပါလား။
          မြတ်နိုး။ သူ တရားဝင်ချစ်ခွင့်ရသော ထိုမိန်းကလေးကို သူအရမ်း တန်ဖိုးထားခဲ့သည်။ ထိုတတိယမြောက်ရင်ခုန်သံသည် ကျယ်လောင်ခဲ့သည်။ ပြင်းရှခဲ့သည်။ သိုဝှက်နေစရာမလိုဘဲ စောင့်စားနေစရာမလိုဘဲ ပုံဖော်ခွင့်ရခဲ့သော သူ့ချစ်ခြင်းသည် ဖြူစင်ခဲ့ပါသည်။ အရိပ်တကြည့်ကြည့်နှင့် သူ့အချစ်ကို ပုံဖော်ခဲ့သည်။ ထိုပိုင်ဆိုင်ခွင့်ရသော ချစ်ခြင်းကို သူလက်လွတ်အဆုံးရှုံး မခံနိုင်ပါ။ သူ့စစ်မှန်တဲ့ ချစ်ခြင်းကြောင့် မြတ်နိုးဆီက ထပ်တူထပ်မျှ အချစ်ရခဲ့သည်ဟု သူယုံကြည်ပါသည်။ ဒါပေမယ့် သူ့သဝန်တိုမှုက မြတ်နိုးအချစ်ကို ဆုံးရှုံးစေခဲ့သည်။ ထိုညကို မှတ်မိသေးသည်။ ထိုညက မြတ်နိုးတို့ ကုမ္ပဏီက စားသောက်ဆိုင်တွင် Happy New Year လုပ်မည်ဆိုတော့ သူ စိတ်ပူသွားသည်မှာအမှန်ပင်။ မြတ်နိုးတို့ ကုမ္ပဏီမှာ မြတ်နိုးကို ရိသဲ့သဲ့လုပ်ချင်သော ဝန်ထမ်းတစ်ယောက် နှင့် မြတ်နိုးသွားလေရာ တကောက်ကောက် လိုက်နေသော အောင်အောင်ဆိုသည့်ကောင် ရှိသည်။ သူ ဘယ်လိုမှ စိတ်မချနိုင်ခဲ့။ စားသောက်ဆိုင်မှာဆိုတော့ အသောက်အစားပါမည်ကို စိုးရိမ်ကာ သူ့ရင်တွေ အရမ်းပူခဲ့သည်။ သူလိုက်ပို့ပေးမယ်ဆိုတာ မြတ်နိုးလက်မခံတော့ သူ ပိုပေါက်ကွဲတော့သည်။ သူ့နှုတ်မှ “မြတ်နိုး ကို လိုက်မပို့ရရင် မင်းနဲ့ အပြတ်ပဲနော်။” လို့လဲ မြတ်နိုး အပေါင်းအသင်းတွေကြားမှာ အော်ဟစ်ပေါက်ကွဲခဲ့သေးသည်။ ထိုညက သူ့ပေါက်ကွဲမှုကို မြတ်နိုးက စိတ်နာသွား၍ သူ့ကို ဆက်တိုက်အရွဲ့တိုက်ခဲ့သည်။ သဝန်တိုမှုကြောင့် ရခဲ့သည့် ဒဏ်ရာကကြီးလေစွ။ သူ့ကို အဆက်ဖြတ်ကာ အောင်အောင်နှင့် မြတ်နိုး တွဲခဲ့သည်။ မြတ်နိုးကို မေ့ဖို့ကြိုးစားနေတဲ့ အချိန်မှာ သူ့ထံ မကြာမကြာ မက်ဆေ့ချ်ပို့ကာ ကလိကလိဖြစ်အောင်လုပ်ရင်း မြတ်နိုးက သူ့ကို လက်စားချေခဲ့သည်။ မျက်ရည်တွေတွေကျကာ သူဒူးထောက်တောင်းပန်ခဲ့ပေမယ့် မြတ်နိုးရင်ထဲက အမုန်းတွေကို သူမခြေဖျက်နိုင်ခဲ့။ သူ့ထက်တစ်နှစ်ကျော်ငယ်သော အရမ်းဆိုးနွဲ့တတ်သော မြတ်နိုး၏ အရွဲ့တိုက်ကာ လက်စားချေမှုကို ယခုအချိန်တွင် မြတ်နိုးလဲ ခံစားနေရပြီ။ မစားနိုင်မသောက်နိုင်ဖြင့် အသဲကွဲခြင်းဝေဒနာကို သူ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည်။ ရင်ထဲမှ အနာကျက်လောက်ချိန်မှာ မြတ်နိုးက သူ့ဆီ တစ်ဖန်ပြန်လာခဲ့သည်။ သူကတော့ မြတ်နိုး တကယ်ပြန်လာသည်ထင်ကာ သူငယ်ချင်းတွေပြောစကားလဲ နားမဝင်နိုင်ဘဲ ယုံကြည်ခဲ့မိသည်။ ဒါပေမယ့် ထိုပျော်ရွှင်မှုသည် တဒင်္ဂသာဖြစ်ခဲ့သည်။ မြတ်နိုး မင်္ဂလာဆောင် ဖိတ်စာကိုတွေ့တော့ သူ့ရင်ထဲမှ နာကျင်မှုသည် စာဖွဲ့လို့ရမည်မထင်။ ဖိတ်စာတွေ့တာတောင် သူမယုံနိုင်ခဲ့။ ဒါဆို သူက မိန်းမတစ်ယောက်တည်းက အသဲနှစ်ခါခွဲတာ ခံခဲ့ရတာပါလား။ ဒါပေမယ့် သူ့သေဆုံးမှုသည် မြတ်နိုးရင်ထဲက အမုန်းကို ခြေဖျက်ပြီးသားဖြစ်သွားသလို မချစ်မနှစ်သက်သော ယောကျ်ားတစ်ယောက်ကို ဘေးမှာထားရင်း တစ်သက်လုံးသူ့ကို နှလုံးသားထဲ ထည့်သွားရတော့မည့် မြတ်နိုးကို သူ ခွင့်လွှတ်ပါသည်။
          “အော် ကုမ်ရာသီဖွားတစ်ယောက်ရဲ့ ရင်ခုန်သံစည်းချက်ကလွဲခဲ့ပါလား” လို့ ရေရွတ်ငြီးတွားလိုက်တော့ သူ့ခန္ဓာကိုယ်သည် မီးလောင်ကျွမ်းသွားပေပြီ။



စာရေးသူကိုယ်တိုင်က ကုမ်ရာသီဖွားတစ်ယောက်ပါ။ ကုမ်ရာသီဖွားတစ်ယောက်ရဲ့ နှလုံးသားကို စာရေးသူနားလည်ပါတယ်။ ရာသီပုံသင်္ကေတအတိုင်း ကုမ်ရာသီဖွားတော်တော်များများ ပေးဆပ်ကြပါတယ်။ အနားမှာ ရှိနေတုန်း တန်ဖိုးထားမခံရဘဲ ဝေးသွားမှ တသသနဲ့ တမ်းတခံရတဲ့သူတွေပါ။



ရိုးေၿမက်(25.12.2012,9:00PM)