Friday, December 28, 2012

နေရစ်တော့ 2012



ခင်ဗျားယုံမလားတော့မသိဘူး
2012 မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကား
ကျွန်တော် ခုထိမကြည့်ဖူးသေးဘူး
ဒီဇင်ဘာ (၂၁) ရက်နေ့မှာ အဆုံးသတ်မဲ့ မာယာလူမျိုးတွေရဲ့
ပြက္ခဒိန်အကြောင်းလဲ အတွေးနယ်ထဲ တော်ရိရော်ရိတောင် ဝင်မလာဘူး။
ဒါပေမယ့် (2012) ဟာ ကျွန်တော့်အတွက်
လာခြင်းကောင်းခဲ့တယ်……….
ဒါပေမဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ
2012 ဟာ ကျွန်တော့်ကို အဖျားခတ်တယ်….
နေ့ရက်တွေဟာ မွန်းကြပ်ခဲ့
ရင်ရှုပ်စရာ ဝန်းကျင်ကြားမှာ
ဂဏန်းသင်္ချာကြား မြှုပ်နှံလို့
တနင်္ဂနွေ၊တနလာၤ၊ အဂါၤကိုလဲ သတိမမူနိုင်
ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကို ရှာဖွေရင်း
ရှာဖွေရင်း ပျောက်ဆုံးနေသေးပေမယ့်
2013 ကိုတော့ လက်ကမ်းလို့ ကြိုပါရစေ။    ။
ရိုးမြေကျ(26.12.2012,8:52AM)

Friday, December 21, 2012

မမစံပယ်အတွက် မွေးနေ့အမှတ်တရ






ဆောင်းရင်ခွင်ရဲ့ စံပယ်
ဒီဇင်ဘာကို လှပ်ကြည့်တော့
စံပယ်ဟာ ငွားငွားစွင့်စွင့်ပွင့်တယ်……
နဘေတွေနဲ့ ပျိုမျစ်တဲ့ စံပယ်….
ကဗျာတွေနဲ့ ချိုမြိန်ဆဲ စံပယ်……….
လွင်ပြင်နဲ့ အိပ်မက် ကြိုးညှိတဲ့စံပယ်…
အဲဒီစံပယ် အဲဒီစံပယ်ကြောင့်ပဲ
ဒီတစ်ဆောင်းလုံး ရနံ့တွေ သိုသိုဝှက်ဝှက်ပစ်လွှတ်လိုက်တာ
ရိုးမြေကျတဲ့အထိ ကာရန်တွေကို ဖွဖွလေးလိုက်ကောက်ရတုန်း………။                ။
ရိုးမြေကျ (13.12.2012, 9:45pm)
ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ကျရောက်မည့် မမစံပယ်အတွက်မွေးနေ့အမှတ်တရ။ ရေးတတ်သလိုပဲရေးထားတာနော်မမ။
မွေးနေ့မှသည် နှစ်ပေါင်းများစွာအထိ ကဗျာတွေနဲ့ အစ်ကိုလွင်ပြင်နဲ့ ရိုးမြေကျတဲ့အထိ နှစ်ယောက်တစ်အိပ်မက်မက်နိုင်ပါစေမမစံပယ်။

Sunday, December 9, 2012

အတည်ပေါက်နဲ့





           

             ကိုယ်(၈)တန်းကျောင်းသူဘဝတုန်းက သူငယ်ချင်းတစ်ယောက်ကိုယ့်ကြောင့် မျက်ရည်တောက်တောက်ကျအောင် ငိုခဲ့ဖူးတယ်။ အဲဒီဖြစ်ရပ်လေးကိုယ်မှတ်မိနေတုန်းပဲ။ လွန်ခဲ့တဲ့ (၇)နှစ်က ကိုယ်မကျန်းမမာဖြစ်တယ်။ အဲဒီနောက်ပိုင်း အတိတ်ကအကြောင်းအရာတွေကို မမှတ်မိတာတွေတော်တော်များပေမယ့် အဲဒီအကြောင်းအရာလေးတစ်ခုကတော့ ကိုယ့်စိတ်ထဲစွဲနေတုန်းပဲ။ (ကိုယ်အတိတ်မေ့နေတာမဟုတ်ဘူးနော်။ ကိုယ်မမှတ်မိတာ။ တကယ်မမှတ်မိတာ။ တော်တော်များများပြန်စဉ်းစားကြည့်တာတောင်မရဘူး။) ကိုယ်က တစ်ကောင်ကြွက်ဆိုတော့ အပေါင်းအသင်းအရမ်းမက်တယ်။ အိမ်မှာလဲ ကစားဖော်မရှိတော့ ကိုယ်ပျင်းပြီဆို ကိုယ်ခင်တဲ့သူတွေကို စတတ်နောက်တတ်တဲ့အကျင့်ရှိတယ်။ အရမ်းခင်ရင် ကိုယ် စတာခံရပြီသာမှတ်။ အဲဒီအချိန်တုန်းကပေါ့။ ဇာတ်ကားတော်တော်များများမှာ သွေးကင်ဆာခေတ်စားနေတဲ့အချိန်ပေ့ါ။ အဲဒီနေ့ကကျောင်းမှာ ကိုယ်ရေးထားတဲ့စာလေးကို ကိုယ်စနောက်မယ့် သူငယ်ချင်းရှေ့မှာတင် ကိုယ့်လွယ်အိတ်ထဲထည့်လိုက်တယ်။ မိန်းကလေးတော်တော်များများက စပ်စုတတ်တယ်လေ။ အဲဒီအချက်ကို ကိုယ်အသုံးချလိုက်တာ။ စာထဲမှာရေးထားတာတွေက ဆရာဝန်ကပြောတယ်။ ကိုယ့်မှာသွေးကင်ဆာဖြစ်နေပြီပေါ့။ ခြောက်လပဲအသက်ရှင်ရတော့မှာလို့ ရေးထားတာ။ အဲဒီလိုရေးထားတဲ့စာကို အဲဒီသူငယ်ချင်းမြင်သာအောင် လွယ်အိတ်ထဲထည့်ပြီး အပြင်ထွက်သွားဟန်ဆောင်လိုက်တယ်။ ပြီးတော့ တံခါးအကွယ်ကနေ ကျောင်းခန်းထဲ ချောင်းကြည့်လိုက်တယ်။ ထင်တဲ့အတိုင်းပဲ။ မရွှေချောက ကိုယ့်လွယ်အိတ်ထဲက စာကို ခိုးဖတ်နေတယ်။ စာဖတ်နေရင်းနဲ့ မရွှေချောက မျက်ရည်တွေကျလာတယ်။ တကယ်ငိုနေတာ။ အဲတာနဲ့ ကိုယ်က မသိသလိုအခန်းထဲပြန်ဝင်လာတော့ နင်နင်သေတော့မှာဆို။ ခြောက်လပဲနေရတော့မှာလို့ပြောပြီး ဆက်ငိုနေပါလေရော။ အဲဒီကျမှ ကိုယ်လဲ ပျာပျာသလဲရှင်းပြရတယ်။ ငါနောက်တာပါဟာဆိုတော့မှ မရွှေချောက ပြုံးနိုင်တော့တယ်။ ကိုယ့်မှာသာ တဟီးဟီးတဟားဟားနဲ့ သူ့ကြည့်ပြီးရယ်ခဲ့ရတာ။
          နောက်အဖြစ်အပျက်တစ်ခုကတော့ သိပ်မကြာသေးဘူး။ ဒီနှစ် April (၁)ရက်နေ့မှာ အေပရယ်ဖူးလုပ်ခဲ့တာ။ ဘယ်သူ့ကိုမှ အေပရယ်ဖူးမလုပ်ခဲ့ဖူးဘူး။ ဒီနှစ်တော့ တစ်ယောက်ယောက်ကိုတော့ စရမယ်လို့ ကိုယ်ကြံထားပြီးသား။ အဲဒီနေ့က ကိုယ်တို့ရုံးက အစ်မနှစ်ယောက်ပေ့ါ။ ကိုယ့်ကို ညီမတစ်ယောက်လိုပဲခင်ကြတယ်။ သူတို့က ရုံးချုပ်ကအစ်မတွေပေါ့။ လူကို မထိခိုက်တဲ့နည်းနဲ့ ဘယ်လိုနောက်ရမလဲတွေးတော့ အဲဒီအချိန်က ကိုယ် ရုံးမှာ အဆင်မပြေဖြစ်ထားတာလေးရှိတာကို အဲဒီအစ်မနှစ်ယောက်လုံးသိတယ်။ အဲတာနဲ့ အဲဒီနေ့က သူတို့နှစ်ယောက်ဆီဖုန်းဆက်ပြီး အလုပ်ထွက်စာ တင်ပြီးပြီ။ ဒီရုံးမှာတော်တော်အဆင်မပြေဘူး လို့ပြောလိုက်တာ။ ဒါပဲနှုတ်ဆက်တယ်နော်။ဘာညာနဲ့ ချွဲပြပြီး မြန်မြန်ဖုန်းချပစ်လိုက်တယ်။ ဟင်ဒါဆို ငါတို့မတွေ့ရတော့ဘူးပေါ့။စဉ်းစားပါဦးဆိုတဲ့ အစ်မနှစ်ယောက်ပြောတဲ့ စကားတွေတွေးတွေးပြီး ကိုယ် Toilet ခန်းထဲ သွားရယ်ရတယ်။ ကိုယ့်ဆီလဲ ဖုန်းတွေဆက်ကြတာ။ ကိုယ်က သပ်သပ်မကိုင်ဘဲထားတယ်။ နောက်ရက်မှ ဖုန်းဆက်ပြီး အေပရယ်ဖူးလုပ်တာဆိုတော့ ဒေါသထွက်လိုက်ကြတာကိုယ့်ကို။ အဲဒီနောက်ပိုင်း ကိုယ်အလုပ်ထွက်မယ်ပြောရင် သူတို့နှစ်ယောက်မယုံကြတော့ဘူး။ နင်က အလုပ်ကနေ့တိုင်းထွက်နေတာပဲတဲ့။
          နောက်တစ်ခုက ဟိုတလောက ကိုယ့်ညီမလေးနဲ့ အွန်လိုင်းမှာတွေ့တော့ သူက မမ Viber မသုံးရတော့ဘူးတဲ့။ ဆက်သွယ်ရေးကသုံးခွင့်မပြုနိုင်လို့သတင်းတွေပျံ့လိုက်သေးတယ်လေ။ ဒီတော့ သူက မြန်မာနိုင်ငံကြီးလဲ အဖတ်ဆယ်လို့မရတော့ဘူးတဲ့ပြောတာ။ အဲဒီတော့ကိုယ်လဲ ဟာ အဖတ်ဆယ်မရလဲ အရည်လေးတော့သောက်လို့ရသေးတယ်မလားလို့ပြောလိုက်တော့ ခဏတော့ သူကြောင်သွားသေးတယ်။ ဟင် မမ နောက်တတ်မှန်း သမီးခုမှသိတယ်တဲ့။ တော်တော်ပြောင်တတ်တာပဲနော်တဲ့။ ကိုယ့်ညီမတွေကတော့ ကိုယ်စတတ်တာသိပ်မသိဘူး။ သူတို့တွေရှေ့မှာဆို ကိုယ်ကခပ်တည်တည်ပဲနေတာများတယ်ဆိုတော့လေ။ တကယ်တော့ ကိုယ်က အတည်ပေါက်နဲ့………………..
ရိုးမြေကျ(7.12.12, 10pm)