Wednesday, November 7, 2012

ရင်ဖွင့်စာ(၂)



လုပ်ငန်းခွင်ထဲမှာ ဘာအဆင်မပြေတာတွေရှိလဲလို့ မ မေးရင် ကိုယ်မဖြေနိုင်ခဲ့ဘူး။ ကိုယ်မဖြေချင်ခဲ့တာဆို ပိုမှန်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဆီက အပူတွေ မ ဆီကို မကူးဆက်စေချင်လို့ဆိုရင်လည်း မှန်မယ်။ ဒီကုမ္ပဏီမှာ ဆက်လုပ်ဖြစ်နေတာ မ ကြောင့်ဆိုတာလဲ မ ကို မသိစေချင်ဘူး။ ကိုယ်သိုဝှက်ထားပါရစေ။ ဒါပေမယ့် ဒီနေ့လေ ကိုယ် ရုံးမှာ လူတွေနဲ့စကားတွေအများကြီး ပြောရတယ်။ မ တောင်းခဲ့တဲ့ customer information ကိစ္စနဲ့ပတ်သက်လို့ပါ။ ကိုယ်အချိန်မီမပေးနိုင်ခဲ့ဘူးလေ။ ဘာမဆို မ ဘက်ကတောင်းလာရင် ကိုယ့်ဘက်က ချက်ချင်းတုံ့ပြန်ချင်လောက်အောင် ကိုယ် မ အပေါ်အလေးအနက်ထားတာ။ ကိုယ်တို့ရုံးခွဲလေးကဖွင့်တဲ့ အရောင်းပြေစာပေါ်မှာ ဖောက်သည်နဲ့ပတ်သက်တဲ့ လိပ်စာ၊ဖုန်းနံပါတ် အဲဒါတွေ တကယ်မပါတာပါ မ ရယ်။ ကိုယ်လိမ်မပြောဘူး။ မ တောင်းမလာခင်အရင်ကတည်းက customer တွေနဲ့ပတ်သက်တဲ့ data တွေ ကိုယ်စုထားချင်လို့ ကိုယ်တောင်းဆိုခဲ့ဖူးတယ်။ ဒါပေမယ့် မ ယုံမှာမဟုတ်ဘူး။ ကိုယ့်အားထုတ်မှုဟာ တကယ်ကို သဲထဲရေသွန်ဖြစ်ခဲ့ရဖူးတယ်ဆိုတာ မ ယုံနိုင်မှာမဟုတ်ဘူး။ လူတိုင်းမှာ ကိုယ်လုပ်ရမယ့်အလုပ်အပေါ် သစ္စာရှိဖို့ ၊ တာဝန်သိစိတ်ရှိဖို့ဆိုတာ ပါချင်မှပါလာတာ။ ကိုယ် မ အဆူခံရတော့ ရင်ထဲမကောင်းဘူး။(တကယ်တော့ မ ကကိုယ့်ကို ဆူတာလဲ မဟုတ်ပါဘူး။ ကိုယ့်ဘက်က အခြေအနေကို ကိုယ်ရှင်းပြပေမယ့် မ နားမလည်နိုင်တာကို ကိုယ် ဝမ်းနည်းတာ။ ခါတိုင်းဆို ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် မ ဆူငေါက်နေရင် ကိုယ်ကြည်နူးကျေနပ်နေပေမယ့် ဒီတစ်ခေါက်ကိစ္စမှာတော့ မ ကိုယ့်ကို နားမလည်နိုင်တာကို စိတ်မကောင်းတာ။) ကိုယ်အားထုတ်ခဲ့ဖူးပေမယ့် မရခဲ့တာတွေကို မ ကို ရှင်းပြတာကို မ က တအံ့တသြဖြစ်ပြီး တောင်းဆိုရင် လုပ်ပေးမှာပါလို့လဲ ကိုယ့်ရုံးကလူတွေအပေါ် မ ကအထင်ကြီးနေပြန်သေးတယ်။ ဒီနေ့တော့ အဲဒီကိစ္စရဲ့ အကျိုးဆက်အဖြစ် ကိုယ့်ရုံးကလူတွေနဲ့ စကားအခြေအတင်ပြောရတယ်။ ဘာလို့လဲဆိုတော့ ကိုယ် အရောင်းပြေစာတွေပေါ်မှာ ကိုယ်လက်မှတ်မထိုးတော့ဘူးလေ။ customer နာမည်က လွဲရင် ဘာမှ မပါတဲ့ အကြွေးရောင်းပြေစာပေါ်မှာ ကိုယ့်လက်မှတ်မပါတော့ အားလုံးက ထိတ်လန့်တကြားနဲ့။ ပြည့်စုံတဲ့ data ပါရမယ်ဆိုတာကျ နားမလည်ဘဲ လက်မှတ်မထိုးတာကဘဲ ကိုယ့်အပြစ် ဖြစ်သွားတယ်။ တခြား branch က ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလဲ ကိုယ်မေးကြည့်ပြီးသား။ သူတို့တွေလဲ ပြေစာပေါ်မှာ လက်မှတ်မထိုးကြဘူး။ လက်မှတ်ထိုးခြင်းမထိုးခြင်းဟာ ကိုယ့်အတွက် သိပ်ခက်ခဲတဲ့ အလုပ်တော့မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ customer data ကို ကိုယ့်ကို ပြည့်ပြည့်စုံစုံမပေးကြတာ။ ဒီတော့ မ ဆီ အချိန်မီ မပို့နိုင်တာကို ကိုယ် မခံမရပ်နိုင်ဖြစ်တာ။ ပြီးတော့ ကိုယ်အပြောခံလိုက်ရသေးတယ်။ ကိုယ်က ပြေစာပေါ်မှာ customer လိပ်စာ ၊ ဖုန်းနံပါတ် မပါဘူးဆိုတာ ပြောပါလားတဲ့။ လိုအပ်တဲ့ data ပြည့်စုံအောင် မရေးတာ သူတို့အပြစ် မဟုတ်ဘဲ တောင်းမိတဲ့ကိုယ်က အပြစ်ဖြစ်သွားတယ်။ ဒါကြီးကို ကိုယ်က တခုတ်တရ ပြောရမှာလား။ ကိုယ် ပေါက်ကွဲပစ်လိုက်တယ်။ ကိုယ်တို့တွေက ဘွဲ့ရပြီးသား ဘွဲ့ရ ပညာတတ်တွေလို့။ တစ်ခါပြောလဲမရ၊ နှစ်ခါပြောလဲမရ၊ သုံးခါဆို ကိုယ်မပြောချင်တော့ဘူးလို့ ကိုယ်ပေါက်ကွဲပစ်လိုက်တယ်။  ပြောလို့မရရင် ဘာမှဆက်မပြောဘဲ တိတ်တိတ်လေးပဲ နေနေခဲ့တာကြာခဲ့ပြီ။ ရင်ဘတ်ချင်းညှိယူလို့မရမှတော့ ကျောခိုင်းထားလိုက်တာ ပိုမကောင်းဘူးလား မ ရယ်။ တကယ်ဆို မ ကို ချစ်တဲ့ စိတ်နဲ့ ကိုယ့်အလုပ်အပေါ် ကိုယ်တာဝန်ကျေအောင် ကြိုးစားရင်း ကိုယ့်တာဝန်မဟုတ်တဲ့ အလုပ်တွေကို ကိုယ်ကျေကျေနပ်နပ်သင်ယူရင်း လုပ်ငန်းခွင်ထဲမှာ နှစ်မြှုပ်ထားတာကြာခဲ့ပြီ။  ကိုယ့်ရဲ့ ခံစားချက်ကို မသိဘဲ ကိုယ့်ကို တာဝန်တွေဝတ္တရားတွေအကြောင်း တရားလာဟောနေသေးတယ်။ ကိုယ် အော်ရယ်လိုက်ရမလား။ ကိုယ် အခုချိန်ထိ ကိုယ်လုပ်ရမယ့် အလုပ်ကို တစ်ပါးသူကို လွှဲမချဘူးသလို ကိုယ်လုပ်ရမယ့်အလုပ်ကိုလဲ ပေါ့ပျက်ပျက်မလုပ်ခဲ့ဘူးဆိုတာပဲ။ ကိုယ့်လိပ်ပြာ အရမ်းလုံတယ်။ ဒါပေမယ့် ဒီနေ့တော့ ကိုယ် ငိုချင်စိတ်ကို အရမ်းထိန်းခဲ့ရတာ။ ကိုယ်စိတ်ညစ်ရင် ဖွင့်နေကျသီချင်းတွေ တစ်ချိန်လုံးဖွင့်ပြီး လောကကြီးနဲ့ အဆက်အသွယ်ဖြတ်နေလိုက်တယ်။ ကိုယ်မှားလား မ ရယ်။
          ကိုယ် ဒီအလုပ်မှာ စိတ်ဓာတ်ကျနေတာ ကြာခဲ့ပြီ။ ရုံးမှာ သင်းကွဲတစ်ကောင်လို နေနေခဲ့တာလဲ ကြာပြီ။ အရင်က ရန်သူတွေလို နေနေကျသူတွေက ကိုယ့်ရှေ့မှာ ဟန်ဆောင်လည်ပင်းဖက် ပေါင်းနိုင်နေကြတာကို ကြည့်ပြီး လူတွေရဲ့ မာယာတွေ ဟန်ဆောင် မျက်နှာဖုံးတွေအကြောင်း ကိုယ်ထပ်မသိချင်တော့ဘူး။ သီချင်းလေးတအေးအေးနဲ့ ဘယ်သူနဲ့မှ စကားကို အလာပသလာပ မပြောဘဲ စာရင်းတွေထဲ စီးမြောနစ်ဝင်နေတာကြာခဲ့ပြီ။ ကိုယ်တိတ်တိတ်လေးပဲနေပါရစေ။ ကိုယ် လူတွေကို သိပ်ကြောက်ပါတယ်။ နောက်ကျောကို ဓားနဲ့ ထိုးတဲ့ သူတွေကိုလဲ ကိုယ်ကြောက်တယ်။ ရှေ့တည့်တည့်ကနေ ဝင်လာမယ့် စကားဓားလက်နက်တွေကိုလဲ ကိုယ်ကြောက်တယ်။ အရမ်းကလေးဆန်တယ်ဆိုတဲ့ မ စကားက သိပ်မှန်ပါတယ်။ ကိုယ်က ကလေးတွေနဲ့ပဲ ပေါင်းတာများတယ်လေ။ ကိုယ် မာယာတွေ အကြောင်း မလေ့လာချင်ဘူး။ မသင်ယူချင်ဘူး။ ရိုးရှင်းစွာနဲ့ပဲ ဖြတ်သန်းချင်တယ်။ လူဆိုတာ ပေါင်းသင်းဆက်ဆံတတ်ရတယ်လို့တော့ ကိုယ့်ကို မဆုံးမချင်နဲ့။ ဟန်ဆောင်တတ်တဲ့သူမျိုးဆို ကိုယ်က ကြက်ခြေခတ်ပြီးသားပဲ။ တစ်ကွေ့ကွေ့မှာ အသုံးချနိုင်မှာဆိုတဲ့ ကြိုးရှည်ရှည်နဲ့ လှန်ထားတတ်တဲ့သူမျိုးထဲ ကိုယ်မပါဘူး။
          ဒီနေ့မနက်ကတည်းက ကိုယ် စိတ်ညစ်ရတာ။ ကိုယ်စိတ်ညစ်ရင် ရင်ဘတ်တွေအရမ်းအောင့်လာတာ။ နေ့လည်ကျ အလုပ်ကိစ္စဘာမှမေးစရာ မရှိဘဲ မ ဆီဖုန်းဆက်ခဲ့တာ ကိုယ်အရမ်းစိတ်ညစ်နေလို့ဆိုတာ တစ်ချိန်ချိန် မ သိနိုင်ကောင်းပါရဲ့။ မ အသံကြားလိုက်ရမှ ကိုယ်ခံစားနေရတာတွေ သက်သာသွားမယ်ဆိုတာ ကိုယ်ပဲ သိတယ်။ အလုပ်အရမ်းရှုပ်တဲ့ မ ဆီ အလုပ်ကိစ္စမရှိဘဲ ဖုန်းဆက်လာခဲ့ရင် အဲဒီအချိန်ဟာ ကိုယ် မ ဆီက အားပေးစကားလိုအပ်တယ်ဆိုတာ မ သိရင် သိပ်ကောင်းမယ်။ ကိုယ်ရှေ့ဆက်လျှောက်နိုင်ဖို့ အားအင်တွေလိုအပ်ပါတယ်။
          တကယ်တော့ ကိုယ် က စိုက်ပျိုးတိုင်း ပြန်ရိပ်သိမ်းခွင့်ရှိလားဆိုပြီး အမြဲ သံသယဝင်နေတဲ့ သူတစ်ယောက်။
          တကယ်တော့ ကိုယ်က လမ်းလျှောက်ရင်းလဲ လမ်းပျောက်နေတဲ့သူတစ်ယောက်။
          တကယ်တော့ ကိုယ်က လူတွေနဲ့ ရင်ဘတ်ချင်းနီးအောင် ကြိုးစားရင်း ကျောခိုင်းနေရတဲ့သူတစ်ယောက်။
          တကယ်တော့ ကိုယ်ကောင်းရင်ခေါင်းဘယ်မှမရွေ့ဘူးဆိုတဲ့ အဆိုကို ဘယ်တော့မှ မထောက်ခံနိုင်တဲ့သူတစ်ယောက်။ (ကိုယ်ကောင်းပေမယ့် သူများရွှေ့သွားရင် ခေါင်းတကယ်ရွေ့တတ်တယ်။)
          တကယ်တော့ ကိုယ်ဟာ မ ပြောသလို စစ်မရောက်ခင် မြားကုန်နေတဲ့သူတစ်ယောက်။
          ဒီ့ထက်မှန်အောင်ပြောရရင် နားမကြားတဲ့သူကို အကြိမ်ကြိမ်စကားပြောဖို့မကြိုးစားတဲ့သူတစ်ယောက်။
          နယူတန်ရဲ့ နိယာမကို အမြဲဟားတိုက်ရယ်မောချင်နေတဲ့ လူငယ်တစ်ယောက်။
          လူတွေကို သိပ်ကြောက်တတ်ပြီး အမြဲတမ်း ရင်ရှုပ်နေတဲ့သူတစ်ယောက်။
          ညီမျှခြင်းချမရတဲ့ သံယောဇဉ်အတိမ်အနက်တွေကို အဖြေရှာချင်နေတဲ့သူတစ်ယောက်။
          ငြိတွယ်တတ်တဲ့နေရာမှာ နှစ်ယောက်မရှိသလို ပြတ်သားကျောခိုင်းတတ်တဲ့နေရာမှာလဲ စံတင်လောက်တဲ့သူတစ်ယောက်။
          ရင်ခုန်သံချင်းတူမယ့် ရဲဘော်ရဲဘက်စိတ်ထားရှိတဲ့ အပေါင်းအသင်းတွေကို တန်ဖိုးထားတတ်တဲ့သူတစ်ယောက်။
          ဒီနေ့ ကိုယ်တကယ်ပဲ ကြေကွဲရပါတယ်။ ဒါပေမယ့် မ အသံကြားလိုက်ရတာနဲ့တင် ဒီခရီးကို ဆက်လျှောက်ဖို့ ကိုယ်အားပြန်ပြည့်သွားပါပြီ။
          ဘာအကြောင်းကိစ္စမှ မရှိဘဲ မ ဆီဖုန်းဆက်တဲ့နေ့ဟာ ကိုယ် မ ကို တိတ်တိတ်လေးလိုအပ်နေတဲ့အချိန်ပါ။
ရိုးမြေကျ(7.11.2012, 8:45PM)


(စာရေးသူ စာမေးပွဲပြီးမှ စာရေးမယ် ဆုံးဖြတ်ထားပေမယ့် မနေ့ကတော့ ရုံးမှာ စကားအခြေအတင်ပြောရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်ထားတာပါ။ အထက်မှာရေးထားတဲ့ကိစ္စတွေတင် မကပါဘူး ရုံးမှာ စကားများရတာက။  ညရောက်တော့လဲ စိတ်ညစ်နေတော့ စာကကြည့်လို့မရပါဘူး။ စာမေးပွဲကလဲ တော်တော်ကိုနီးနေပြီ။ ဒီကြားထဲ အာရုံကြောအားနည်းနေလို့ ဆေးတွေကသောက်နေရပါသေးတယ်။ ဆေးမသောက်ဘဲ ထားလိုက်ရင် မေ့တာတွေပိုပိုဆိုးလာပြီး အတိတ်ရော ပစ္စုပ္ပန်ရောပါ မေ့သွားရင်လဲ ခပ်ကောင်းကောင်း။ စာမေးပွဲပြီးတဲ့အထိ ခံစားချက်ကို မြိုသိပ်မထားနိုင်လို့ ချက်ချင်းထရေးမိသွားတယ်။ စိတ်ကုန်နေတယ်ဆို ပိုမှန်မလားမသိဘူး။ အပူတွေကူးသွားရင်တောင်းပန်ပါတယ်။ ဒါပေမယ့် ရဲဘော်ရဲဘက်လိုခင်မင်ရတဲ့သူတွေဆီကတော့ အားပေးစကားသိပ်ကြားချင်နေတာပဲ။)