Tuesday, October 30, 2012

မျက်နှာဖုံး




ရန်ကုန်မြို့၏ နံနက်ခင်းလေသည် အေးနုလတ်ဆတ်နေ၏။ ကျောင်းသူကျောင်းသားများ လုပ်ငန်းခွင်သွားမည့်သူများသည် ထမင်းချိုင့်ကိုယ်စီဖြင့် လှုပ်ရှားသွားလာနေကြပြီ။ ရုံးချုပ်မှာ အစည်းအဝေးတက်ရန်ရှိသဖြင့် ရန်ကုန်သို့သူမရောက်နေခြင်းဖြစ်သည်။ တည်းခိုသည့်နေရာမှ မနက်စာစားရန် လက်ဖက်ရည်ဆိုင်သို့သူမထွက်လာခဲ့သည်။ မနက်စာစားပြီးတော့ မြေနီကုန်းဂမုန်းပွင့်ရှေ့မှာ ရုံးဖယ်ရီစောင့်နေသည်။ ရောက်မလာနိုင်သေးသော ဖယ်ရီကို စောင့်ရင်း ရန်ကုန်မြို့၏ မနက်ခင်းကို ခံစားနေလိုက်သည်။ ထိုစဉ် သူမ ရပ်စောင့်နေသောနေရာနားသို့ လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်ရောက်လာသည်။ ထိုသူသည် သူမနှင့်ခပ်လှမ်းလှမ်းနေရာလောက်မှာ ထိုင်ရင်းသူ့လက်ထဲမှ ပြောင်းဖူးစေ့ထုပ်ကို ထုတ်လိုက်သည်။ ထို့နောက် ပြောင်းဖူးစေ့များကို  ခိုလေးတွေကျွေးဖို့ လမ်းပေါ်ကြဲချနေသည်။ သူမလဲ အစာစားနေသောခိုလေးများကို ကြည့်ပြီး ကြည်နူးလာသည်။ ထိုကြည်နူးမှုသည် တဒင်္ဂသာဖြစ်၏။ ခိုလေးတွေအစာစားရင်း တစ်ချို့ ခိုလေးတွေ ရုတ်ရုတ်သဲသဲပျံသန်းကုန်ကြသည်။ အဖြေမရှာနိုင်သေးသည့်အတွက် ထိုလူ ခိုစာကျွေးနေသည်ကို ဆက်ကြည့်နေလိုက်သည်။ အို အဖြေကိုသိလိုက်ရတော့ သူမ စိတ်လှုပ်ရှားလာသည်။ ဘာလုပ်ရမလဲ။ ဘာဆက်လုပ်ရမလဲ။ ထိုလူက ခိုလေးတွေကို အစာကျွေးရင်း ကျန်လက်တစ်ဖက်ဖြင့်  ခိုတွေကို ဖမ်းနေခြင်းဖြစ်သည်။ ဖမ်းပြီးသား  ခိုတွေကို သူ့ အင်္ကျီထဲ ထိုးထည့်နေသည်။ တဖြည်းဖြည်းနှင့် ထိုလူ့အင်္ကျီဖောင်းလာသည်။ ဘာလုပ်ရမည်မသိဘဲ သူမကြောင်ကြည့်နေမိသည်။ ထိုလူနှင့် ရန်ဖြစ်ပြီး ခိုလေးတွေကို ကယ်တင်ဖို့ သူမသတ္တိမရှိဘူးဖြစ်နေသည်။ ဒါမှမဟုတ်လျှင် ထိုလူကို တွန်းလှဲပြီး ထွက်ပြေးနိုင်သည်လေ။ ဒါလဲသူမမလုပ်ဖြစ်။ ရုံးယူနီဖောင်းနှင့်မို့သာ မလုပ်ဖြစ်ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမ ခိုလေးတွေကို မကယ်တင်နိုင်ခဲ့ပါ။ သူမက ထိုလူကို တည့်တည့်စိုက်ကြည့်နေသည့်အတွက် ထိုလူလဲ မလုံမလဲနှင့် ထွက်သွားတော့သည်။ ခိုစာကျွေးသော ထိုလူသည် တကယ်တမ်းတော့ မျက်နှာဖုံးစွပ်ထားခြင်းသာ ဖြစ်သည်။ အစာကျွေးဟန်ဆောင်ကာ နောက်ဆုံးတော့ ခိုလေးတွေ၏ အသက်ကို ရန်ရှာသူဖြစ်နေသည်။ ထိုနေ့မြင်ကွင်းမှတစ်ဆင့် လောကတွင် မျက်နှာဖုံးစွပ်ကာ တစ်ပါးသူကို ထိခိုက်အောင်လုပ်နေသော လူတွေဘယ်လောက်တောင်ရှိမည်လဲ။ လူအချင်းချင်း မျက်နှာဖုံးစွပ်ကာဆက်ဆံနေမှန်း ဘယ်အရာကို ကြည့်၍ ကောက်ချက်ချနိုင်မည်လဲဆိုတာတော့…………….
ရိုးမြေကျ(26.10.2012, 9:30pm)
(စာရေးသူ ဒီတစ်ပုဒ်တင်ပြီးရင် စာရေးတာကို ခဏနားထားပါမယ်။ စာမေးပွဲဖြေဖို့ တစ်လပဲလိုတော့တဲ့အတွက်ကြောင့် စာကြည့်ဖို့ကြိုးစားလိုက်ပါဦးမယ်။ စာမေးပွဲက ဒီဇင်ဘာလဆန်းမှာ ဖြေရမှာ ဆိုတော့ အဲဒီနောက်ပိုင်းမှပဲ ပို့စ်တွေတင်ပါတော့မယ်။ဒီကြားထဲမှာ ချစ်မိတ်ဆွေဘလော့ဂါများဆီ စာဖတ်ပြီး ကွန်မန့်ပေးနိုင်အောင်လဲ ကြိုးစားပါ့မယ်။ အကယ်၍ အိမ်လေးတွေဆီမရောက်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးပါ။ စာမေးပွဲပြီးမှ အကြွေးပြန်ဆပ်ပါ့မယ်လို့ ကတိပေးပါတယ်။)

Sunday, October 21, 2012

အမွေ



တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့်အကဲခတ်
တစ်ယောက်ပင့်သက်ကို တစ်ယောက်က
သံသယတွေဝင်လို့
ဒါအမွေကြောင့်များလား
ဒီအမွေကြောင့်ပဲ
ပြင်းထန်တဲ့ နှုတ်ထွက်စကားဓားတွေနဲ့
တစ်ယောက်နှလုံးသား တစ်ယောက်ခွဲခဲ့ကြပြီ
ထီမထင်အပြုအမူ မြှားချက်တွေနဲ့လဲ
တစ်အူတုံဆင်း ချစ်ခြင်းစည်းကို ဖျက်ခဲ့ကြပြီးပြီပဲ…
တော်ပါတော့..
ပညတ်တွေ ပရမတ်တွေ လှိုင်လှိုင်ပြောနေပြီး
ဘာလို့ ငွေကြေးဥစ္စာကို မှ
နတ်ဘုရားလို ရှေ့တန်းတင် ပူဇော်ချင်ကြတာလဲ…
ထင်းစည်းက ပြိုကွဲပျက်စီးသွားပြီးပြီ
သွေးက ရေထက်ပိုပျစ်တယ်ဆိုတဲ့
စကားနဲ့လည်း အရှက်ပြေ လူမပီသချင်နဲ့တော့
သွေးပုပ်သွေးညစ်ထက်
ရေကြည်ရေသန့်ကမှ ပိုကောင်းတယ်ဆိုရင်
ဘာလို့ အဲဒီသွေးတွေကို ဖောက်မထုတ်ပစ်ရဲလဲ………။     ။
ရိုးမြေကျ         (23.9.2012,2pm)

Wednesday, October 17, 2012

သိပ္ပံလမ်း



သာမန်လူတွေလဲ ဖြတ်လျှောက်ဖူးမယ်
အထင်ကရတွေလဲ နင်းလျှောက်ဖူးမယ်
ဒါပေမယ့်
ဒီလမ်းရဲ့ ပန်းချီ ပိုအသက်ဝင်စေတာက
ဒီလမ်းလေးမှာ
ချစ်သူရဲ့ အိမ်လေးရှိတယ်…
အနာဂတ်အတွက် ချစ်သူရဲ့ လန်းဆန်းတဲ့ ခြေလှမ်းတွေရှိတယ်
အိမ်အပြန် နွမ်းလျတဲ့ ခြေလှမ်းတွေလဲ ရှိတယ်
အတူတူ ယှဉ်တွဲ မလျှောက်ဖူးပေမယ့်
အတူတူ ယှဉ်တွဲ လျှောက်ခဲ့ဖူးသလို လွမ်းဆွတ်ခြင်းတွေပေးတယ်…
ချစ်သူရဲ့ ခြေလှမ်းတွေ မယိမ်းယိုင်စေဖို့
ရိုးရိုးလေးရှိနေပေးတဲ့ အဲဒီလမ်း
တစ်ခါပဲ……….
တစ်ခါပဲ……...
ကိုယ်ရောက်ခဲ့ဖူးတယ်
ချစ်သူရဲ့ ရယ်သံလွင်လွင်တွေနဲ့
အသက်ဝင်နေမယ့်
အဲဒီလမ်းလေးကို အကြိမ်ကြိမ် လွမ်းဆွတ်ဆဲ
အဲဒီလမ်းလေးကို အခါခါ ကျေးဇူးတင်မိဆဲ…….။   ။
ရိုးမြေကျ(17.10.2012, 10:30am)

Sunday, October 14, 2012

ဒီအချိန်ရောက်ရင်



“ဒီအတိုင်းဆက်သွားလို့တော့မဖြစ်တော့ဘူး။” ဟု ဆိုကာကျွနု်ပ်တို့သူငယ်ချင်းသုံးယောက် တီးတိုးတိုင်ပင်နေကြသည်။ သူငယ်ချင်းသုံးယောက်ဆိုသည်မှာ ကျွနု်ပ်အပါအဝင် စိုက်ပျိုးရေးနှင့် ကျောင်းပြီးထားပြီး ဆေးနှင့်ဆေးပစ္စည်းဆိုင်ဖွင့်ထားသော လဲ့လဲ့၊ မိဘလက်ငုတ်လက်ရင်း ခေါက်ဆွဲစက်ကို ဦးစီးလုပ်ကိုင်နေသော ကြည်စုငယ်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုစဉ် ကျွနု်ပ်တို့သူငယ်ချင်းတွေ စနေနေ့တိုင်းဆုံဆည်းရာနေရာလေးသို့ အမြဲနောက်ကျမှရောက်လေ့ရှိသော အိမ်ထောင်ရှင်မကြီး အင်ကြင်းက “ဘာတွေပြောနေကြတာလဲဟင်။” ဟု ဝင်မေး၏။ “ဘာဖြစ်ရမလဲ။သီတင်းကျွတ်တော့မယ်လေ။” လို့ ကျွနု်ပ်တို့သုံးယောက်က ရှင်းပြတော့ အင်ကြင်းမက “အဲဒါဘာဖြစ်လဲ။ နင်တို့ဗျောက်ဖောက်မလို့လား။” ဟု ဇိုးဇိုးဆတ်ဆတ်ပြန်ဖြေသည်။
“သီတင်းကျွတ်ရင် မင်္ဂလာဆောင်ဖိတ်စာတွေရောက်လာတော့မှာလေဟ။”
ထိုသို့ဆိုလိုက်မှ ကျွန်ုပ်တို့သုံးယောက်အကျိတ်အနယ်ဆွေးနွေးမည့် စကားဝိုင်းအကြောင်း သူက ရိပ်မိသွားသည်။
ကျွနု်ပ်၊လဲ့လဲ့နှင့် ကြည်စုငယ်မှာ မင်္ဂလာဆောင်တွေလက်ဖွဲ့ရသည်မှာ ပြန်လမ်းမရှိသော လမ်းကို လျှောက်နေရခြင်းဟု ယုံကြည်ထားကြသူများဖြစ်သည်။
“အဲဒါခက်တာပဲ။ဖိုင်နယ်မှာ တိုင်ကွယ်နေခဲ့တော့ အခုချိန်မှာ ကိုယ်ကပဲ လက်ဖွဲ့တွေသွားနေရတာပဲဟ။” ဟု ကျွနု်ပ်က ပြောလိုက်သည်။
“ငါကတော့ ဖိုင်နယ်မှာ တိုင်ကွယ်မနေခဲ့ဘူးဟ။ ကျောင်းမှာ အီစီကလီလေးတွေတော့ ရှိခဲ့သား။” ဟု လဲ့လဲ့က ဆတ်ဆတ်ထိမခံ ခွန်းတုန့်ပြန်သည်။
“ငါက နင်တို့တတွေ ကျောင်းကို ကျော့ကျော့လေးတက်နေခဲ့ရကတည်းက အိမ်စီးပွားရေးကို ကူညီလုပ်ပေးခဲ့ရတာဆိုတော့ ငါ့မှာ အချစ်ရေးစဉ်းစားချိန်မရခဲ့ပါဘူးဟ။ငါက တိုင်ကွယ်ချိန်ကို မရခဲ့ဘူး။” ဟု အမှတ်ကောင်းရရန်ဝင်ပြောသည်။
“ဘာ   ဒါဆို ငါတစ်ယောက်ပဲ တိုင်ကွယ်နေခဲ့တာပေ့ါ ဟုတ်လား။ အိုဘယ့်မြားနတ်မောင်။ အသင်ဘယ်သွားနေသနည်း။ ကျွနု်ပ်တို့တစ်နှစ်တစ်နှစ် ရင်းနှီးမြှုပ်နှံနေရတဲ့ လက်ဖွဲ့တွေအတွက် အရင်းကျေစေရန် ဆောင်ရွက်ပေးတော်မူပါ။” ဟု ကျွနု်ပ်က တိုင်တည်ငြီးတွားလိုက်တော့ အိမ်ထောင်ရှင်မကြီး အင်ကြင်းက အားရပါးရရယ်သည်။ ရယ်မှာပေါ့။ သူက ဖိုင်နယ်မှာတိုင်ကွယ်ခွင့်တောင် မရဘဲ ဖိုင်မနယ်ခင်ကတည်းက အိမ်ထောင်ရေးလောကထဲ ခြေစုံပစ်ဝင်သွားတာလေ။ သူ့မင်္ဂလာဆောင်မှာ ရခဲ့တဲ့လက်ဖွဲ့တွေအတွက် အခုချိန်မှာ သူပြန်လက်ဖွဲ့နေရသော လက်ဖွဲ့တွေသည် တနည်းဆိုရလျှင် အတိုးသာသာလောက်သာရှိပါ၏။ ဘယ်တော့ပြန်ရနိုင်မလဲ မသိနိုင်သော ရင်းနှီးမြှုပ်နှံမှုကို မငြီးမညူပြုနေရသည်ကတော့  ကျွန်ုပ်တို့သုံးယောက်သာဖြစ်၏။ 
“ဒီတော့ action plan ဆွဲရမယ်။ ဒီ investment ဟာ အရင်းကျေနိုင်မကျေနိုင် ခွဲခြမ်းစိတ်ဖြာရမယ်။ လိုအပ်ရင် budget ပါဆွဲရမယ်။” လို့ ကုမ္ပဏီဝန်ထမ်းပီပီ ကျွနု်ပ်ကပြောလိုက်တော့ ကျန်သူငယ်ချင်းနှစ်ယောက်မှာ သူတို့မရင်းနှီးသော စကားလုံးများပြောလိုက်တော့ စဉ်းစားရကြပ်ကုန်ကြ၏။
“အင်းဆေးကုမ္ပဏီတွေက ပရိုမိုးရှင်းလုပ်သလို မင်္ဂလာဆောင်တွေလဲ ပရိုမိုးရှင်းပေးရင်သိပ်ကောင်းမယ်။ မင်္ဂလာဆောင်တစ်ခုလာရင် ဖရီးနှစ်ခုသွားခွင့်ရှိတယ်ဆို သိပ်ကောင်းမယ်။” ဟု ဆေးဆိုင်ပိုင်ရှင်ပီပီ ပရိုမိုးရှင်းကိုပဲ အမြဲမျှော်လင့်နေသည့် လဲ့လဲ့က ဝင်ပြောပြန်သည်။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ကြည်စုမ ဆိုပုံကတော့
“အင်း ဆိုင်တွေမှာအကြွေးပေးသလို မင်္ဂလာဆောင်လက်ဖွဲ့ကို ဆောင်ပြီးနောက်နှစ်မှ ပေးလို့ရရင် ဒီကြားထဲ အဲဒီငွေနဲ့ လုပ်ငန်းလည်ပတ်နိုင်မယ်။”
စကားဝိုင်းထဲဝင်ခွင့်မပေးပေမယ့် ဆေးကုမ္ပဏီမှာ Supervisor လုပ်နေသော အင်ကြင်းမက အားကျမခံ ဝင်ပြောပြန်၏။
“အင်းဆေးကုမ္ပဏီမှာလို မင်္ဂလာဆောင်ကနေပြန်ရင် မုန့်တွေကြိုက်သလောက် FOC သယ်ခွင့်ရရင် သိပ်ကောင်းမှာပဲ။”
စကားဝိုင်းသည် ခဏငြိမ်ဆိတ်သွား၏။
မိတ်ဆွေတို့ကို ခွဲခြမ်းစိတ်ဖြာကြည့်ရလျှင် ကျောင်းတက်စဉ်က မေးထူးခေါ်ပြောပင် မရှိဘဲ ၎င်းတို့မင်္ဂလာဆောင်ခါနီးချိန်ရောက်လာလျှင် ဖက်လဲတကင်းနှုတ်ဆက်တတ်ကြကုန်သော မိတ်ဆွေတွေလည်းရှိသည်။ ဒါ့အပြင် ကျောင်းတက်စဉ်က မေးထူးခေါ်ပြောရှိပေမယ့် ၎င်းတို့ မင်္ဂလာဆောင်ချိန်မှာ ကျွနု်ပ်တို့ထံ ဖိတ်စာပို့ဖို့ မေ့နေတတ်ကြသော မိတ်ဆွေသူငယ်ချင်းတို့လည်း ရှိကုန်၏။ ထိုသို့မေ့နေကြလျှင် ကျွနု်ပ်တို့ သူငယ်ချင်းတစ်တွေမှာ ထခုန်မိမတတ် ဝမ်းသာကြကုန်၏။ နောက်ထပ် မိတ်ဆွေအမျိုးအစားတစ်မျိုးမှာ သူငယ်ချင်းအရင်းခေါက်ခေါက်ထဲတွင်ပါသောသူများဖြစ်၏။ ၎င်းတို့အတွက်ကတော့ သူတို့တွေမွေးဖွားလာမည့် ဘေဘီလေးတွေအထိပါ ရင်းနှီးမြှုပ်နှံမှုပြုရ၏။ ဘေဘီတွေနှင့် ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုများမှာ ကလေးရက်(၁၀၀)ပြည့်၊ (၂၀၀)ပြည့်၊(၃၀၀)ပြည့်မွေးနေ့ မှသည် ထိုကလေးမင်္ဂလာဆောင်မည့်အချိန်ထိဖြစ်၏။
စကားဝိုင်းသည် ငြိမ်ဆိတ်နေရာမှ ပြန်အသက်ဝင်မလာတော့ဘဲ သီတင်းကျွတ်တော့မှာကို စိုးရိမ်နေကြသော ကျွနု်ပ်တို့ သူငယ်ချင်းတစ်တွေ၏ သက်ပြင်းမောတွေနှင့်သာ ထိုနေ့တွေ့ဆုံမှုကို အဆုံးသတ်လိုက်ရပါတော့သည်။
ရိုးမြေကျ(14.10.2012, 6:40pm)

Wednesday, October 10, 2012

လိပ်ပြာလွှတ်သူ




ဟော ခြေသံကြားသည်။  သူမလာနေပြီထင်သည်။ လှေကားထစ်တွေဆီ ဖြေးဖြေးဖွဖွတက်လာသည့် ခြေသံသည် သူမ၏ ခြေသံဖြစ်ပါစေလို့သာ ကျွန်တော်ကြိတ်ဆုတောင်းမိသည်။ ပုံရိပ်ဝိုးတဝါးကို မြင်တွေ့ရမှ သူမမှန်း သိလိုက်ရ၍ ကျွန်တော်သက်ပြင်းချနိုင်တော့သည်။ သူမကတော့ ကျွန်တော်ရှိတာကို ရိပ်မိပုံမရဘဲ Toilet ခန်းဆီသို့သာ ဦးတည်နေသည်။ ကျွန်တော်ကလဲ အသံမပေးဘဲ သူမကိုသာ ခပ်တွေတွေ စိုက်ကြည့်နေမိသည်။ အခုရက်ပိုင်းမှာ ခေါင်းငိုက်စိုက်နှင့် တွေဝေငေးမောနေတတ်သော သူမကို သာ အမြဲမြင်တွေ့ရသည်။  ရေဆွဲချလိုက်သံကြားတာနှင့် ကျွန်တော်ရှိနေမှန်းသိအောင် သူမကို အသိပေးမှဖြစ်မည်။ မှန်ပြတင်းတွေကို ကျွန်တော့်အတောင်ပံနှင့် ရိုက်ခတ်လိုက်သည်။ ပထမ တစ်ချက် နှစ်ချက်မှာ သူမက သတိထားမိပုံမပေါ်။ ဘယ်သတိထားမိပါ့မလဲ။ ဘာတွေအတွေးနယ်ချဲ့နေမှန်းမှမသိတာ။ ကျွန်တော်လဲ ကျွန်တော့်အတောင်ပံတွေနဲ့ မှန်ပြတင်းကို ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။ သူမ မော့ကြည့်လာသည်။ ကျွန်တော်ရှိနေသော နေရာကို သူမမြင်သွားပြီ။ ထုံးစံအတိုင်း သူမရဲ့ လက်နူးနူးညံ့ညံ့တွေနှင့် ကျွန်တော့်ကို ဖွဖွလေးဖမ်းတော့မည်။ ကျွန်တော်ရှိနေသော နေရာက သူမအရပ်နှင့် မမီသည့်အတွက် သူမက ကျွန်တော့်ကို လက်လှမ်းမီရန် ခုံရှာနေသည်။ ခုံပေါ်တက်ပြီး ကျွန်တော်ရှိရာ သူမလက်လှမ်းလိုက်တော့ ကျွန်တော့်က နည်းနည်းမြင့်သည့် အမြင့်သို့ ပျံတက်လိုက်သည်။ မျက်နှာကြက်နှင့် အတောင်ပံတွေရိုက်ခတ်ရင်း သူမကို စောင့်ကြည့်နေလိုက်သည်။ ကျွန်တော့်ကို ဖမ်းဖို့ သူမက စားပွဲပေါ် နောက်ထပ်တက်လာသည်။ ကြာရင် ကျွန်တော် စနောက်နေတာနှင့် အမြင့်ကနေ သူမပြုတ်ကျနိုင်သည်။ ကျွန်တော်လည်း သူမခုံနှင့် တက်ရပ်နေသော မှန်ပြတင်းနား အသာတကြည်ပဲ ပျံသန်းသွားလိုက်သည်။ သူမလက်နှစ်ဖက်နှင့် ကျွန်တော့ခန္ဓာကိုယ်ကို အုပ်ဖမ်းလိုက်သည်။ သူမ လက်ခုပ်ထဲက ကျွန်တော့် ကိုယ်ထည်နှင့် အရောင်ကို သူမက မမှိတ်မသုန်စိုက်ကြည့်နေသည်။ အနက်ရောင်ကိုယ်ထည်ပေါ်မှာ အဖြူရောင်အပျောက်လေးတွေနှင့် ကျွန်တော့်ကို သဘောကျနေသော သူမကို ကြည့်ပြီး ကျွန်တော်ပျော်လာသည်။ ပြတင်းပေါက်ကနေ လေဟာနယ်အကျယ်ကြီးထဲ လွတ်လွတ်လပ်လပ် ပျံသန်းဖို့ သူမ ကျွန်တော့်ကို လွှတ်ပေးတော့မည်ဆိုတာ ကျွန်တော်သိတာပေါ့။ တခြားသူတွေလို “နင့်အသက် ဆယ်ခါလွှတ် ၊ ငါ့အသက်ဆယ်ခါလွှတ်” လို့ပြောပြီး လွတ်မြောက်စေသူထဲမှာတော့ သူမ မပါမှန်း ကျွန်တော်ရိပ်မိသည်။ သူမစိတ်ထဲ ရေရွတ်နေတာတွေက “ငါ ကဘောင်တွေနဲ့နေရတာ ၊ အချုပ်အခြယ်တွေနဲ့ နေရတာ ငါမကြိုက်ဘူး။ မင်းလဲ လွတ်လွတ်လပ်လပ်ပျံသန်းပါကွာ။ ဘာလို့ ဒီပိတ်လှောင်နေတဲ့ အဆောက်အဦးထဲ ခဏခဏလာနေရတာလဲ။ လွတ်လွတ်လပ်လပ်ပျံသန်းပါ။” လို့ပဲ ကျွန်တော်ယုံကြည်သည်။ လတ်ဆတ်သော လေထုထဲ ကျွန်တော်ထိုးတက်ပျံသန်းတော့ သူမက ကျွန်တော့်ကို စိုက်ကြည့်နေသေးသည်။
ဒီအဆောက်အဦးလေးထဲမှာ သူမကို ကျွန်တော်စတွေ့ခဲ့သည်။ အဲကွန်းအပြည့်နှင့် မှန်ပြတင်းတွေအမြဲပိတ်ထားတတ်သော ထိုအဆောက်အဦးလေးထဲမှာ တခါတလေ မှန်တံခါးတွေဖွင့်ထားတတ်သည့် အခါမျိုးတွေနှင့် ကြုံကြိုက်လာရသည့် အခါ ယောင်မှားလမ်းမှားပြီး ရောက်ရောက်သွားသည့် ကျွန်တော်နှင့် မျိုးနွယ်တူ လိပ်ပြာလေးတွေ။ သေပွဲဝင်သွားရတဲ့ ကျွန်တော်တို့ မျိုးနွယ်စုတွေရှိသလို သူမကြောင့် လွတ်မြောက်လာတဲ့ လိပ်ပြာလေးတွေလဲရှိပါသည်။ ကျွန်တော့် အသက်ကိုတော့ သူမက အကြိမ်ကြိမ် ကယ်တင်ပေးနေသည်။ ရံဖန်ရံခါတော့ သူမနှင့် တွေ့ချင်၍ ကျွန်တော်က ထိုပိတ်လှောင်နေသည့် အဆောက်အဦးထဲ တည့်တည့်ဝင်တိုးခြင်းသာဖြစ်သည်။ သူမနှင့် မတွေ့သည်အခါမျိုးမှာ ထွက်ပေါက်တစ်ခုရှာဖို့ ကျွန်တော် အားထုတ်ရသည်။ သူမနှင့် နောက်တစ်ခါ ပြန်တွေ့ချင်သည့် စိတ်ကြောင့် ကျွန်တော်က ထွက်ပေါက်နှင့် ကံအားလျော်စွာ အမြဲတမ်းတွေ့တတ်ပါသည်။
လွန်ခဲ့သည့် အပတ်က သူမတို့ရုံးမှာ အစည်းအဝေးလုပ်နေတုန်း လိပ်ပြာလေးတစ်ကောင် မှန်ပြတင်း ကို အတင်းတိုးဝင်ရိုက်ခတ်နေသည်။ အတောင်ပံခတ်သံကြားတော့ သူမက အစည်းအဝေးထဲ စိတ်မဝင်စားနိုင်တော့ဘဲ လိပ်ပြာလေးကို ခဏခဏ ခိုးခိုးကြည့်နေသည်။ အစည်းအဝေးပြီးပြီးချင်း ထိုလိပ်ပြာလေးဖမ်းဖို့ ခုံရှာသည်။ လက်လှမ်းမီသောအခါ လိပ်ပြာလေးကို ခပ်ဖွဖွဖမ်းဆုပ်ထားပြီး အားပါးတရ ပျံသန်းခွင့်ရသည့် နေရာရောက်မှ လွှတ်ပေးတတ်သည်။
ကျွန်တော်ကတော့ မှန်ပြတင်းတွေအမြဲပိတ်ပြီး လိုက်ကာ အမြဲချထားတတ်သော ဒီအဆောက်အဦးလေးကို မကြာခဏလာပါမည်။ အကြိမ်ကြိမ် လွတ်မြောက်စေမည့် သူမနှင့် တွေ့ချင်သည်။
ကျွန်တော့်ရဲ့ မိုက်ရူးရဲဆန်မှုကို သူမသိလျှင် ကျွန်တော့်ကို နောက်ထပ် လွှတ်ပေးပါ့မလားဆိုတာတော့……………..
ရိုးမြေကျ (9/10/2012, 1:04pm)
ရုံးခန်းထဲ ပိတ်မိနေတဲ့ လိပ်ပြာလေးတွေလွှတ်ရင်း စိတ်ကူးယဉ်မိပြီး ဒီပို့စ်လေးဖြစ်လာတာပါ။