အစက တတိယမြောက်လွှမ်းမိုးသူဖြစ်လာမယ့် ဖြူဖြူကျော်သိန်းကို ကိုယ့်နှလုံးသားက သိပ်လက်ခံလို့ရခဲ့တာမဟုတ်။ အခုတော့လည်း ကိုယ်က သူမှသူ ခရေဇီဖြစ်နေမိပြီ။ အရင်က သီချင်းတွေနားထောင်ရင် အမျိုးသမီးအဆိုတော်ထဲမှာဆို အေးချမ်းမေပဲ ကိုယ်ကနားထောင်ဖြစ်တာ။ ကိုယ်ကြိုက်တဲ့အဆိုတော်တွေက မျိုးကြီး၊ဝိုင်ဝိုင်း၊စည်သူလွင်၊ဆောင်းဦးလှိုင် တို့လေ။ ကိုယ်နားထောင်ဖြစ်တာကလည်း သူတို့သီချင်းတွေပဲများတယ်။ မဖြူကို ကိုယ်ဘယ်မှာစသိလဲဆိုတော့ သူ့ရဲ့ ပထမဆုံးစီးရီး ကြော်ငြာကြည့်လိုက်ရတော့ ဂါဝန်အနက်ရောင်ကြီးနဲ့ လှေကားထစ်တွေပေါ် ပြေးတက်သွားတယ်။ ဆံပင်ကလဲ ဘယ်လိုပြောရပါ့ တိုကပ်ကောက်နေတာဆိုတော့ သူ့ကြည့်ပြီး ကိုယ်နည်းနည်းလန့်သွားတာတော့အမှန်ပဲ။ ဒီထက်သူ့အပေါ်ဘာခံစားချက်မှမပိုခဲ့ဘူး။
အတွင်းကြေသီချင်းနားထောင်လိုက်ရတဲ့အချိန်မှာ မဖြူက ကိုယ့်နှလုံးသားထဲ ဝုန်းဝုန်းဒိုင်းဒိုင်းရောက်လာတာ။ မဖြူ ကိုယ့်ကို လွှမ်းမိုးနိုင်တာက သူ့ Performance အတိုင်း တကယ်ကို ဝုန်းဝုန်းဒိုင်းဒိုင်းပဲ။ အဲဒီသီချင်းတစ်ပုဒ်ထဲနဲ့ ကိုယ်က ခရေဇီဖြစ်ပြီး မဖြူသီချင်းတွေကို မလွတ်တမ်းအားပေးတော့တာ။ မဖြူဆီစာရေးဓာတ်ပုံတောင်းတော့ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို အရူးတဲ့။ မဖြူကလည်း ကိုယ်တောင်းတဲ့ ဓာတ်ပုံလေးကို မှတ်မှတ်ရရပို့ပေးခဲ့တယ်။ ပြီးတော့ မဖြူနဲ့ ဖုန်းပြောတော့ မဖြူအသံက သီချင်းတွေထဲကလို အသံသြသြမဟုတ်ဘဲ နူးညံ့ချိုသာနေတာ။ ကိုယ်စိတ်ထင် နေတာပဲလားတော့မသိဘူး မဖြူရယ်။ တစ်ခါကလည်း ကိုယ့်ညီမတွေ မန္တလေးသင်္ကြန်သွားလည်ကျတော့ Alpine မဏ္ဍပ်မှာ ဖျော်ဖြေတဲ့အဆိုတော်တွေထဲမှာ မဖြူပါတယ်လေ။ ကိုယ်က လိုက်မသွားရတော့မကြည့်လိုက်ရဘူး။ ‘မဏ္ဍပ်ပေါ်မှာ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ ခုံတွေလည်း လွှင့်ပစ်တာတဲ့။’ ကိုယ့်မှာမကြည့်လိုက်ရပေမယ့် မဖြူလုပ်တဲ့ Performance တွေ mood တွေကို အရမ်းနှစ်သက်မိတာ။ ကိုယ့်ညီမတွေကလည်း ကိုယ့်ကို အဲဒီသင်္ကြန်တုန်းက သူတို့တွေ့လိုက်ရတဲ့ မဖြူအကြောင်းကို အခုထိ မှတ်မှတ်ရရပြောနေတုန်း။ ကိုယ်ကလည်း အမြဲလိုလိုနားထောင်ဖူးပေမယ့် အမြဲအမြဲ အသစ်ဖြစ်ပြီး ခဏခဏသဘောကျနေတုန်း။
လွန်ခဲ့တဲ့ နှစ်လလောက်က အင်တာနက်မှာ ဖတ်ခဲ့ရတဲ့ မဖြူနဲ့ပတ်သက်တဲ့ ကောလဟာလသတင်းတစ်ပုဒ်ကြောင့် ကိုယ့်မှာ ထမင်းတောင်မစားနိုင်ခဲ့ဘူး။ ရေးထားတဲ့သူကလည်း နာမည်ပဲမပါတာ။ ဖြူဖြူကျော်သိန်းလို့ ကွက်ကွက်ကွင်းကွင်းမြင်ရအောင်ကို ရေးထားတာ။ ဘာတဲ့ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အဆိုတော်တစ်ဦးကို စပွန်ဆာ သိန်းရှစ်ထောင်ပေးတာ နာမည်ပျက်မရှိတဲ့ အဆိုတော်က လက်မခံပါတဲ့။ လုပ်ငန်းရှင်ကြီးက မကျေနပ်လို့ အဆိုတော်ကို ငှားပြီး သူသောက်မယ့်အအေးခွက်ထဲ ဆေးခတ် ဖျက်ဆီးပြီး သိန်းသုံးထောင်အလျော်ပေးလိုက်တယ်တဲ့။ အဆိုတော်ကတော့ သူ့သီချင်းထဲကအတိုင်း တကယ်ကို အတွင်းကြေပါတဲ့။ အဲဒီသတင်းဖတ်လိုက်ရတော့ ကိုယ်ရင်ထဲ ထူပူသွားခဲ့တာ။ မဟုတ်မှန်းတော့ သိပေမယ့် ကိုယ်က မဟုတ်မှန်းသေချာသိချင်တာ။ အဲဒါနဲ့ ကိုယ်ကအဲဒီသတင်းကို ကိုယ့်ရုံးကလုပ်ဖော်ကိုင်ဖက်တွေကို ပြောပြတော့ သူတို့က မဖြစ်နိုင်ဘူးတဲ့။ သူ့ထက်ငယ်ငယ်ချောချောလေးတွေအများကြီးရှိတယ်တဲ့။ သူက ဘယ်လောက်များချောလို့လဲတဲ့။ ကိုယ့်မှာ သူတို့အပြောကို ဒေါသထွက်တာက တစ်မျိုး၊ သတင်းရေးတဲ့သူကို စိတ်တိုတာက တစ်ဖုံနဲ့ ယောက်ယက်ခတ်ခဲ့တာ။ ဒါကို မကျေနပ်သေးဘဲ ကိုယ့်သူငယ်ချင်းတွေကို ပြောပြတော့ အေးလေ ဖြစ်မှမဖြစ်နိုင်တာတဲ့။ အခုခေတ်မှာ မော်ဒယ်ငယ်ငယ်ချောချောလေးတွေအများကြီး။သူက ဘယ်နေရာများရင်ခုန်စရာကောင်းလို့တုန်းတဲ့။ တစ်လေတည်း တစ်သံတည်း ထွက်ကြတာများပြောပါတယ် မဖြူ။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်မျက်စိထဲမှာတော့ တကယ်ကို ချစ်စရာကောင်းနေတာ။ မဖြူဘာလုပ်လုပ် ချစ်စရာကောင်းနေတာ ကိုယ်အရမ်းချစ်မိလို့ပဲဖြစ်မယ်။
အိမ်မှာဆို ဘယ်သူမှ မဖြူအကြောင်း မကောင်းမပြောရဲကြဘူး။ တီဗွီမှာ မဖြူသီချင်းလာရင် အင်တာဗျူးတွေလာရင် မေမေတို့ ဘာကိုပဲကြည့်နေကြည့်နေ မဖြူသီချင်းလာနေတဲ့ဘက်ကိုပဲ ဖွင့်ပေးထားရအောင် ကိုယ်က ရူးသွပ်တာ။ တစ်ခါကလည်း ကိုယ့်စာမေးပွဲရက်နဲ့ မဖြူတစ်ကိုယ်တော်ရှိုးပွဲနဲ့တိုက်နေတယ်လေ။ ကိုယ်က ရန်ကုန်ကို သွားကြည့်ချင်လိုက်တာလို့ ငြီးတွားမိတော့ မေမေက စာမေးပွဲဖြေမနေဘဲ သွားကြည့်ပါလားတဲ့လေ။ ကိုယ် မိဘမျက်နှာသာမထောက်ရဘူးဆိုရင် စာမေးပွဲမဖြေဘဲ သွားကြည့်ချင်ကြည့်ဖြစ်မှာ။ MRTV 4 ကလွှင့်တာလေးကြည့်ပြီး ပဲ ဖြေသိမ့်လိုက်ရတယ်။
ကိုယ့်လက်ထဲက မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ် Original CD ခွေရဖို့ ကိုယ်တစ်လကျော်ကျော်လောက်စောင့်ခဲ့ရတယ် မဖြူ။ သီချင်းခွေထွက်ထွက်ချင်း ကိုယ်တို့မြို့လေးမှာ Original ခွေလိုက်ရှာခဲ့ပေမယ့် ကိုယ်မရှာနိုင်ခဲ့ဘူး။ ကိုယ်ဝယ်နေကျခွေဆိုင်လေးက Original ခွေတင်တယ်လေ။ အဲဒီဆိုင်လေးက ခိုးကူးခွေတွေဖမ်းကတည်းက ခွေဆိုင်ကနေ အထည်ရောင်းတဲ့ဆိုင်ဖြစ်သွားတာ။ ကိုယ်အရမ်းနားထောင်ချင်တဲ့အချိန် ဘယ်မှဝယ်မရတော့ စိတ်မရှည်တော့ဘဲ အင်တာနက်ကနေပဲဒေါင်းလိုက်ရတော့တယ်။ အင်တာနက်ကနေဒေါင်းပြီးသားပေမယ့် မဖြူကို ချစ်တဲ့အတွက်ကြောင့်တော့ မန္တလေးမှာ ကျောင်းတက်နေတဲ့ ကိုယ့်ညီမလေးကို Original CD ဝယ်ခိုင်းခဲ့ရတာ။ အင်္ဂလိပ်သီချင်းတွေ ပြန်ဆိုထားတဲ့ခွေတုန်းကလည်း ကိုယ့်မှာ ခွေရဖို့ မြို့ထဲ ပတ်ရှာနေရတာ။
ဖြူ ………. ဖြူ့ကို ကိုယ်အရမ်းခရေဇီဖြစ်ပါတယ်။ ဒီထက်မက အနုပညာလမ်းမှာ လမ်းမမှားဘဲ ဆူးမထိဘဲ ဖြောင့်ဖြူးစွာလျှောက်နိုင်ပါစေ။ ကိုယ်ဟာ ဖြူ့ရဲ့ အမာခံ ပရိသတ်တစ်ယောက်ပါ။ ဖြူဖြူကျော်သိန်းကို အသေရရအရှင်ရရဆိုတဲ့ ပရိသတ်တွေထဲက တစ်ယောက်ပါပဲ ဖြူရယ်။
ဖြူ လှည့်စားလိုက် လို့ရပေမယ့်
အရှုံးထက်ပိုသော
ကြိုးပြတ်သူအဖြစ်
နောက်ဆုံးအချိန်ထိ
ချယ်ရီလမ်းမှာ ကိုယ်စောင့်နေပါ့မယ်။ မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ် စီးရီးထဲက ကိုယ်အကြိုက်ဆုံး သီချင်းငါးပုဒ်ပါ ဖြူ။
ကိုယ့်ကို ဘယ်တော့မှ လမ်းခွဲ စကားမပြောပါနဲ့။ ဘယ်သူကိုယ့်လောက်ချစ်နိုင်မှာလဲ။
(စာရေးဖို့ အားပေးခဲ့ကြတဲ့ ဘလော့ဂါ စီနီယာအစ်ကိုအစ်မတွေမောင်လေးညီမလေးတွေကို အရမ်းကျေးဇူးတင်ပါတယ်။ စာရေးသူက စိတ်ထိခိုက်နေရင် စာလုံးဝရေးလို့မရတာအမှန်ပါ။ အားလုံးအားလုံးရဲ့ အားပေးစကားတွေကြောင့်သာ ဒီပို့စ်ကို ရေးနိုင်ခဲ့တာပါ။ mood ပျောက်သွားရင်နှစ်ချီကြာတတ်လို့ စာရေးသူလဲ ကိုယ့်ကိုယ်ကို စိတ်ပူနေတာ အမှန်ပါ။ ဒါပေမယ့် ရက်ပိုင်းလေးပဲကြာခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကိုလည်း အရမ်းခင်ပါတယ်။ )