Sunday, September 30, 2012

လွှမ်းမိုးသော မိန်းမသားများ(၃)



        အစက တတိယမြောက်လွှမ်းမိုးသူဖြစ်လာမယ့် ဖြူဖြူကျော်သိန်းကို ကိုယ့်နှလုံးသားက သိပ်လက်ခံလို့ရခဲ့တာမဟုတ်။ အခုတော့လည်း ကိုယ်က သူမှသူ ခရေဇီဖြစ်နေမိပြီ။ အရင်က  သီချင်းတွေနားထောင်ရင် အမျိုးသမီးအဆိုတော်ထဲမှာဆို အေးချမ်းမေပဲ ကိုယ်ကနားထောင်ဖြစ်တာ။ ကိုယ်ကြိုက်တဲ့အဆိုတော်တွေက မျိုးကြီး၊ဝိုင်ဝိုင်း၊စည်သူလွင်၊ဆောင်းဦးလှိုင် တို့လေ။ ကိုယ်နားထောင်ဖြစ်တာကလည်း သူတို့သီချင်းတွေပဲများတယ်။ မဖြူကို ကိုယ်ဘယ်မှာစသိလဲဆိုတော့ သူ့ရဲ့ ပထမဆုံးစီးရီး ကြော်ငြာကြည့်လိုက်ရတော့ ဂါဝန်အနက်ရောင်ကြီးနဲ့ လှေကားထစ်တွေပေါ် ပြေးတက်သွားတယ်။ ဆံပင်ကလဲ ဘယ်လိုပြောရပါ့ တိုကပ်ကောက်နေတာဆိုတော့ သူ့ကြည့်ပြီး ကိုယ်နည်းနည်းလန့်သွားတာတော့အမှန်ပဲ။ ဒီထက်သူ့အပေါ်ဘာခံစားချက်မှမပိုခဲ့ဘူး။
          အတွင်းကြေသီချင်းနားထောင်လိုက်ရတဲ့အချိန်မှာ မဖြူက ကိုယ့်နှလုံးသားထဲ ဝုန်းဝုန်းဒိုင်းဒိုင်းရောက်လာတာ။ မဖြူ ကိုယ့်ကို လွှမ်းမိုးနိုင်တာက သူ့ Performance အတိုင်း တကယ်ကို ဝုန်းဝုန်းဒိုင်းဒိုင်းပဲ။ အဲဒီသီချင်းတစ်ပုဒ်ထဲနဲ့ ကိုယ်က ခရေဇီဖြစ်ပြီး မဖြူသီချင်းတွေကို မလွတ်တမ်းအားပေးတော့တာ။ မဖြူဆီစာရေးဓာတ်ပုံတောင်းတော့ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို အရူးတဲ့။ မဖြူကလည်း ကိုယ်တောင်းတဲ့ ဓာတ်ပုံလေးကို မှတ်မှတ်ရရပို့ပေးခဲ့တယ်။ ပြီးတော့ မဖြူနဲ့ ဖုန်းပြောတော့ မဖြူအသံက သီချင်းတွေထဲကလို အသံသြသြမဟုတ်ဘဲ နူးညံ့ချိုသာနေတာ။ ကိုယ်စိတ်ထင် နေတာပဲလားတော့မသိဘူး မဖြူရယ်။ တစ်ခါကလည်း ကိုယ့်ညီမတွေ မန္တလေးသင်္ကြန်သွားလည်ကျတော့ Alpine မဏ္ဍပ်မှာ ဖျော်ဖြေတဲ့အဆိုတော်တွေထဲမှာ မဖြူပါတယ်လေ။ ကိုယ်က လိုက်မသွားရတော့မကြည့်လိုက်ရဘူး။ ‘မဏ္ဍပ်ပေါ်မှာ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ ခုံတွေလည်း လွှင့်ပစ်တာတဲ့။’ ကိုယ့်မှာမကြည့်လိုက်ရပေမယ့် မဖြူလုပ်တဲ့ Performance တွေ mood တွေကို အရမ်းနှစ်သက်မိတာ။ ကိုယ့်ညီမတွေကလည်း ကိုယ့်ကို အဲဒီသင်္ကြန်တုန်းက သူတို့တွေ့လိုက်ရတဲ့ မဖြူအကြောင်းကို အခုထိ မှတ်မှတ်ရရပြောနေတုန်း။ ကိုယ်ကလည်း အမြဲလိုလိုနားထောင်ဖူးပေမယ့် အမြဲအမြဲ အသစ်ဖြစ်ပြီး ခဏခဏသဘောကျနေတုန်း။
          လွန်ခဲ့တဲ့ နှစ်လလောက်က အင်တာနက်မှာ ဖတ်ခဲ့ရတဲ့ မဖြူနဲ့ပတ်သက်တဲ့ ကောလဟာလသတင်းတစ်ပုဒ်ကြောင့် ကိုယ့်မှာ ထမင်းတောင်မစားနိုင်ခဲ့ဘူး။ ရေးထားတဲ့သူကလည်း နာမည်ပဲမပါတာ။ ဖြူဖြူကျော်သိန်းလို့ ကွက်ကွက်ကွင်းကွင်းမြင်ရအောင်ကို ရေးထားတာ။ ဘာတဲ့ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အဆိုတော်တစ်ဦးကို စပွန်ဆာ သိန်းရှစ်ထောင်ပေးတာ နာမည်ပျက်မရှိတဲ့ အဆိုတော်က လက်မခံပါတဲ့။ လုပ်ငန်းရှင်ကြီးက မကျေနပ်လို့ အဆိုတော်ကို ငှားပြီး သူသောက်မယ့်အအေးခွက်ထဲ ဆေးခတ် ဖျက်ဆီးပြီး သိန်းသုံးထောင်အလျော်ပေးလိုက်တယ်တဲ့။ အဆိုတော်ကတော့ သူ့သီချင်းထဲကအတိုင်း တကယ်ကို အတွင်းကြေပါတဲ့။ အဲဒီသတင်းဖတ်လိုက်ရတော့ ကိုယ်ရင်ထဲ ထူပူသွားခဲ့တာ။ မဟုတ်မှန်းတော့ သိပေမယ့် ကိုယ်က မဟုတ်မှန်းသေချာသိချင်တာ။ အဲဒါနဲ့ ကိုယ်ကအဲဒီသတင်းကို ကိုယ့်ရုံးကလုပ်ဖော်ကိုင်ဖက်တွေကို ပြောပြတော့ သူတို့က မဖြစ်နိုင်ဘူးတဲ့။ သူ့ထက်ငယ်ငယ်ချောချောလေးတွေအများကြီးရှိတယ်တဲ့။ သူက ဘယ်လောက်များချောလို့လဲတဲ့။ ကိုယ့်မှာ သူတို့အပြောကို ဒေါသထွက်တာက တစ်မျိုး၊ သတင်းရေးတဲ့သူကို စိတ်တိုတာက တစ်ဖုံနဲ့ ယောက်ယက်ခတ်ခဲ့တာ။ ဒါကို မကျေနပ်သေးဘဲ ကိုယ့်သူငယ်ချင်းတွေကို ပြောပြတော့ အေးလေ ဖြစ်မှမဖြစ်နိုင်တာတဲ့။ အခုခေတ်မှာ မော်ဒယ်ငယ်ငယ်ချောချောလေးတွေအများကြီး။သူက ဘယ်နေရာများရင်ခုန်စရာကောင်းလို့တုန်းတဲ့။ တစ်လေတည်း တစ်သံတည်း ထွက်ကြတာများပြောပါတယ် မဖြူ။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်မျက်စိထဲမှာတော့ တကယ်ကို ချစ်စရာကောင်းနေတာ။ မဖြူဘာလုပ်လုပ် ချစ်စရာကောင်းနေတာ ကိုယ်အရမ်းချစ်မိလို့ပဲဖြစ်မယ်။
          အိမ်မှာဆို ဘယ်သူမှ မဖြူအကြောင်း မကောင်းမပြောရဲကြဘူး။ တီဗွီမှာ မဖြူသီချင်းလာရင် အင်တာဗျူးတွေလာရင် မေမေတို့ ဘာကိုပဲကြည့်နေကြည့်နေ မဖြူသီချင်းလာနေတဲ့ဘက်ကိုပဲ ဖွင့်ပေးထားရအောင် ကိုယ်က ရူးသွပ်တာ။ တစ်ခါကလည်း ကိုယ့်စာမေးပွဲရက်နဲ့ မဖြူတစ်ကိုယ်တော်ရှိုးပွဲနဲ့တိုက်နေတယ်လေ။ ကိုယ်က ရန်ကုန်ကို သွားကြည့်ချင်လိုက်တာလို့ ငြီးတွားမိတော့ မေမေက စာမေးပွဲဖြေမနေဘဲ သွားကြည့်ပါလားတဲ့လေ။ ကိုယ် မိဘမျက်နှာသာမထောက်ရဘူးဆိုရင် စာမေးပွဲမဖြေဘဲ သွားကြည့်ချင်ကြည့်ဖြစ်မှာ။ MRTV 4 ကလွှင့်တာလေးကြည့်ပြီး ပဲ ဖြေသိမ့်လိုက်ရတယ်။
          ကိုယ့်လက်ထဲက မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ် Original CD ခွေရဖို့ ကိုယ်တစ်လကျော်ကျော်လောက်စောင့်ခဲ့ရတယ် မဖြူ။ သီချင်းခွေထွက်ထွက်ချင်း ကိုယ်တို့မြို့လေးမှာ Original ခွေလိုက်ရှာခဲ့ပေမယ့် ကိုယ်မရှာနိုင်ခဲ့ဘူး။ ကိုယ်ဝယ်နေကျခွေဆိုင်လေးက Original ခွေတင်တယ်လေ။ အဲဒီဆိုင်လေးက ခိုးကူးခွေတွေဖမ်းကတည်းက ခွေဆိုင်ကနေ အထည်ရောင်းတဲ့ဆိုင်ဖြစ်သွားတာ။ ကိုယ်အရမ်းနားထောင်ချင်တဲ့အချိန် ဘယ်မှဝယ်မရတော့ စိတ်မရှည်တော့ဘဲ အင်တာနက်ကနေပဲဒေါင်းလိုက်ရတော့တယ်။ အင်တာနက်ကနေဒေါင်းပြီးသားပေမယ့် မဖြူကို ချစ်တဲ့အတွက်ကြောင့်တော့ မန္တလေးမှာ ကျောင်းတက်နေတဲ့ ကိုယ့်ညီမလေးကို Original CD ဝယ်ခိုင်းခဲ့ရတာ။ အင်္ဂလိပ်သီချင်းတွေ ပြန်ဆိုထားတဲ့ခွေတုန်းကလည်း ကိုယ့်မှာ ခွေရဖို့ မြို့ထဲ ပတ်ရှာနေရတာ။
          ဖြူ ………. ဖြူ့ကို ကိုယ်အရမ်းခရေဇီဖြစ်ပါတယ်။ ဒီထက်မက အနုပညာလမ်းမှာ လမ်းမမှားဘဲ ဆူးမထိဘဲ ဖြောင့်ဖြူးစွာလျှောက်နိုင်ပါစေ။ ကိုယ်ဟာ ဖြူ့ရဲ့ အမာခံ ပရိသတ်တစ်ယောက်ပါ။ ဖြူဖြူကျော်သိန်းကို အသေရရအရှင်ရရဆိုတဲ့ ပရိသတ်တွေထဲက တစ်ယောက်ပါပဲ ဖြူရယ်။
          ဖြူ လှည့်စားလိုက် လို့ရပေမယ့်
          အရှုံးထက်ပိုသော
          ကြိုးပြတ်သူအဖြစ်
          နောက်ဆုံးအချိန်ထိ
          ချယ်ရီလမ်းမှာ ကိုယ်စောင့်နေပါ့မယ်။ မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ် စီးရီးထဲက ကိုယ်အကြိုက်ဆုံး သီချင်းငါးပုဒ်ပါ ဖြူ။
          ကိုယ့်ကို ဘယ်တော့မှ လမ်းခွဲ စကားမပြောပါနဲ့။ ဘယ်သူကိုယ့်လောက်ချစ်နိုင်မှာလဲ။

(စာရေးဖို့ အားပေးခဲ့ကြတဲ့ ဘလော့ဂါ စီနီယာအစ်ကိုအစ်မတွေမောင်လေးညီမလေးတွေကို အရမ်းကျေးဇူးတင်ပါတယ်။ စာရေးသူက စိတ်ထိခိုက်နေရင် စာလုံးဝရေးလို့မရတာအမှန်ပါ။ အားလုံးအားလုံးရဲ့ အားပေးစကားတွေကြောင့်သာ ဒီပို့စ်ကို ရေးနိုင်ခဲ့တာပါ။ mood ပျောက်သွားရင်နှစ်ချီကြာတတ်လို့ စာရေးသူလဲ ကိုယ့်ကိုယ်ကို စိတ်ပူနေတာ အမှန်ပါ။ ဒါပေမယ့် ရက်ပိုင်းလေးပဲကြာခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကိုလည်း အရမ်းခင်ပါတယ်။ )

Tuesday, September 25, 2012

ရင်ဖွင့်စာ



ပြီးခဲ့တဲ့ စနေနေ့ကတည်းက စာရေးသူရင်ထဲမှာမကောင်း။ ရုံးရောက်တော့ ဘလော့ဂ်လေးဝင်ကြည့်တော့ စီဘောက်မှာ ဘယ်သူမှန်းမသိ လာအော်နေတယ်။ ရေးသွားတာတွေကြည့်ပြီး စာရေးရမှာ စိတ်ဓာတ်တော်တော်ကျသွားတယ်။ စာဖတ်သူတွေအတွက် စာရေးသူရေးတဲ့စာတွေက အဆိပ်အတောက်တွေပါတယ်ဆိုရင် စာရေးတာကို စွန့်လွှတ်ပေးဖို့ပါ စဉ်းစားထားတယ်။  စီဘောက်ကစာတွေကိုဖျက်ပစ်လိုက်လို့ရပေမယ့် သတ်သတ်ကို မဖျက်ဘဲထားလိုက်တယ်။ ဖျက်ပစ်လဲ နောက်ထပ်လာအော်ရင် သူရေးလာမယ့်စာတွေဖျက်ပစ်ဖို့အချိန်မပေးချင်ဘူး။ ဒီဘလော့ဂ်လေးကို စလုပ်ခဲ့ကတည်းက စာရေးသူက The Best English မှာဖော်ပြခံရဖူးတဲ့စာတွေနဲ့ တချို့စာမူလေးတွေကို မှတ်တမ်းသဘောမျိုးလေးတင်ထားဖို့ပဲ ရည်ရွယ်ခဲ့တာပါ။ အလကားရတဲ့ ဘလော့ဆိုပေမယ့် အဲဒီဘလော့အပေါ်မှာ အချိန်ပေးရပါတယ်။ ဘလော့တစ်ခု ဘယ်လိုဖန်တီးရလဲဆိုတာတွေ ဖတ်ရတယ်။ ပြီးတော့ ဘလော့ဂ်မှာ စာတွေတင်နိုင်အောင် ကြိုးစားရသေးတယ်။ ပတ်ဝန်းကျင်မှာ “ငါဘလော်ဂါ ငါဘလော်ဂါ” လို့ ကြွေးကြော်ချင်လို့လည်းမဟုတ်ဘူး။ ဒီအတိုင်းလေး အမှတ်တရသဘောမျိုးနဲ့ပါ။ ဒါပေမယ့် စီနီယာ အစ်ကို အစ်မတွေက လက်တွဲခေါ်ကြလို့ ရိုးမြေကျရဲ့ ဘလော့ဂ်ဟာ ဒီနေ့လို ပုံပေါ်လာပါတယ်။ ပြီးတော့ ခုနှစ်နီးပါးဝေးခဲ့တဲ့ ကဗျာတွေနဲ့ပြန်နီးစပ်လာတာမကြာသေးပါဘူး။စာရေးသူ ကဗျာတွေရေးနိုင်ဖတ်နိုင်လာတာ လပိုင်းပဲရှိပါသေးတယ်။ ဒါကလည်း အစ်မစံပယ်ရဲ့ ကျေးဇူးကြောင့်ပါ။ စာတွေမရေးဖြစ်တာလည်းတစ်နှစ်ကျော်ကြာပါပြီ။ စာရေးသူ စိတ်ဓာတ်ကျပြီး လေနေခဲ့တာလည်းကြာပြီ။ စိတ်ဓာတ်ခွန်အားပြန်တက်လာတာ (၁၀)လကျော်လောက်ပဲရှိသေးတယ်။ တတိယမြောက် လွှမ်းမိုးသူအကြောင်းရေးဖို့လည်း mood ပျောက်နေတယ်။ ဘယ်တော့ပြန်ရေးဖြစ်မလဲမှန်းလို့မရတော့ပြန်ဘူး။ ဒီအတိုင်းလေး စိတ်ထဲခံစားရတာလေး ချရေးမိသွားတယ်။ ရင်ထဲပေ့ါသွားအောင်လို့ပါ။

Thursday, September 20, 2012

လွှမ်းမိုးသောမိန်းမသားများ(၂)


မမစနိုးခန့်မှန်းသွားသလိုပဲ ကိုယ့်ကို လွှမ်းမိုးတဲ့သူတွေထဲမှာပါတဲ့ ဒုတိယမြောက် အမျိုးသမီးကတော့ ဆရာမ ဂျူးပါ။ ဆရာမ ကိုယ့်ဘဝထဲကို ဝင်လာတာက တကယ်ကို အမှတ်ရစရာ။
ကိုယ် ဆယ်တန်းအောင်ပြီးတော့ ပြင်ပဗဟုသုတစာတွေ အရမ်း ဖတ်တော့တာ။ ဒါပေမယ့် ဆရာမရေးတဲ့စာတွေဟာ living together ဆန်ဆန်တွေပါတယ်ဆိုတဲ့ မေမေ့ရဲ့ စကားတစ်ခွန်းနဲ့တင် ဆရာမနဲ့ ကိုယ်နဲ့တွေ့တာ နောက်ကျခဲ့ရတာပေါ့။ ဒါ့ကြောင့် ကိုယ့်လက်ထဲရောက်လာတဲ့စာအုပ်တွေက ဂျာနယ်ကျော်မမလေး၊ဆရာကြီး မြသန်းတင့်တို့ပါ။ ကိုယ်ဒုတိယနှစ်လောက်မှာ ကိုယ့်ညီမတွေနဲ့ သူတို့သူငယ်ချင်းတွေ ကိုယ့်ရှေ့မှာ စာအုပ်တစ်အုပ်အကြောင်းလာငြင်းခုန်နေကြတယ်။ အဲဒီတုန်းက ကိုယ်က စာဂျပိုးဆိုတော့ ကိုယ့်ရဲ့ ထင်မြင်ချက်ကို သိချင်ကြလို့ ဖတ်ကြည့်ပေးပါလို့ တောင်းဆိုကြတယ်။ ကိုယ်က သူတို့ကိုအရေးမလုပ်နိုင်ဘဲ ဂျာနယ်ကျော်မမလေးစာအုပ်တွေပဲ သဲကြီးမဲကြီးဖတ်နေတာ။ ဒီလိုနဲ့ ဒုတိယနှစ်စာမေးပွဲဖြေပြီးတော့ ကိုယ် မြစ်ကြီးနားက ညီမလေး ထိုက်ထိုက်နဲ့ Pen Friend ဖြစ်လာတယ်။ သူနဲ့ စာအုပ်တွေအကြောင်း တော်တော်ဆွေးနွေးဖြစ်တာ။ အဲဒီမှာတင် သူက ဂျူးရေးတဲ့ “ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်” ဖတ်ကြည့်ပါတဲ့။ သူနဲ့ဆွေးနွေးရအောင်တဲ့။ ဒါနဲ့ ကိုယ်လည်း စာအုပ်ဆိုင်သွားပြီး ဆရာမ စာအုပ်သွားရှာဖတ်ရတာပေါ့။ အဲဒီမှာတင် ကိုယ့်ညီမတွေက ပွစိပွစိနဲ့ သူတို့ဖတ်ခိုင်းတုန်းက မဖတ်ဘဲ သူ့သူငယ်ချင်းဖတ်ခိုင်းမှ ဖတ်တာဆိုပြီး ရန်လုပ်ကြသေးတယ်။အိုး အဲဒီတစ်အုပ်နဲ့တင် ဆရာမက ကိုယ့်နှလုံးသားကို အပိုင်သိမ်းသွားတာ။ ကိုယ့်မှာ ကြိုက်လွန်းလို့ သိမ်းထားချင်လို့ စာအုပ်ဆိုင်တွေသွားရှာဝယ်တာတောင်မရဘူး။ မန္တလေးကစာအုပ်ဆိုင်တွေ ရှာခိုင်းတော့လည်း မရဘူး။ နောက်တော့  ကိုယ့်သူငယ်ချင်းတစ်ယောက်က ရန်ကုန်ကနေမှာပြီး ကိုယ့်ကို မွေးနေ့လက်ဆောင်ပေးခဲ့တာ။ အဲဒီကတည်းက ဆရာမကို ကိုယ်အရမ်းချစ်သွားခဲ့တာ။ ဆရာမစာအုပ်တွေဆို ငှားမဖတ်ဘဲ ဝယ်ဖတ်တယ်။ ဆရာမရဲ့ အတွေးက ရဲရင့်တာ living together ဆန်ဆန်မဟုတ်ဘူးဆိုတာ ကိုယ်သိလိုက်ရတယ်။ ဆရာမက စာအုပ်ထွက်တာကြဲတော့ ကိုယ့်မှာ စောင့်ဖတ်ရတာ တမေ့တမောပဲ။ ဆရာမ စာအုပ်တွေ လက်လွှတ်လိုက်ရမှာစိုးလို့ သတင်းစာမှန်မှန်ဖတ်ဖြစ်တာ စာအုပ်ကြော်ငြာများ တွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ဆိုတာ ကိုယ်ပဲသိတယ်။ စာအုပ်ကြော်ငြာထားတာတွေ့ပြီဆို စာအုပ်ဆိုင်ချက်ချင်းသွားမေးတာ။ မရောက်သေးဘူးပြောလွှတ်ရင် နေ့တိုင်းကို သွားမေးတာ။ အဲဒီလို ကိုယ်အရမ်းလိုချင်နေတဲ့အချိန်စာအုပ်ဝယ်မရရင် ကိုယ်က ဘာမဆိုင် ညာမဆိုင် မုံရွာမှာ နေရတာ စိတ်တိုလာတာ။ လိုချင်ရင် ဘာနေနေချက်ချင်းမရဘူးဆိုပြီး ကိုယ့်မြို့လေးကို ဒေါသတွေထွက်လာတာဟာ ဆရာမကို ချစ်မြတ်နိုးစိတ်ကြောင့်ပါ။
ပြီးခဲ့တဲ့နှစ်က ကိုယ် အလုပ်နဲ့ပတ်သက်ပြီး Training ဆင်းနေရတဲ့ကာလဆိုတော့ ရန်ကုန်မှာရှိနေခဲ့တယ်။ ရုံးပိတ်ရက်မှာ လှည်းတန်းက အင်းဝစာအုပ်တိုက်မှာ စာအုပ်တွေဝင်မွှေနေတယ်။ စာအုပ်တွေကြည့်ရင်း စာအုပ်စင်ပေါ်မှာ ဆရာမရဲ့ စာအုပ်တွေ့လိုက်ရတော့ ရင်ခုန်သွားတယ်။ ခေါင်းစဉ်ဖတ်လိုက်ရတော့ ပိုရင်ခုန်သွားတယ်။ “ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ” တဲ့။ ဆရာမ က ခေါင်းစဉ်လှလှတွေနဲ့ စာဖတ်သူနှလုံးသားကို ထိထိမိမိ သိမ်းပိုက်တာ။ ပြီးတော့ ဆရာမရဲ့ ဇာတ်ကောင်တွေက ကိုယ့်ကို တော်တော်စိုးမိုးတာ။ စာအုပ်တွေဖတ်ပြီး တခါတရံ ပြည်မိုးငြိမ်းဖြစ်ချင်လိုက်၊ တခါတလေ ခွန်သာဖြစ်ချင်လာလိုက်၊ မြဝန်းရံ ဖြစ်ချင်လာလိုက်၊ အေသင် ဖြစ်ချင်လာလိုက်နဲ့လေ။
ကလျာမဂ္ဂဇင်းမှာပါတဲ့ ဆရာမရဲ့ ဆောင်းပါးတွေလည်း ကိုယ်က မလွတ်တမ်းဖတ်ဖြစ်တာ။ ခုနောက်ပိုင်း ဆရာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ စာတွေအရေးများလာတာဆိုတော့ ဆရာမကို ချစ်တဲ့ကိုယ်လည်း ကိုယ်နိုင်တဲ့အားလေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်လာတာ၊ အစိမ်းရောင်တွေကို ချစ်တတ်လာတာ၊ သစ်ပင်တွေကို ချစ်တတ်လာတော့တာ။ တခါတလေ တစ်ရှူးလေးသုံးမှာက အစ ကိုယ့်မှာ ချင့်ချိန်နေမိတာ။ ဟုတ်တယ်လေ။ တစ်ရှူးဆိုတာ ဝါးပင်လေးတွေက ရတာမလား။ မလိုအပ်ဘဲ ပိုများသုံးမိရင် ဝါးပင်တစ်ပင်သေဆုံးဖို့အတွက် ကိုယ့်အပြစ်ကြီးလို အပြစ်မကင်းသလို ခံစားမိတော့တာ။ Thesis လုပ်တုန်းကလည်း တစ်ဖက်လွတ်စာရွက်တွေသုံးတာ နှမြောလို့မဟုတ်ဘဲ စာရွက်ဆိုတာ ဝါးပင်က ဖြစ်လာတာမို့ မလိုအပ်ဘဲ ဝါးပင်တွေအခုတ်ခံရမှာ စိုးရွံ့တဲ့ စိတ်လေးနဲ့ပေမယ့် ကိုယ် က အပေါင်းအသင်းတွေကြား ဆရာမတွေကြားမှာ ကပ်စေးနှဲဘွဲ့ခံယူခဲ့ရတာ ၊ ငကြောင်ဆိုတဲ့ အကြည့်တွေနဲ့ အကြည့်ခံခဲ့ရတာ။ ဒါပေမယ့် ကိုယ်ဝမ်းမနည်းပါဘူး။ ကိုယ်ဆရာမကို ချစ်တယ်။ လေးစားတယ်။ တစ်ခါကလည်း လမ်းချဲ့မှာမို့ ကိုယ်တို့ရုံးရှေ့က လူလေးယောက်ဖက်စာလောက်ရှိတဲ့ သစ်ပင်ကြီး ခုတ်ပစ်လိုက်တုန်းကဆို ကိုယ် ငိုချင်စိတ်တောင်ပေါက်ခဲ့တာ။ ခုတ်လှဲလိုက်တဲ့ သစ်ပင်ဟာ သူ့အလေးချိန်နှစ်ဆ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေပြန်ထုတ်တတ်တာဆိုတော့ ကိုယ်ငိုချင်လာတာ မဆန်းပါဘူးနော်။ ဒီနေ့ခေတ်မှာ ဘာဝယ်ဝယ် ကြွပ်ကြွပ်အိတ်တွေနဲ့ ထည့်ပေးတိုင်း ကိုယ်ငယ်ငယ်က အကြော်ဝယ်တာတောင် ဗယာကြော်ကွင်းလေးတွေကို နှီးကြိုးလေးနဲ့ ချည်ပြီး ထည့်ပေးတဲ့ အကြော်ဆိုင်လေးကို ကိုယ်တမ်းတမိတုန်း။ ပြီးတော့ နီးနီးနားနားသွားရင်လည်း ကိုယ်ကဆိုင်ကယ်လေးနဲ့ပဲ သွားနေကျ။ ဒါဆို ကိုယ့်ဆိုင်ကယ်ကထွက်မယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကလည်း ကမ္ဘာကြီးကို ပူနွေးစေမှာပဲနော်။ ဒါနဲ့  ဟိုနားဒီနားသွားဖို့ စက်ဘီးစီးမယ်ဆိုတော့ ဆယ်တန်းတုန်းကစီးခဲ့တဲ့ စက်ဘီးကို အိမ်မှာ ရှုပ်တယ်ဆိုပြီး ကိုယ်က ရောင်းပစ်ခဲ့တာ။ အသစ်တစ်စီးကို ကိုယ့်လစာနဲ့ ဝယ်လို့ရပေမယ့် စက်ဘီးရောင်းစားထားတဲ့အတွက် ကိုယ့်မေမေက ထောင်းမှာ အသေအချာပဲ။ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲဆရာမရယ်။ တစ်ရက်မှ မေမေ့ကို စက်ဘီးတစ်စီးလောက်ဝယ်ပေးဖို့ ချော့ပြောရဦးမယ်။  ပြီးတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုယ်နဲ့ အစိမ်းသတ်သတ်ဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ Certificate (ဒါမှမဟုတ်) Diploma ရအောင်ယူပေးမယ်လို့ ကိုယ်ရည်မှန်းထားပြီးသား။
ဆန္ဒတွေရှိသည်။ မျှော်လင့်ချက်တော့မရှိပါ။ သို့သော် ဆရာမကို ကိုယ်အရမ်းချစ်သည်။
ချစ်ခြင်းတူသော်မှဖြင့် ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါရစေ။
(Acquarius နတ်သမီး မမစနိုးရေ ကိုယ့်ရဲ့ တတိယမြောက်လွှမ်းမိုးသူကို ခန့်မှန်းပေးပါလား။ ဘလော့ဂ်ဂါ  မောင်နှမတွေလည်း ခန့်မှန်းပေးကြပါ။ ခန့်မှန်းတာမှန်တဲ့သုံးယောက်ကို ဆရာမဂျူးရဲ့ နောက်ထွက်မယ့် စာအုပ်လက်ဆောင်ပို့ပေးပါ့မယ်။ သဲလွန်စပေးမယ်။
တတိယမြောက်လွှမ်းမိုးသူဘယ်သူဖြစ်မယ် ထင်လဲ။
အခုတလော သူအသဲကွဲနေတယ်။
Celebrity ထဲကပါ။ လွယ်လွယ်လေးနော်။)

Friday, September 14, 2012

လွှမ်းမိုးသော မိန်းမသားများ(၄)


လေးယောက်မြောက် ကိုယ့်ကို လွှမ်းမိုးတဲ့ မိန်းမသားတစ်ယောက်ကတော့ တစ်ခါတစ်ရံ ကိုယ်က “ငြိမ်း” လို့ အဖျားဆွတ်ခေါ်တတ်ပြီး များသောအားဖြင့်တော့ “မ” လို့ပဲခေါ်တတ်တဲ့ ကိုယ့်အလုပ်ထဲက မမတစ်ယောက်ပါ။
သူငယ်ချင်းတွေက အစ်ကိုအရင်း လိုချင်ကြတဲ့အချိန်မှာ ကိုယ်ကတော့ အစ်မအရင်းတစ်ယောက်လောက်ပဲ အမြဲလိုချင်ခဲ့တာ။ ဘာလို့လဲဆိုတော့ မောင်နှမဝမ်းကွဲထဲမှာ အစ်ကိုတွေများတာကြောင့်ရယ် ပြီးတော့ မိန်းကလေးတွေထဲမှာလည်း ကိုယ်က အကြီးဆုံးဆိုတော့ ညီမအရင်းတစ်ယောက်လောက်ရှိရင် ကောင်းမှာလို့ တွေးကို မတွေးခဲ့တာ။ ကိုယ်က ဆိုးနွဲ့လို့ ရမယ့် အစ်မတစ်ယောက်လောက်ပဲ လိုချင်ခဲ့တာ။
မမက ကိုယ့်ရဲ့ Dept Head ပါ။ ကိုယ်မသိတဲ့အလုပ်တွေဆို စိတ်ရှည်ရှည်၊စေတနာပါပါနဲ့ အမြဲရှင်းပြ ကူညီတတ်တယ်။ ကိုယ်ရန်ကုန်မှာ Training တက်တုန်းက မမနဲ့ ရင်းရင်းနှီးနှီး ခင်မင်ခွင့် မရခဲ့တဲ့အတွက် အဲဒီနေ့ရက်တွေကို နောင်တရမိတယ်။ စကားပြောတာအရမ်းမြန်ပြီး မမပြောတဲ့စကားတိုင်းကို ကိုယ်က အမိအရနားလည်ဖို့ ကြိုးစားရတယ်။
လွန်ခဲ့တဲ့ ဆယ်လလောက်ကတော့ ကိုယ်အလုပ်ထွက်ဖို့ ရည်ရွယ်ခဲ့တယ်။ ကိုယ့်လက်ထဲမှာ ကမ္ဘောဇဘဏ်လက်ထောက်မန်နေဂျာ လျှောက်လွှာက ရောက်လာခဲ့ပြီးသား။ ဒါပေမယ့် မမနဲ့ ဖုန်းပြောပြီးတော့ ကိုယ့်စိတ်ကူးတွေပြောင်းသွားတယ်။ ကိုယ်အလုပ်မထွက်ဖြစ်တော့ဘဲ ဒီကုမ္ပဏီမှာ ဆက်လုပ်ဖြစ်နေတာ မမကြောင့်ပဲ။ မမသာ ကိုယ့်အစ်မအရင်းဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိတာလည်း ခဏခဏပါပဲ။ မမကလည်း ကိုယ့်လိုပဲ တစ်ဦးတည်းသော သမီး။ မမကို ချစ်မိသွားကတည်းက ကိုယ့်အချိုးတွေတကယ်ပြောင်းသွားတော့တာ။ ညညဆို အစောကြီးအိပ်ပြီး လောကကြီးကိုရော ပတ်ဝန်းကျင်ကလူတွေကိုရောမေ့ထားတတ်တာ။ ဒါကို မမက အချိန်တွေ နှမြောစရာကောင်းတယ် ပြောကတည်းက ကိုယ်က စာတွေပြန်ဖတ်ခဲ့တာ။ နောက်ပြီး အရင်ကဆိုရင် ကိုယ့်အလုပ်ကို တာဝန်ကျေအောင်လုပ်တတ်ပေမယ့် ကိုယ်မပျော်ခဲ့ဘူး။ ကိုယ်တကယ်မပျော်ခဲ့ဘူး။ အခုတော့  ကိုယ့်ခေါင်းထဲမှာ မမလက်အောက် အလုပ်လုပ်နေရတာ သိပ်ပျော်ဖို့ကောင်းသလို သိပ်ကြည်နူးဖို့လည်း ကောင်းတယ်ဆိုတဲ့ အတွေးပဲ ရှိတော့တာ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်ခါတစ်ရံ အဆင်မပြေမှုလေးတွေရှိတဲ့အခါ မမအကြောင်းတွေးလိုက်မိရင် အဆင်မပြေမှုတွေ အလိုလိုပျောက်ကွယ်သွားတာ။
မမ ကိုယ်မမကို ချစ်တာ လေးစားတာ ကိုယ့်တက်လမ်းအတွက် မဟုတ်ဘူးနော်။ မမဟာ ကိုယ့်တက်လမ်းရဲ့ လှေကားထစ်မဟုတ်ပါဘူး။ ဒါကို မမနားလည်ပါ။ ဘေးလူတွေအမြင်မှာ ကိုယ်က မမနဲ့ ခင်ခွင့်ရအောင်ကြိုးစားပြီး တက်လမ်းအတွက် ရည်ရွယ်နေတယ် ထင်ချင်ထင်လိမ့်မယ်။ အဲလိုလုပ်ရအောင်လဲ ကိုယ့်အရည်အချင်း မညံ့တာ မမသိပါတယ်။ ဒီကုမ္ပဏီမှာ မဟုတ်ဘဲ တခြားမှာဆိုလဲ ကိုယ့်အတွက် နေရာကောင်းကောင်းရနိုင်တာ မမသိမှာပါ။ ပြီးတော့ လစာကောင်းကောင်းရဖို့အတွက်လည်း မဟုတ်ဘူးနော်။ ကိုယ့်အိမ်က ကျိကျိတက်မချမ်းသာပေမယ့် ကိုယ့်တစ်ယောက်အတွက်တော့ လိုလေးသေးမရှိထားနိုင်တယ်။ ကိုယ်မက်မောတာ ရာထူးဂုဏ်ဒြပ်မဟုတ်ဘူး။ ငွေကြေးချမ်းသာမဟုတ်ဘူး။ ကိုယ်တန်ဖိုးထားပြီး တကယ်လိုချင်တာက မေတ္တာစစ်စစ်ပါ။ မမဆီက မေတ္တာစစ်စစ်ကိုပဲ ကိုယ်မျှော်လင့်တာ။
ပြီးခဲ့တဲ့ အပတ်က ကိုယ် မမကို ဖုန်းဆက်ပြီး အလုပ်ကိစ္စလေးတွေမေးတယ်။ ကိုယ့်ရဲ့ အမှားတွေကို မမက ငေါက်တယ်။ အမှန်ဆို အဲလောက် ဆူစရာမလိုတဲ့ ကိစ္စလေးကို မမက ကိုယ့်ကို ပိုးစိုးပက်စက် ဆူတယ်။  မမဆူနေတဲ့ အသံကြားရတော့ ကိုယ်ပြုံးမိတယ်။ ကိုယ့်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားခဲ့ရတာ။ တခြားလူဆိုရင်လည်း မမအဲဒီလောက်မဆူမှာ ကိုယ်သိတယ်။ တခြားလူသာဆိုရင်တော့ Dept Head အဆူခံရရင် စိတ်တော်တော်ညစ်ကြတာ။ ကိုယ်ကတော့ မမဆူတာ ခံရတာကို ပျော်နေမိတာ။ မမအသံကို နားထောင်ရတာ ကိုယ့်ကို အားမလိုအားမရတွေဖြစ်လို့။ ကိုယ်သာအနားမှာ ရှိရင် ဗိုက်ခေါက်ဆွဲလိမ် ခံရမလားမသိဘူး။ သူများတွေကတော့ Accounting Software သုံးရတာ အဆင်ပြေပြေဖြစ်ဖို့ ဆုတောင်းနေကြချိန် ကိုယ်ကတော့ Software ပြဿနာတက်ပါစေ ဆိုပြီး ကြိတ်ဆုတောင်းနေတာ။ Software မှာ error တက်ရင် ကိုယ့်မှာ ထခုန်မိမတတ်ဝမ်းသာတာ။ စာရင်းပြဿနာတွေတက်ရင် မမကဖြေရှင်းပေး။ ပြီးတော့ မမ ရှင်းပြတာတွေကိုယ်မသိတဲ့အခါ အဆူအငေါက်ခံရ။(တစ်ခါတစ်လေ ကိုယ်သိရယ်သားနဲ့ မသိချင်ယောင်ဆောင်နေတာ။) စိတ်ရှည်ရှည်နဲ့ ရှင်းပြနေရင်းနဲ့ ကိုယ်သဘောမပေါက်ရင် မမအသံတွေက တဖြည်းဖြည်း ဒေါသသံတွေပါလာ။ အဲဒီအခါကျ ကိုယ်က တစ်ယောက်တည်း ရယ်ချင်စိတ်ကို အောင့်အီးထားရတာ။ အဲဒီ mood လေးကို ကိုယ်က ခုန်မင်နေမိပြီ မမရဲ့။
အထူးသဖြင့် ကိုယ့်သူငယ်ချင်းတွေ ၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေကြားမှာဆို ကိုယ်သိတာတွေများပေမယ့် မမရှေ့ရောက်ရင် ကိုယ်က ဘာမှမသိတော့တဲ့ ကလေးတစ်ယောက်လိုဖြစ်ဖြစ်သွားတာ။ ကိုယ်သိတာတွေက မမနဲ့ ယှဉ်ရင် သေးသေးလေးဖြစ်သွားတာ။ အဲဒီ ခံစားချက်ကို ကိုယ်အရမ်းနှစ်သက်တယ်။ မမရှေ့မှာ ကိုယ် သေးသေးလေးပဲ ဖြစ်ချင်တယ်။ တခြားသူတွေရှေ့မှာ အရာရာပြည့်စုံနေတဲ့သူ မဖြစ်ချင်ဘူး။
တခြားသူတွေရှေ့မှာ တော်တဲ့သူမဖြစ်ချင်ဘူး။
မမရှေ့မှာ ခပ်ညံ့ညံ့ ချာတိတ်တစ်ယောက်ပဲဖြစ်ချင်တယ်။
တခြားသူတွေရှေ့မှာ အကြီးကြီးမဖြစ်ပါရစေနဲ့။
မမ ကိုယ်မမရှေ့မှာ သေးသေးလေးပဲဖြစ်ချင်တယ်။
မမရှေ့မှာ သေးသေးလေးပဲဖြစ်ချင်တယ်။
          ကိုယ် မမကို တကယ်ချစ်ခင်လေးစားပါတယ်။ ကိုယ် မမလက်အောက်မှာ အလုပ်လုပ်ခွင့်ရတာ အရမ်း ပျော်တယ်။ လုပ်ငန်းခွင်ထဲက အဆင်မပြေမှုတွေရှိပေမယ့် ကိုယ်ရှေ့ဆက်လျှောက်နေနိုင်တာ မမကြောင့်ပါ။ ကိုယ့်မေတ္တာရောင်ပြန်ဟပ်ခွင့်ရပါရစေ။
          (စာကြွင်း။ စာရေးသူကို လွှမ်းမိုးတဲ့ မိန်းမသားတွေက စာရေးသူကို နေ့ရက်တိုင်း အချိန်တိုင်း နီးပါးကို တကယ်လွှမ်းမိုးတာပါ။)
မှတ်ချက်။        ။တကယ်တမ်းချရေးမိသွားတာက လေးယောက်မြောက် လွှမ်းမိုးသူအကြောင်း ဖြစ်နေတဲ့အတွက် စာရေးသူကို ခွင့်လွှတ်ကြပါ။ ရင်ထဲရောက်လာတဲ့အကြောင်းအရာလေးမို့အရင်ရေးလိုက်မိတာပါ။ မေမေပြီးရင် မမက စာရေးသူကို အရမ်းလွှမ်းမိုးနိုင်တဲ့သူထဲမှာ ပါနေလို့ပါ။

Tuesday, September 11, 2012

လွှမ်းမိုးသော မိန်းမသားများ (၁)


         
         ကိုယ့်ကို လွှမ်းမိုးတဲ့ မိန်းမသားလေးယောက်ရှိပါတယ်။
          ပထမဆုံးတစ်ယောက်ကတော့ ကိုယ့်မေမေပဲပေါ့။ ကိုယ့်ဖေဖေနဲ့ မေမေ အိမ်ထောင်သက်လေးနှစ်ကြာမှ ကိုယ့်ကို မွေးခဲ့တာလို့ ကိုယ့်မေမေကပြောခဲ့ဖူးတယ်။ ကလေးလိုချင်ပေမယ့် ချက်ချင်းမရခဲ့တာ။ လေးနှစ်နေမှ ကိုယ့်တစ်ယောက်တည်း ရခဲ့တာဆိုတော့ ကိုယ်ဟာ မေမေရဲ့ အချစ်တော်ဆိုလည်း မမှားပါဘူး။ တစ်ဦးတည်းသောသမီးဆိုပေမယ့် ကိုယ်က မေမေ့ကို ပွတ်သီးပွတ်သပ်နေပြီး ချွဲနွဲ့တတ်တဲ့သူထဲတော့ ကိုယ်မပါခဲ့ဘူး။ အပြင်မှာ ဘယ်လောက်ပဲ အဆင်မပြေဖြစ်ဖြစ် ကိုယ့်မိဘတွေရှေ့မှာတော့ ကိုယ်က ပျော်ရွှင်သယောင်နေပြခဲ့တာလည်း ကိုယ့်ကို စိတ်ပူစိုးရိမ်နေမှာ စိုးခဲ့လို့ပဲ။
          မေမေက ကိုယ်နဲ့ပတ်သက်ရင် အရာရာကို ဆက်ဆက်ထိမခံဘဲ။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို မေမေက သားသမီးအရင်းလိုဆက်ဆံတတ်သလို ကိုယ့်အပေါ်မကောင်းတဲ့သူတွေအကြောင်းကိုတော့ ပွစိပွစိ မြည်တွန် တောက်တီးတတ်တာ ကိုယ်တောင်နားငြီးယူရတဲ့အထိ။
          မေမေဖြစ်စေချင်တာတွေလိုက်လုပ်ပေးရတာလည်း ကိုယ့်ရဲ့တာဝန်ဆိုလည်းမမှားဘူး။ ဒါပေမယ့်ကိုယ်က ပြန်ပြောနားထောင်လူမျိုးဆိုတော့ မေမေတစ်ခုခုပြောလိုက်ရင် ကိုယ်က ညစ်ကျယ်ကျယ်နဲ့ အတွန့်တက်လိုက်ရမှ ကျေနပ်တာ။ အဲလိုအတွန့်တက်ပေမယ့် ကိုယ်က မေမေ့ပြောစကားကိုတော့ အမြဲနားထောင်ခဲ့တာပေါ့။ ကိုယ် ဘယ်သွားသွား မေမေ့အတွက်နဲ့ ကိုယ်ချစ်တဲ့သူအတွက်တော့ အမြဲလက်ဆောင်ပါတတ်တာ ကိုယ့်အကျင့်။ ကိုယ်မူလတန်းကျောင်းသူဘဝတုန်းက ကျောင်းက ပြန်လာတော့ ကိုယ့်ဘောင်းဘီအိတ်ထဲမှာ မေမေ့အတွက်ဆိုပြီး ဝယ်လာတဲ့ မြင်းခွာရွက်သုပ်ထုပ်လေးအကြောင်း မေမေက အခုထိ အမှတ်တရနဲ့ တခုတ်တရ ပြောနေတုန်း။ ကိုယ်တောင်မမှတ်မိတော့ဘူး။ မုန့်စားဆင်းချိန်ကတည်းက ဝယ်ထားတာဆိုတော့ ညနေကျောင်းဆင်းပြန်ရောက်ချိန်မှာ အဲဒီအသုပ်ဟာ ဘယ်ကောင်းနိုင်ပါ့မလဲနော်။ ဒါပေမယ့် မေမေက ကိုယ်သတိတရဝယ်လာတာဆိုတော့ ကျိတ်မှိတ်ပြီးလည်း စားချင်စားခဲ့မှာပဲ။
          ကိုယ့်အသက်ဟာ မေမေကိုယ်တိုင် သုံးကြိမ်သုံးခါကယ်တင်ပေးခဲ့တာ။ ကိုယ့်မှာ မေမေပေးတဲ့ အသက်သုံးသက်ရှိတယ်။ ပထမတစ်ကြိမ်က ကိုယ်သုံးတန်းလောက်မှာ သွေးလွန်တုပ်ကွေးဖြစ်ခဲ့တာ။ ကော်ဖီရောင်တွေအန်တာပေါ့။ ကိုယ့်မေမေက ကော်ဖီရောင်တွေအန်တာဆိုတော့ ဆေးခန်းမြန်မြန်ပို့ခဲ့တာ။ ဆေးခန်းပို့တာ ငါးမိနစ်ပဲနောက်ကျရင် ဒီနေ့ကိုယ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
          ဒုတိယအကြိမ်ကတော့ ကိုယ်အကြီးအကျယ်နေမကောင်းဖြစ်တာလေ။ ကိုယ်ကွန်ပျူတာဂုဏ်ထူးတန်း စာမေးပွဲဖြေရင်းတန်းလန်း နေမကောင်းခဲ့တာ။ စာမေးပွဲမှာ နောက်ဆုံးတစ်ဘာသာ မဖြေလိုက်ရဘူး။ ကိုယ့်ရဲ့ အိပ်ပျက်ညတွေနဲ့အတူ ကိုယ့်မေမေပါ စိတ်ရောလူပါ ပင်ပန်းခဲ့တာ။ နှစ်လနီးပါးလောက် ကိုယ်အိပ်ရာထဲလဲခဲ့တာ။ မေမေကြောင့် ကိုယ်ကျန်းမာရေး ပြန်ကောင်းလာခဲ့တာ။
          တတိယအကြိမ်ကတော့ ကိုယ့်ကျန်းမာရေးကြောင့် ကိုယ်စာမေးပွဲမဖြေလိုက်ရဘူး။ အိပ်ရာထဲလဲနေတဲ့အချိန်မှာ ကိုယ့်ရဲ့ ပညာရေးရည်မှန်းချက်ကို စွန့်လွှတ်ခဲ့ရတယ်။ စိတ်ဓာတ်တွေအပြိုပြိုအလဲလဲနဲ့ ကိုယ့်ယုံကြည်ချက်တွေပျောက်ဆုံး ခဲ့တာ။ လူသေတာထက် စိတ်သေတာက ပိုဆိုးတာ။ ကျောင်းမှာကိုယ်က စာအတော်ဆုံးစာရင်းထဲ ထိပ်ဆုံးက ပါခဲ့တာဆိုတော့  မာစတာဝင်ခွင့်ကို စွန့်လွှတ်လိုက်ရတဲ့ အချိန် ကိုယ်စိတ်အရမ်းထိခိုက်ခဲ့တာ။ ကိုယ်အောင်မြင်တုန်းက သူငယ်ချင်းတွေ ကိုယ့်အနားမရှိတော့တာ။ ကိုယ့်ရှေ့မှာ ကွန်ပျူတာနဲ့ပတ်သက်ရင် သူတို့ကြားဖူးနားဝတွေ လာရွတ်ပြပြီး စိတ်ထိခိုက်အောင်လုပ်ခဲ့တာ။ မာစတာဝင်ခွင့် စွန့်လွှတ်လိုက်ရတဲ့သူရှေ့ ဒေါက်တာဘွဲ့အကြောင်း နားကြားပြင်းကပ်အောင် ရွတ်ပြရင်း လူက စိတ်နဲ့ အသတ်ခံခဲ့ရတာ။ ယုံကြည်ချက်ပျောက်ပြီး လူတွေကို ကြောက်သွားလိုက်တာ အပြင်တောင် ကိုယ်မထွက်တဲ့ အထိ ကိုယ်လဲပြိုခဲ့ဖူးတယ်။ အဲဒီလို ကိုယ်စိတ်ဓာတ်တွေ လဲပြိုနေချိန်မှာ မေမေက ကိုယ့်အနားမှာ အကောင်းဆုံးမိတ်ဆွေအနေနဲ့ ရှိခဲ့တာ။ နလန်ထခါစမှာ လုံးဝအနားမယူခိုင်းဘဲ LCCI သင်တန်းတွေတက်ခိုင်း၊MBA တက်ခိုင်းပြီး ကိုယ့်ယုံကြည်ချက်တွေကို ပြန်မွေးပေးခဲ့တာ။ အခုချိန်မှာတော့ ကိုယ်က မေမေ့ကျေးဇူးကြောင့် ကွန်ပျူတာ မာစတာပြီးပြီးသား သူငယ်ချင်းတွေထက်လစာပိုကောင်းနေတာ။ အခုချိန်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘွဲ့တွေက အနာဂတ်အတွက် အံဝင်ခွင်ကျဖြစ်နေတာ မေမေ့ကျေးဇူးကြောင့်ပါ။ အိုအားလုံးအားလုံးအတွက် မေမေ့ကို ကိုယ်ကျေးဇူးတင်မိပါတယ်။
          တခြားအရာတွေ ဆုံးရှုံးရလည်း အရေးမကြီးပါဘူး။ မေမေ့ကို ပိုင်ဆိုင်ခွင့်ရတာနဲ့တင် အရမ်းပြည့်စုံနေပါပြီ။ ကျေးဇူးတင်ပါတယ် မေမေ။ မေမေရဲ့ သမီးဖြစ်ခွင့်ရတဲ့အတွက်ပါ။