Sunday, July 29, 2012

ကလေးအတွေး


ဒီတစ်ခါတော့ ဖတ်ဖူးတဲ့ စာစုလေးအကြောင်းပြန်ပြောပြချင်ပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ မူရင်းစာရေးသူကိုတော့ စာထဲမှာရေးမထားပါဘူး။ဒါ့ကြောင့်တိုက်ရိုက်ဘာသာပြန်တဲ့နည်းကို မသုံးတော့ဘဲ အဲဒီစာလေးကို ပြန်ပြောပြတဲ့ပုံနဲ့ပဲ ရေးပါတော့မယ်။ အဲဒီစာထဲမှာ တွေးစရာတွေပါပါတယ်။
တစ်ခါက အရမ်းချမ်းသာတဲ့ လူကြီးတစ်ယောက်က သူ့သားလေးကို ဆင်းရဲသားတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ ပြချင်လို့ တောရွာဘက်ကို ခေါ်သွားခဲ့ပါတယ်။ အရမ်းဆင်းရဲတဲ့မိသားစုရဲ့ လယ်တောထဲမှာ နှစ်ရက်နဲ့ နှစ်ည နေခဲ့ကြတယ်။ အဲဒီနောက် မြို့ပြန်လာကြတယ်ပေါ့။ လမ်းမှာ ဖခင်ဖြစ်တဲ့သူက သားလေးကို မေးပါတယ်။ ခရီးကဘယ်လိုနေလဲပေါ့။ သားဖြစ်တဲ့သူကလည်း အရမ်းကောင်းတဲ့ခရီးစဉ်ပါလို့ပြန်ဖြေခဲ့ပါတယ်။ ဆင်းရဲသားတွေဘယ်လိုနေရသလဲဆိုတာ တွေ့ခဲ့လားလို့ ဖခင်ကမေးတော့ သားဖြစ်တဲ့သူကလည်း တွေ့ခဲ့တဲ့အကြောင်းပြန်ပြောပြတော့တယ်။ တွေ့တာတွေပြန်ပြောခိုင်းတော့ သားဖြစ်သူက သူတို့မှာ ခွေးတစ်ကောင်ပဲရှိတဲ့အကြောင်း၊ ဆင်းရဲသားတွေမှာတော့ ခွေးလေးကောင်တောင်ရှိတဲ့အကြောင်း။ သူတို့မှာ ခြံအလယ်ရောက်နေတဲ့ ရေကူးကန်တစ်ကန်ပဲရှိပြီး ဆင်းရဲသားတွေမှာတော့ အဆုံးမရှိတဲ့ကျယ်ပြောတဲ့ ရေကူးလို့လွတ်လွတ်လပ်လပ်ရှိတဲ့ ချောင်း ရှိကြောင်း။ သူတို့မှာ ခြံထဲမှာ မီးလုံးတွေပဲရှိပြီး လယ်သမားတွေမှာတော့ ညမှာ ကြယ်တွေလတွေမြင်ရတဲ့အကြောင်း။ သူတို့ခင်းထားတဲ့ကြမ်းပြင်ဟာ အိမ်ရှေ့ခြံထိပဲရောက်ပြီး ဆင်းရဲသားတွေက အကျယ်အဝန်းဟာ မိုးကုပ်စက်ဝိုင်းတစ်ခုလုံးအဆုံးအစမရှိပိုင်ဆိုင်ကြောင်း။ သူတို့မှာ နေစရာကျဉ်းကျဉ်းလေးပဲရှိပြီး ဆင်းရဲသားတွေမှာတော့ မျက်စိတစ်ဆုံးမြင်နေရတဲ့ လယ်ကွင်းရှိကြောင်း၊ သူတို့မှာ သူတို့ကို ခစားနေရတဲ့ အစေခံတွေပဲရှိပြီး လယ်သမားတွေကတော့ တခြားသူတွေကို ထောက်ပံ့ပေးနိုင်တဲ့အကြောင်း။ သူတို့က အစားအသောက်တွေကို ဝယ်စားရပြီး လယ်သမားတွေကတော့ သူတို့ကိုယ်တိုင်စိုက်စားကြကြောင်း။သူတို့မှာ သူတို့ကို ကာကွယ်ပေးတဲ့ တံတိုင်းတွေခတ်ထားပေမယ့် လယ်သမားတွေမှာတော့ သူတို့ကို ကာကွယ်စောင့်ရှောက်မယ့်အပေါင်းအသင်းမိတ်ဆွေတွေ ရှိကြောင်း ဖခင်ကို ပြောပြတာပေါ့။ ကလေးငယ်ရဲ့ဖခင်က ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားတယ်။ ဒါတောင် ကလေးက ဆက်ပြောလိုက်သေးတယ်။ “ကျေးဇူးတင်ပါတယ် ဖေဖေ။သားတို့ဘယ်လောက်ဆင်းရဲသလဲဆိုတာ ပြပေးလို့။” တဲ့လေ။
ဖခင်မြင်စေချင်တဲ့အတိုင်းမမြင်ဘဲ ကလေးက သူတွေ့တာလေးတွေကို ကလေးအတွေးနဲ့ ရှင်းရှင်းလင်းလင်းလေး ခံစားသွားတာပါ။ တကယ်တော့ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ ကိုယ်ရဲ့ခံယူချက်နဲ့လဲဆိုင်သလားလို့ပါ။ စာရေးသူတို့ကို မေးရင်တော့ ကလေးလေးလိုမြင်မှာ မဟုတ်တာတော့သေချာတယ်နော်။
ကလေးအတွေးနဲ့ပတ်သက်ပြီး စာရေးသူကြုံဖူးခဲ့တာလေးပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က စာရေးသူ အင်္ဂလိပ်စာသင်တန်းတက်တော့ ဆရာကြီးက သူဖတ်ဖူးတဲ့ အကြောင်းအရာလေး စာရေးသူကို မေးပါတယ်။ ဆင်တစ်ကောင်ကို ရေခဲသေတ္တာထဲ ဘယ်လိုထည့်မလဲတဲ့။ စာရေးသူလည်း စဉ်းစားတာပေါ့။ အဖြေတွေကလည်း စုံလို့ပါ။ ခုတ်ထည့်မယ်။ ပိုင်းထည့်မယ် နဲ့ဖြေတာပေါ့။ ဆရာကြီးက မဟုတ်သေးဘူးတဲ့။ ရှင်းရှင်းလေးပဲတွေးပါတဲ့ ။ ဒီအဖြေကို ကလေးလေးတစ်ယောက်ဖြေထားတာရှိတယ်တဲ့။ တကယ်ပဲညံတာလားမသိဘူး။ ရှင်းရှင်းလေးကို တွေးလို့မရတာပါ။ ဆရာကြီးက ကလေးဖြေထားတဲ့အဖြေကို ပြောပြတော့ စာရေးသူအံသြသွားတာတော့အမှန်ပဲ။ ကလေးလေးရဲ့အဖြေက ဆင်ကို ရေခဲသေတ္တာဖွင့်ထည့်မှာပါတဲ့။ ရိုးရှင်းတယ်နော်။ စာရေးသူကတော့ ဆင်တစ်ကောင်လုံးရေခဲသေတ္တာထဲ ဆန့်အောင် ဘယ်လိုထည့်ရမလဲတွေးနေချိန်မှာ သူလေးကတော့ ဖွင့်ထည့်သွားပါတယ်။သူ့အဖြေက လုံးဝမှန်ပါတယ်။ ဘဝရဲ့ပုစ္ဆာတွေလည်း ဒီလိုပါပဲ ခက်ခက်ခဲခဲတွေစဉ်းစားပြီးဖြေရှင်းဖို့ ကြိုးစားပေမယ့် တကယ်ရိုးရိုးလေးဖြေရှင်းရတဲ့ အရာတွေအများကြီးပါ။ ဒါ့ကြောင့် စာရေးသူအကြံပေးချင်တာက ကလေးတွေနဲ့မိတ်ဖွဲ့ပါ။ စာရေးသူကတော့ ကလေးတွေရဲ့ ဘော်ဒါကြီးပါပဲ။ ကလေးတွေက ရိုးသားတယ်။ ဟန်ဆောင်မှုကင်းတယ်။ အရှိကိုအရှိအတိုင်း လွတ်လွတ်လပ်လပ်ခံစားတတ်ကြတယ်။ လူကြီးတွေလို မာယာတွေ နောက်ကျောဓားနဲ့ထိုးတတ်တဲ့အပြုအမူတွေမလုပ်ဘူး။ ဒါပေမယ့် တစ်ခုတော့ သတိထားနော်။ ကလေးတွေက သူတို့စားချင်တဲ့မုန့်ရသွားရင် လူကို အရေးမလုပ်တော့ဘူး။ ဒါလည်း ရိုးသားမှုတစ်ခုပါပဲလေ။ ဟုတ်တယ်မလား။
(စာရေးသူကို စာရေးကြဲတယ်ဆိုပြီး အားမလိုအားမရဖြစ်နေတဲ့ မမစံပယ် ဒီစာမူလေးနဲ့ ကျေနပ်ပါတော့။ စာရေးသူ အခု ACCA Part II ထဲက ဘာသာရပ်တစ်ခုဖြေဖို့သင်တန်းတက်နေပါတယ်။ အလုပ်တစ်ဖက်နဲ့ သင်တန်းတစ်ဖက်နဲ့ဆိုတော့ အရင်လိုတောင် စာမဖတ်နိုင်တော့ပါဘူး။ ရုံးမှာ အားတဲ့အချိန်လေး ဘလော့ဂ်တွေဝင်မွှေ ဖတ်ချိန်ပဲရှိပါတော့တယ်။ ဒါ့ကြောင့်စာရေးကြဲတာလေးကို နားလည်ခွင့်လွှတ်ပေးပါ မမရေ။ ပြီးတော့ စာရေးသူရဲ့ ဘလော့ဂ်တစ်ခုနဲ့တစ်ခုအပြောင်းမှာ စိတ်ဓာတ်ကျနေတာတော့အမှန်ပါပဲ။ ဘလော့ဂ်ပျောက်တာနဲ့ပတ်သက်ပြီး တစ်ပုဒ်ရေးပါဦးမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မမစံပယ်ရဲ့တွန်းအားကိုလည်း ကျေးဇူးတင်ပါတယ်။ မမစံပယ်တွန်းအားကြောင့်သာ ဒီစာမူဖြစ်လာတာပါ။)

Monday, July 23, 2012

ငြိမ်းအေးသောအချစ်(၃)


လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ရုံးက မန်နေဂျာကို Training တက်ချင်သည်ဟု သူတောင်းဆိုခဲ့သည်။ အမှန်တကယ်တော့ Training တက်ချင်သည့်ဆန္ဒထက် သူမကို တွေ့ချင်သည့် ဆန္ဒက ပို၍များနေသည်ကိုတော့ သူဝန်ခံပါသည်။ ရန်ကုန်မသွားခင် နှစ်ရက်အလိုကတည်းက သူ့မှာ နေမထိထိုင်မသာ စိတ်လှုပ်ရှားနေခဲ့သည်။ မသွားခင်ကတည်းက သူမနှင့် တွေ့ရရင်ဆိုသည့် အတွေးမျိုးဖြင့် သူကြည်နူးခဲ့ပါသည်။ ဒီတစ်ခေါက် ရန်ကုန်သွားရသည့် သူ့စိတ်တို့သည် လွတ်လပ်ပေါ့ပါးနေပါသည်။
ရုံးချုပ်ရောက်သွားသည့် ထိုမနက်ခင်းသည် သူ့မနက်ခင်းတွေထဲမှာ အလှပဆုံးဖြစ်သည်။ ထိုနေ့သည် စနေနေ့ဖြစ်သည်။ ထိုနေ့က ရန်ကုန်မှာ မိုးဖွဲဖွဲလေးရွာနေခဲ့သည်။ မနက်(၈)နာရီထိုးဖို့ သူဆက်လက်သည်းခံ စောင့်နေခဲ့သည်။ သူ သူမကို တွေ့ချင်နေပြီ။ သူမကို လွမ်းဆွတ်လှပြီ။ ရေးရေးလေးသာ မြင်ယောင်ဖူးသော သူမမျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး အလွတ်မှတ်ချင်လှပါပြီ။ တွေ့ရတော့မည်ဆိုတော့လည်း ရင်တွေခုန် ခြေဖျားလက်ဖျားတွေအေးစက်ကာ သူကြောက်စိတ်ဝင်လာမိသည်။
သူတို့သူငယ်ချင်းသုံးယောက် Training ခန်းထဲ တန်းမသွားဘဲ Account Dept ကို အရင်ဝင်သည်။ Morning Meeting လုပ်နေစဉ် သူက သူမနှင့် ခပ်လှမ်းလှမ်းမှာပဲ ရပ်နေခဲ့သည်။ သူ့သူငယ်ချင်းအပြောကတော့ သူမ သူ့ကို မြင်လိုက်သည့်အချိန်မှာ နည်းနည်းလေးပြုံးယောင်သန်းသွားတယ်ဆိုတာပါပဲ။ သူမနှုတ်ခမ်းတွေ သူ့ကြောင့် ကွေးညွှတ်သွားသည်တဲ့။  ထင်မှတ်မထားဘဲ တွေ့လိုက်ရလို့လည်း ဖြစ်နိုင်ပါသည်။ သူမနှင့် သူ တဒင်္ဂတော့ မျက်လုံးချင်း ဆုံလိုက်ပါသေးသည်။ အနည်းငယ် သွယ်လျသွားတဲ့ ခန္ဓာကိုယ်လေးနှင့်ချောင်ကျနေတဲ့ သူမမျက်နှာလေးက စာမေးပွဲဒဏ်၊ အလုပ်ဒဏ် ထိုပင်ပန်းသည့်ဒဏ်တွေကြောင့်ဆိုတာ သူကောင်းကောင်းနားလည်ပါသည်။
မနက်(၈)နာရီခွဲတော့ Training တက်ဖို့သွားရသည်။ Training ခန်းထဲမှာ သူသည် စာထဲ စိတ်ပါဝင်စားလို့မရဘဲ ရုံးဆင်းလျှင် သူမနှင့် လျှောက်လည်ခွင့်ရဖို့ ကြိုးပမ်းရမည့်အရေးကိုသာ စိတ်ပူနေမိသည်။ စနေနေ့မှာ ရုံးကို နေ့တစ်ဝက်ပဲတက်ရပါသည်။ သင်တန်းချိန်ပြီးတော့ သူတို့ Account Dept ကို ပြန်သွားကြသည်။ သူ့သူငယ်ချင်းက သူမနားသွားပြီး လက်ဆောင်ပေးနေသည်။ သူက လုပ်ဖော်ကိုင်ဖက်အစ်မတစ်ယောက်နားသွားပြီး အလုပ်ကိစ္စမေးသလိုလို ယောင်လည်လည် လုပ်နေမိသည်။ စားပွဲထိပ်ဆုံးမှာ ထိုင်ပြီး ကွန်ပျူတာ သုံးနေသော သူမကို ခဏခဏ ခိုးကြည့်မိတာလည်း အခါခါပင်။ နောက်ဆုံးတော့ သတ္တိမွေးကာ သူမနားသွားမိသည်။ ထမင်းလိုက်ကျွေးပါလားလို့ သူမကို မရဲတရဲတောင်းဆိုမိသည်။ သူ့တစ်သက်တာတွင် မည်သူ့ကိုမှ ထိုသို့ မတောင်းဆိုခဲ့ဖူးပေ။ သူမက မအားသည့်အတွက် လိုက်မကျွေးနိုင်ကြောင်း ငြင်းလိုက်ပြီး တနင်္လာနေ့မှ ကျွေးမယ်လို့ ကတိပေးလိုက်ပါသည်။ သူမျှော်လင့်ပြီးသားပါ။ သူမငြင်းမယ်ဆိုတာ သူမျှော်လင့်ပြီးသားပါ။ သူက အမှတ်မရှိစွာနဲ့ ဒီနေ့မအားရင် တနင်္ဂနွေ အိမ်လာလည်မယ်လေလို့ အလိုက်ကန်းဆိုးမသိစွာ ထပ်ပြောမိသည်။ တနင်္ဂနွေလည်း သူမက မအားဘူးတဲ့။ လှလှပပလေး အငြင်းခံရသည့်အတွက် သူ့မျက်နှာသူ ဖြတ်ရိုက်ချင်စိတ်ပေါက်သွားသည်။ “ ဘာ့ကြောင့်ဖုန်းမကိုင်တာလဲသိလား။ အရူးအလုပ်တွေလုပ်နေလို့။”တဲ့။ ဘာတဲ့ ဒါဆို သူ့အချစ်က အရူးပေါ့။ သူ့အချစ်သည် ဖြူစင်သန့်ရှင်းပါသည်။ သူ့မက်ဆေ့တွေကလည်း သူမကို သတိရလွမ်းဆွတ်လို့သာ ပို့နေခြင်းဖြစ်သည်။ သူမ အသက်(၃၂)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ သူကအဲဒီနေ့မှာ မက်ဆေ့ (၃၂)စောင် ပို့ပေးခဲ့တဲ့ သူ့အချစ်တွေက အရူးအပြုအမူလား။ သူမကိုယ်တိုင်တောင် သူက (၃၂)နှစ်ပြည့်အတွက် (၃၂) စောင်ပို့ပေးခဲ့တာ သတိထားမိရဲ့လားမပြောတတ်။ သူမနှင့် လုပ်ဖော်ကိုင်ဖက်တွေအကြား သူ့အကြောင်း ဘာတွေ ပြောပြထားပြီး ဘာတွေကို ဟားတိုက်ရယ်မောနေသလဲ။ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာမို့ သူ့ကို ခပ်တင်းတင်း ဆက်ဆံနေခြင်းလား။ သူမပုံစံက ဟန်ဆောင်နေရသည့် ခပ်စိမ်းစိမ်း ပုံစံမျိုး။ CCTV ကင်မရာတပ်ထားလို့သတိထားနေရသည့် ပုံစံမျိုး။ ပြီးတော့ သူ့အချစ်ကိုလည်း ဟားတိုက်ချင်နေသေးသည့် သွေးဆာနေသည့် ပုံစံ။ သူမ ဘာလို့သူ့အပေါ် ရက်စက်ပြနေတာလဲ။ သူ တကယ်နားမလည်နိုင်ပါ။
သူ စိတ်ကူးထားသည်က ရုံးဆင်းရင် သူမနှင့် လှည်းတန်းမှာ ကြာဇံဟင်းခါးနှင့် ထမင်းသုပ်စားမည်။ ပြီးရင် Shopping Centre တွေလျှောက်လည်ကာ သူမအတွက် အရုပ်လေးတစ်ရုပ်လက်ဆောင်ပေးမည်။ သူဝမ်းနည်းလာပေမယ့် သူမအတွက် စိတ်ကူးထားပြီးသား အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရပါမည်။ သူ့လက်တွေ့အစီအစဉ်ထဲမှာ ပါမလာတာက သူမနှင့်အတူ လှည်းတန်းက ကြာဇံဟင်းခါးနှင့် ထမင်းသုပ် မစားဖြစ်တာလေးတစ်ခုပဲရှိသည်။ အရုပ်လှလှလေးရှာဖို့ Junction Square ကို သူတို့သွားလည်ကြသည်။ အပြင်မှာ မိုးတွေရွာနေသလို သူ့ရင်ထဲမှာလည်း ငိုနေရပါသည်။ အားလုံးရိပ်မိကုန်မှာ စိုး၍ သူဟန်ဆောင်အားတင်းထားရသည်။ ရှုပ်ရှက်ခတ်နေသည့် လူတွေကြား သူ့ဒူးတွေ တကယ်ကို ကွေးညွှတ်ချင်လာသည်။ သူအရုပ်ဆိုင်ကို ရှာလို့မတွေ့သေး။ ဖြူ၊နီ၊ပြာ၊ဝါ ရောင်စုံ အလှတွေကြားမှာ သူ့စိတ်တွေ ရှုပ်ထွေးနောက်ကျိနေခဲ့သည်။
တွေ့ပါပြီ။ အရုပ်ဆိုင်။ ထိုအရုပ်ဆိုင်ကို ရောက်အောင် သူအမြန်သွားမိသည်။ လှလိုက်တဲ့ အရုပ်လေးတွေ။ ချစ်စရာကောင်းလိုက်တဲ့ အရုပ်လေးတွေ။ ကာတွန်းဇာတ်ကောင်ရုပ်လေးတွေ။ ဘယ်တစ်ခု ဘယ်တစ်ခုကများ သူမအတွက် အဆင်ပြေမည်လဲ။ ဘယ်အရုပ်က သူမပိုင်ဆိုင်ဖူးသည့် အရုပ်လဲ။ အရုပ်တွေအများကြီးကြားမှာ သူရွေးရခက်နေသည်။ အဲဒီအချိန် သူ့သူငယ်ချင်းကောက်ကိုင်လိုက်သည့် ခွေးရုပ်လေး။ ခရမ်းရောင်လည်စီးလေးနှင့် နူးညံ့ပြီး ချစ်စရာကောင်းသည့် ခွေးရုပ်လေး။ ထိုအရုပ်လေးကို သူမအတွက် သူက ရွေးချယ်လိုက်သည်။ ဒါပေမဲ့ နောက်ထပ်အရုပ်တစ်ရုပ်ကို သူရွေးချယ်ချင်သည်။ နောက်ထပ်ရွေးချယ်မည့် အရုပ်သည် သူမက ဖက်အိပ်နိုင်သော ထွေးပွေ့နိုင်သော ခပ်ကြီးကြီး အရုပ်ဖြစ်ရပါမည်။ ရှာရင်းရှာရင်း နဲ့ သူ့လက်ထဲ ခွေးရုပ်တစ်ရုပ်ထပ်ရောက်လာသည်။ ခွေးရုပ်လေးက ဝမ်းလျားမှောက်နေသည့် ပုံစံပါ။ ဆွယ်တာ အင်္ကျီလေးနှင့် ချစ်စရာကောင်းနေသည့် ထိုအရုပ်လေးကို သူမအတွက် ရွေးချယ်လိုက်ပါသည်။
အရုပ်တွေဝယ်ပြီးတော့ သူတို့နေ့လည်စာသွားစားကြသည်။ နေ့လည်စားစားပြီး သူ့ဗိုက်တွေအောင့်လာသည်။ သူငယ်ချင်းက သူ့အတွက် ဆေးသွားဝယ်နေတုန်း သူမဆီ ဖုန်းဆက်လိုက်သည်။ သူမအတွက် လက်ဆောင်ပေးချင်လို့ အိမ်လာချင်သည်ဟု ပြောမိသည်။ သူမက အပြင်ရောက်နေသည် ပြောပြီး တနင်္လာနေ့မှပေးဖို့ ပြန်ပြောသည်။ ဘယ်ဖြစ်မလဲ။ ဒီအရုပ်ကြီးတွေကို ရုံးမှာပေးလို့ ဘယ်ဖြစ်မလဲ။ သူမက သူ့ကို ဘာလို့လက်ဆောင် ခဏခဏပေးရတာလဲဟု ငေါက်ကာ ဖုန်းချသွားသည်။
ဆေးဝယ်ပြီး အပြေးအလွှားရောက်လာသည့် သူ့သူငယ်ချင်း။ အစာအိမ်အောင့်သည့် ဝေဒနာ သက်သာစေရန် လက်ထဲရောက်လာသည့် ဆေးကို မြန်မြန်ဝါးစားလိုက်ရသည်။ သူမအတွက် မပါမဖြစ်လက်ဆောင်တစ်ခု ဝယ်ဖို့ ကျန်ပါသေးသည်။ ခဏနားပြီး ချောကလက်ဝယ်ဖို့ City Mart ထဲ ဝင်မွှေရပြန်သည်။ သူမအတွက် ချောကလက်တစ်ဗူးဝယ်လိုက်သည်။ ဝယ်ခြမ်းပြီးထွက်လာတော့ အပြင်မှာ မိုးတွေရွာနေပါသည်။ Taxi ငှားကာ သူမအိမ်ကို သွားခဲ့သည်။ သူ့အပြုအမူက ဇွတ်တရွတ်ဆန်နေလားမပြောတတ်ပါ။ သူမနေသော လမ်းလေးကို ကြည့်ကာ သူလွမ်းဆွတ်လာပြန်သည်။ တစ်မြို့ထဲရှိနေပေမယ့် တွေ့ဆုံခွင့်မရသော သူ့အဖြစ်ဆိုး။သူမနေသော အခန်းဆီ မော့ကြည့်မိပေမယ့် သူတက်သွားကြည့်ဖို့ မကြိုးစားပါ။ အကယ်၍များ သူမအိမ်မှာ သူမရှိနေသည်ဆိုလျှင် သူနှင့် မတွေ့ချင်လို့ အပြင်ရောက်နေသည်ဟု လိမ်ပြောခဲ့သည့် အမှန်တရားကို သူရင်မဆိုင်ချင်ပါ။ ထို့ကြောင့် သူက သူမနေသည့် အခန်းရောက်အောင် တက်မကြည့်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခန်းအောက်ထပ်မှာပဲ သူ့ဖုန်းနှင့် သူမဆီ မက်ဆေ့ပို့လိုက်သည်။ “ မ ပြန်လာတဲ့အထိစောင့်နေမယ်။” ဘာပြန်စာမှ မရသည့်အတွက် သူမဆီ ဖုန်းဆက်လိုက်သည်။ သူမအသံက စိတ်မရှည်တော့သည့် အသံနှင့်။ “ဘာ့ကြောင့် လက်ဆောင်တွေ ခဏခဏပေးနေတာလဲ။” သူ့သူငယ်ချင်းနှင့်သူ မိုးရေထဲ လမ်းလျှောက်ရင်း “ဘယ်မှာ ခဏခဏ ပေးနေလို့လဲ။” ဟု သူကပြန်ဖြေလိုက်သည်။ “မလိုချင်ဘူးလို့ပြောနေတယ်။ ရုံးက Security ဂိတ်မှာပေးထားခဲ့။ တနင်္လာနေ့မှယူမယ်။”
“မနက်ဖြန်ရော အားလား။ မနက်ဖြန်လာပေးမယ်လေ။”
“သိပ်မသေချာဘူး။ပြန်ယူသွား။”
သူနှင့် ခဏလေးတွေ့ရဖို့ သူမမှာ အချိန်ဆင်းရဲသလား။ ခဏလေးတောင် အားလပ်ချိန်မရှိဘူးလား။ သူ့ရင်တွေ တဆစ်ဆစ်နာကျင်လာသည်။
“ကျွန်တော်တို့တည်းရတဲ့ အခန်းလေးက ကျဉ်းတယ်။ အဲဒီမှာ ပစ္စည်းတွေကို ဘယ်သွားထားရမှာလဲ။”
သူမဘက်က ခဏတော့ အသံတိတ်သွားသည်။ အဲဒီအချိန်က သူ့စိတ်ထဲ နာကျင်နေပါသည်။
“ မ အားနာတယ်။”
“ကျွန်တော့်ကို ဘာလို့အားနာရမှာလဲ။ မလိုချင်ရင် ကျွန်တော် မသိအောင် တစ်ခုခု လုပ်ပစ်လိုက်လို့လဲ ရတာပဲ။”
“ ခဏခဏမပေးပါနဲ့။”
ထိုစကားကိုပဲ ထပ်ခါထပ်ခါ သူမပြောနေသည်။
“ ကျွန်တော်ရန်ကုန်ကို လာတာ မနဲ့တွေ့ချင်လို့။”
“အေးတွေ့နေရတာပဲလေ။”
“ဘယ်မှာတွေ့ရလို့လဲ။”
“ရုံးမှာတွေ့ရတယ်လေ။”
“တနင်္လာနေ့တစ်နေ့လုံး ကျွန်တော် Training တက်ရမယ်။”
“ ဘာ့ကြောင့်လက်ဆောင်တွေ ခဏခဏပေးနေတာလဲ။”
“ကျွန်တော် မ ကို ဖားနေတာ မဟုတ်ဘူးနော်။”
“ဖားနေတယ်လို့ ပြောနေလို့လား။”
“ ကျွန်တော် မ ကို ချစ်လို့ ပေးတာ။ မုန်းလို့ပေးနေတာ မဟုတ်ဘူး။”
သူ သူမကို စိတ်ပျက်စွာအော်မိသွားသည်။
“ မချစ်နဲ့။”
“ချစ်တာ မချစ်တာက ကျွန်တော့်အပိုင်း။”
“ဒီတစ်ခါပေးတာ ယူထားလိုက်မယ်။ နောက်ဆုံးပဲ။ နောက်တစ်ခါ မယူဘူး။ အိမ်နားက မိတ္တူကူးဆိုင်မှာ ပေးထားခဲ့လိုက်။ မ ကြိုဖုန်းဆက်ထားလိုက်မယ်။”
နောက်ဆုံးဆိုသည့် စကားကြားလိုက်ရသည့်အတွက် သူတော်တော်ခံစားရပါသည်။
“ရတယ်။ မ ဖြစ်ချင်တဲ့အတိုင်း နောက်ဆုံးပဲ။ ဒီနေ့ဟာ နောက်ဆုံးနေ့ပဲ။ ရပြီလား။”
“ဒါပဲလေ။” ဆိုကာ သူမဖုန်းချသွားသည်။ သူ့စိတ်ထိခိုက်မှုကို သူမတိုင်းတာနိုင်သေး။ သူ သူမကို ကလေးလေး တစ်ယောက်လို သဘောထားပါသည်။ သူ့ထက် ငါးနှစ်ကြီးပေမယ့် သူ့မျက်လုံးထဲမှာတော့ ချစ်စနိုးနဲ့ သူမကို ကလေးလေးလို့ပဲ မြင်နေပါသည်။ သူ ကလေးတွေကို သိပ်ချစ်တတ်ပါသည်။ ကလေးများနှင့်လည်း မိတ်ဖွဲ့တတ်သည်။ ကလေးများပူဆာတတ်သော မုန့်များကို ဝယ်ကျွေးတတ်ပါသည်။ တစ်ခါတုန်းက သူသိပ်ချစ်သော ကလေးတစ်ယောက်က သူတီးဖို့အမြတ်တနိုးဝယ်ထားသည့် ဂစ်တာလေးကို ပူဆာပါသည်။ ထိုကလေးလေး၏ တောင်းဆိုမှုကို မငြင်းဘဲ သူ့ဂစ်တာလေး လက်ဆောင်ပေးခဲ့ဖူးပါသည်။
အခုတော့ သူမက သူ့ချွေးနဲစာလေးနှင့် သူအမြတ်တနိုးဝယ်ပေးသည့် လက်ဆောင်ကို ငြင်းနေသည်။ သူ့မိဘကလွဲလျှင် သူ့လစာနှင့် မည်သူ့ကိုမှ လက်ဆောင်မပေးခဲ့ဖူးပါ။ သူ့လက်ဆောင်တွေအတွက် သူမက ဝန်ထုပ် ဝန်ပိုးဖြစ်နေတာလား။ မန္တလေးရုံးရောက်တုန်းက သူမနှင့် ဖုန်းပြောခဲ့ရသည့် ညကို တမ်းတမိသည်။ ထိုစဉ်တုန်းက သူမအသံသည် အရမ်းနူးညံ့ပြီး ကြည်လင်နေခဲ့သည်။ လက်ဆောင်တွေရဲ့ အတိမ်အနက်၊ သံယောဇဉ်ရဲ့ နက်ရှိုင်းမှုကို စဉ်းစားရင်း အလုံမြို့နယ်သိပ္ပံလမ်းကနေ ရွှေတိဂုံစေတီတော်မြတ်ကြီးထိ ခြေလျင်လမ်းလျှောက်ဖို့ သူဆုံးဖြတ်ခဲ့မိသည်။
မိုးရွာထဲမှာ သူ့သူငယ်ချင်းနှင့်သူ အတွေးကိုယ်စီနှင့် လျှောက်ရင်း လမ်းမှားလိုက်။ ဘယ်လမ်းက သွားရင်ရောက်မှာလဲ မေးလိုက်နှင့် ဖြည်းဖြည်းချင်း လျှောက်နေရသည်။ ရင်ထဲကနာကျင်မှုကို ဖြေဖျောက်ဖို့ မေ့ထားနိုင်ဖို့ သူ့ခန္ဓာကိုယ်သူ ညှင်းဆဲနေခြင်းလားဆိုတာတော့ သူမဝေခွဲတတ်တော့ပါ။ နှစ်နာရီနီးပါးလောက်လျှောက်ပြီးမှ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရောက်သည်။ သူ့ခြေချောင်းလေးတွေလည်း တဆစ်ဆစ်နာကျင်နေပါသည်။ သူ့သူငယ်ချင်းလည်း သူ့လိုပင် ပင်ပန်းနေလိမ့်မည်။
ထိုနေ့မှစ၍ သူ့ဖုန်းကို ပိတ်ထားလိုက်သည်။ သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသော သူ့ဖုန်းကို ပိတ်ထားလိုက်ပါတော့သည်။
မှန်ထဲက ခရမ်းရောင်တီရှပ်ဝတ်ထားသည့် နလန်ထစ သူ့ပုံရိပ်ကို မြင်ပြီး သူ ပြုံးမိသည်။ သူမ သိပ်ကြိုက်သည့် အရောင်ကို သူ့ကိုယ်ပေါ်မှာ ဝတ်ထားရသည့်အတွက် ကြည်နူးမိတာတော့ အမှန်ပင်။ အသားညိုသည့် သူ့အတွက် အရောင်နုနုများသာ အမြဲဝင်ဆင်လေ့ရှိခဲ့သည်။ သူ့အကြိုက်ဆုံးအရောင်သည် အပြာရောင်ဖြစ်သည်။ ထို့ကြောင့် သူရွေးချယ်ဝယ်ယူဖြစ်သည့် အဝတ်အစားများမှာလည်း အပြာရောင်ဖျော့ဖျော့နှင့် အဖြူရောင်သာ အများဆုံးဖြစ်သည်။ ခရမ်းရောင်နှင့် ပတ်သက်လျှင် သူ့ကိုယ်ပေါ်မှ အင်္ကျီသည် သူ ပထမဆုံးပိုင်ဆိုင်ဖူးသော အင်္ကျီဖြစ်သည်။ သူက သူမကို ချစ်မြတ်နိုးသည့်အတွက် သူအရင်က စိတ်ကူးဖြင့်ပင် မနှစ်သက်ခဲ့ဖူးသော ခရမ်းရောင်သည် သူ့အကြိုက်ဆုံးအရောင်ထဲ ပါဝင်လာချေပြီ။ ရန်ကုန်ကပြန်ရောက်ပြီးသည့် နောက်ပိုင်း သူလေးရက်လောက်ဖျားသည်။ သူဖျားတာတောင်ခွင့်မယူဘဲ ရုံးတက်ကာ Report နောက်ကျမှာစိုး၍ အလုပ်လုပ်ခဲ့တာ သူမကြောင့်ဆိုတာတော့ ရှင်းပြဖို့လိုမည်မထင်။
သူမနှင့် သူအဆက်အသွယ်ပြတ်နေပါသည်။ သူသိပ်သိချင်သည့်အရာတစ်ခုရှိသည်။ ခွေးရုပ်လေးတွေကို သူမအမြတ်တနိုးထွေးပွေ့ထားသလားဆိုတာကိုပါ။ သူမ ထိုအရုပ်လေးတွေကို တယုတယနဲ့ချစ်နေမယ်ဆိုတာ သူ ယုံကြည်သည်။ သူမထမင်းလိုက်ကျွေးခဲ့သည့် တနင်္လာနေ့တုန်းက သူမွေးနေ့လက်ဆောင်ဝယ်ပေးထားသည့် ပစ္စည်းလေး သူမခန္ဓာကိုယ်မှာရှိနေကြောင်းပြသရင်း ဘယ်သူမှ မသိလိုက်ဘဲ သူ့ကို အသံတိတ်ချော့သွားခဲ့သည်။သူမရဲ့ ဟန်ဆောင်မျက်ဝန်းတွေ၊ ဟန်ဆောင်ဒေါသတွေနောက်က တကယ့်ခံစားချက်အစစ်ကို သူတွေ့ခဲ့မှန်း သူမသိမည်ဆိုလျှင် သူမ သူ့ကို………………..
         

Thursday, July 19, 2012

ရောက်တတ်ရာရာ (၄)



ဒီပုံလေးက စာရေးသူကိုယ်တိုင်ဖန်တီးထားတဲ့ အချောသတ်အိမ်လေးပါ။ အဲဒီအိမ်လေးကို တူတွေအများကြီးနဲ့ဆောက်ထားတာပါ။ စာကြည့်ဆောင်နဲ့ အိမ်မကြီးကို ကြားထဲမှာ တံတားလေးနဲ့ဆက်ထားပါတယ်။ တံတားအောက်တည့်တည့်မှာ ကျောက်စရစ်တွေနဲ့ ရေကန်လေးရှိပါတယ်။ အစိမ်းရောင်မြက်ခင်းပြင်ကိုတော့ ပန်းကန်ဆေးတဲ့ အစိမ်းရောင်အဝတ်ဖတ်ကို သုံးထားပါတယ်။ အိမ်နဲ့ စာကြည့်ဆောင်ကို မီးထွန်းထားပါတယ်။ အိမ်ရဲ့နောက်ဖက်မှာ ဘက်ထရီအသေးစားလေးနဲ့ မီးလုံးအသေးလေးတွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် အိမ်လေးက မီးလင်းပါတယ်။ အိမ်ရှေ့တံခါးမကြီးကနေဝင်လာရင် ကျောက်စရစ်လမ်းလေးရှိပါတယ်။ ကျောက်စရစ်လမ်းလေးဘေးမှာ ညနေခင်းမှာ အေးအေးလူလူထိုင်ပြီး ကော်ဖီသောက်တာပဲဖြစ်ဖြစ် စာဖတ်တာပဲဖြစ်ဖြစ်လုပ်လို့ ရအောင် စားပွဲနဲ့ ထိုင်ခုံလေးတွေရှိပါတယ်။ ထီးလေးမိုးထားပါတယ်။(စိတ်ကူးယဉ်လိုက်တာနော်။ အဲဒီထီးလေးက စာရေးသူဝယ်စားတဲ့ ကလေးမုန့်ထဲကပါတဲ့ ထီးလေးကို အသုံးချထားတာပါ။) စာကြည့်ဆောင်ရဲ့ရှေ့မှာ ဒန်းလေးရှိပါတယ်။ ဒန်းကတော့ ငှက်လေးနဲ့ကွယ်နေလို့ သေသေချာချာမမြင်ရပါဘူး။ ဝင်းနံရံကိုတော့ PP Board (ကြော်ငြာဘုတ်) တွေကို သုံးထားပါတယ်။ နံရံဒီဇိုင်းကိုတော့ ကွန်ပျူတာဆိုင်သွားပြီး အုတ်ကွက်ပုံစတစ်ကာထုတ်ပြီး PP Board ပေါ်ကပ်ထားတာပါ။ ဒီအိမ်လေးကို စာရေးသူ အရင်အလုပ်မှာလုပ်တုန်းက ဆောက်ထားတာပါ။ အဲဒီကုမ္ပဏီမှာတုန်းက အလုပ်မများတော့ အချိန်တွေလည်းအများကြီးပိုပါတယ်။ အလုပ်ချိန်ရှစ်နာရီမှာ စာရေးသူအလုပ်များတဲ့အချိန်က တစ်နာရီလောက်ပဲရှိတာပါ။ ဒါတောင်ပိုပြောထားတာပါ။ တကယ်တမ်းနာရီဝက်လောက်ပဲကြာပါတယ်။ တစ်ခါတစ်လေတစ်ပတ်စာပေါင်းလုပ်ထားလိုက်တာပါ။ အချိန်တွေအများကြီးပိုနေတော့ ပျင်းလာပြီး အဲဒီအိမ်လေးဆောက်ခဲ့တာပါ။ အိမ်ဆောက်တဲ့ကြာချိန်က နှစ်လနီးပါးလောက်ကြာပါတယ်။ နေ့တိုင်းရုံးမှာ တူတွေ ဆင်ကော်တွေနဲ့ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ဆူညံနေတာ အိမ်ဆောက်နေလို့ပါ။ အိမ်ပြန်ရောက်ပြီဆို ဇက်ကြောတွေတက်နဲ့ မေမေနဲ့ ဖေဖေကတော့ အလုပ်ပင်ပန်းလာတယ်ထင်မှာပါပဲ။(ဟီးဟီး) တကယ်တော့ တစ်နေကုန်တစ်နေကန်း အိမ်ဆောက်နေရတဲ့အတွက် ဇက်ကြောတက်တာပါ။ အိမ်ဆောက်ပုံအဆင့်ဆင့်ကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်မထားလိုက်ရပါဘူး။ ဒါ့ကြောင့် ရိုက်ထားလေးတွေပဲ ကြည့်ပေးကြပါလို့ တောင်းဆိုပါတယ်။
ဒါလေးကတော့ စာကြည့်ဆောင်ပါ။ စာအုပ်စင်ကို ဘာသာရေး၊ ဝတ္ထု၊ မဂ္ဂဇင်းဆိုပြီး အမျိုးအစားခွဲထားပါတယ်။ စာအုပ်လေးတွေကိုတော့ PP Board တွေကို သေးသေးလေးညှပ်ပြီး ဆင်ကော်တွေနဲ့ကပ်တယ်။ ပြီးတော့ ကွန်ပျူတာနဲ့ထုတ်ထားတဲ့ စာရေးဆရာ(ဥပမာ ဂျူး၊မေတ္တာရှင် စသဖြင့်ပေါ့)နာမည်တွေကို ကပ်လိုက်တယ်။ စာကြည့်ဆောင်ထဲမှာ စာကြည့်စားပွဲနဲ့ ထိုင်ခုံတွေရှိပါတယ်။
ဒါကတော့ အိမ်မကြီးပါ။ ဆိုဖာခုံလေးတွေကိုလုပ်ရတာလည်း အရမ်းလက်ဝင်ပါတယ်။ အနီရောင်နဲ့မြင်နေရတာကတော့ ကုတင်ပါ။ ဆိုဖာခုံတွေရဲ့ ရှေ့တည့်တည့်မှာ တီဗီရှိပါတယ်။တံခါးပိတ်ထားတော့ တီဗီကို မမြင်ရပါဘူး။
 
ဒါကတော့အိမ်ကို အပေါ်စီးကရိုက်ထားတဲ့မြင်ကွင်းပါ။ သိပ်တောင်မကြည်ချင်ဘူး ဓာတ်ပုံက။ ဒီဘက်ခြမ်းကတော့ ရေချိုးခန်းပါ။ ဘိုထိုင်အိမ်သာလေးတောင်လုပ်ထားသေးတယ်။

ဒါကတော့ အမိုးမမိုးရသေးဘဲ အိမ်နှစ်လုံးကို တံတားလေးနဲ့ အကြမ်းလျာထားကြည့်တဲ့ပုံပေါ့။
ဒါကတော့အမိုးမိုးပြီးပေမယ့် အချောမသတ်ရသေးတဲ့ပုံ။
ဒါကတော့ မီးကြိုးမသွယ်ခင်ပုံ။ ပုံကိုအပေါ်ကနေရိုက်ထားတဲ့အတွက် ဒန်းလေးကိုလည်းမြင်နေရပါတယ်။ ကျောက်စရစ်လမ်းကလည်းအချောမသတ်ရသေးပါဘူး။မြက်ခင်းပြင်လည်းမလုပ်ရသေးပါဘူး။ အဲဒီကျောက်စရစ်လမ်းလေးလုပ်ဖို့ ကျောက်စရစ်ခဲလှလှလေးတွေလိုက်ကောက်ထားရတာပါ။
 
ဒါကတော့ မြက်ခင်းပြင်လုပ်ပြီးသွားတဲ့ အိမ်အနေအထားပါ။  တူနဲ့လုပ်ထားတဲ့ အိမ်နှစ်လုံး၊ခြံတံခါးတွေ၊ ထိုင်ခုံတွေကို ကြာလာရင် မှိုတက်ကုန်မှာစိုးတဲ့အတွက် အားလုံးကို ပေါလစ်တင်လိုက်ပါတယ်။ ပန်းပွင့်လေးတွေပေါ်ငှက်လေးနားနေတဲ့အရုပ်လေးနဲ့လည်း အလှဆင်ထားပါတယ်။ အိမ်နဲ့ယှဉ်ရင် ငှက်ကကြီးနေပါတယ်။  အိမ်ရဲ့အောက်ခြေကိုတော့ PP Board ခံထားရပါတယ်။ အဲဒီအိမ်ဆောက်တုန်းက တခြားကုမ္ပဏီက သူငယ်ချင်းတွေကို နားပူနာဆာလုပ်ပြီး ကြော်ငြာဘုတ်တွေ ဓားပြတိုက်ထားတာပါ။ Nescafe ကြော်ငြာဘုတ်ပြားဓားပြတိုက်ထားတာ။ အဲဒီအိမ်လေးအတွက် တူနှစ်ထုပ်နီးပါးကုန်ပါတယ်။ မြက်ခင်းအတွက် အိုးတိုက်ဖတ်တွေဝယ်ရတယ်။ ဆင်ကော်တွေဆိုတာ အများကြီးကုန်တာပါ။ အဲဒီအိမ်တစ်လုံးဆောက်လိုက်တာ စာရေးသူ နှစ်သောင်းလောက်ကုန်သွားပါတယ်။ ဘက်ထရီလေးတွေနဲ့ မီးဆင်တာရော။ မှန်လုပ်ဖို့ ဖလင်ပြားတွေဝယ်ရတာရော။ အလှဆင်တာတွေနဲ့ရောကြောင့်ပေါ့။ တစ်ချို့ယောကျ်ားလေးတွေကတော့ အိမ်ကို PP Board နဲ့ပဲဆောက်ကြပါတယ်။ တူက အသေးစိတ်ပြီး ပိုလက်ဝင်ပါတယ်။ အဲဒီအိမ်လေးဆောက်ပြီးတော့ စာရေးသူတို့ရုံးက Sale Men တွေက စာရေးသူကို တော်လို့တဲ့ ချီးကျူးကြတာ။ တော်တယ်မလား။ ဟီးဟီး။ အားလုံးကို ကျေးဇူးတင်ပါတယ် လာကြည့်ပေးကြလို့။
စာရေးသူဖန်တီးဖူးတဲ့ ပထမဆုံးအနုပညာလက်ရာလေးပါ။ စိတ်ပါလက်ပါ ဖန်တီးထားလို့ အနုပညာလို့ပဲ သုံးနှုန်းလိုက်ပါတယ်။

Tuesday, July 17, 2012

ဖိတ်ခေါ်ပါရစေ


အမျိုးသမီးကြီးတစ်ယောက်ဟာ အိမ်အပြင်ဘက် ထွက်လိုက်တော့ သူမရဲ့ခြံရှေ့ထိုင်နေတဲ့ မုတ်ဆိတ်ဖြူအရှည်ကြီးတွေနဲ့ အဘိုးအို သုံးယောက်ကို မြင်တွေ့ရတယ်။သူမက သူတို့တွေကို မသိပါဘူး။
သူမကပြောလိုက်တယ်။’’ကျွန်မ … ရှင်တို့ကို သိတယ်လို့ မထင်ဘူး။ ဒါပေမဲ့ရှင်တို့ဆာလောင်နေတယ်လေ။ အထဲဝင်ပြီး တစ်ခုခုစားပါလား။ ‘’
‘’ အိမ်ထောင်ဦးစီးရှိပါသလား။’’ လို့ သူတို့ကမေးတယ်။
‘’ မရှိပါဘူး။ သူအပြင်ထွက်သွားပါတယ်။’’ လို့ သူမက ဖြေလိုက်တယ်။
သူတို့ကပြန်ပြောတယ်။’’ဒါဆိုရင် ကျုပ်တို့ အထဲဝင်လို့ မရပါဘူး။’’
ညနေခင်းမှာ သူမရဲ့ ယောကျ်ား အိမ်ပြန်ရောက်တဲ့အခါ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သူတို့ ပြောပြတယ်။ ‘’ ငါအိမ်ပြန်ရောက်ပြီလို့ သွားပြောပြီး သူတို့ကို အထဲဖိတ်ခေါ်လိုက်ပါ။’’
အမျိုးသမီးကြီးက အပြင်ထွက်ပြီး လူကြီးတွေကို အထဲဖိတ်ခေါ်လိုက်တယ်။ သူတို့က ပြန်ဖြေတယ်။
‘’ ကျုပ်တို့ အိမ်ထဲကို အတူတူသွားလို့ မရပါဘူး။’’
သူမက သိချင်ဇောနဲ့မေးလိုက်တယ်။ ‘’ ဘာကြောင့်လဲ။’’
အဘိုးအိုတွေထဲက တစ်ယောက်က ရှင်းပြလိုက်တယ်။ ‘’ သူ့နာမည်ချမ်းသာပါ။’’ သူက သူ့သူငယ်ချင်းတွေထဲက တစ်ယောက်ကို ညွှန်ပြရင်း ပြောလိုက်တယ်။ ပြီးတော့ .. အခြားတစ်ယောက်ကိုညွှန်ပြပြီး ‘’ သူကတော့ အောင်မြင်ပါ။ ကျွန်တော်ကတော့ မေတ္တာပါ။ ‘’ အဲဒီနောက် သူက ထပ်ပြောလိုက်တယ်။
‘’ အခု အထဲဝင်ပြီး ကျုပ်တို့ထဲက ဘယ်သူ့ကို ခင်ဗျားအိမ်ထဲ ဝင်စေချင်သလဲဆိုတာ ခင်ဗျားယောကျာ်းနဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါဦး။’’
အမျိုးသမီးကြီးက အထဲဝင်သွားပြီး သူမယောကျာ်းကို ဘာပြောရမလဲဆိုတာ မေးပါတယ်။ သူမယောကျာ်းက အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။
‘’ဘယ်လောက်ကောင်းလိုက်သလဲ။’’ လို့ပြောပြီး ‘’ ဒါအခွင့်ကောင်းပဲ။ငါတို့ချမ်းသာကို ဖိတ်ခေါ်ရအောင်။သူ့ကို ဝင်ခွင့်ပြုပြီး ငါတို့အိမ်ကို ချမ်းသာခြင်းတွေနဲ့ ဖြည့်ဆည်းမယ်။’’
သူ့ရဲ့ ဇနီးက သဘောမတူပါဘူး။ ‘’ အချစ်ရေ .. ကျုပ်တို့က အောင်မြင်ကို ဘာကြောင့်မဖိတ်ခေါ်ရမှာလဲ။’’
သူတို့ရဲ့ချွေးမဟာ အိမ်ရဲ့ တခြားထောင့်တစ်နေရာကနေ နားထောင်နေပါတယ်။ သူမက ဝင်ပြီး အကြံပေးလိုက်တယ်။ ‘’ မေတ္တာကို ဖိတ်ခေါ်တာထက် ဘယ်အရာက ပိုကောင်းမှာလဲ။ ကျွန်မတို့ရဲ့ အိမ်က မေတ္တာတရားတွေနဲ့ ပြည့်ဝနေလိမ့်မယ်။’’
ယောကျာ်းက သူ့ဇနီးကို ပြောလိုက်တယ်။
‘’ငါတို့ ချွေးမရဲ့ အကြံဉာဏ်ကို လိုက်နာရမယ်။’’
‘’အပြင်သွားပြီး ငါတို့ရဲ့ ဧည့်သည်ဖြစ်မယ့်မေတ္တာကို ဖိတ်ခေါ်လိုက်ပါ။’’
အမျိုးသမီးကြီးက အပြင်ထွက်သွားပြီး အဘိုးအိုသုံးယောက်ကို မေးလိုက်တယ်။ ‘’ ရှင်တို့ထဲက ဘယ်သူဟာ မေတ္တာလဲ။ ကျွန်မတို့ရဲ့ဧည့်သည် အဖြစ် အထဲကိုကြွပါ။’’
မေတ္တာဟာ ထလိုက်ပြီး အိမ်ဆီကို လမ်းစလျှောက်လိုက်တယ်။ အခြားနှစ်ယောက်ကလည်း ထလိုက်ပြီး သူ့နောက်မှ လိုက်ကြတယ်။ အံအားသင့်သွားတဲ့ အမျိုးသမီးကြီး ဟာ ချမ်းသာနဲ့အောင်မြင်ကို မေးလိုက်တယ်။’’ကျွန်မက မေတ္တာကိုသာ ဖိတ်ခေါ်တာပါ။ ရှင်တို့က ဘာကြောင့် အထဲဝင်ရတာလဲ။’’
အဘိုးကြီးတွေဟာ အတူတူ ပြန်ဖြေလိုက်တယ်။
‘’မင်းဟာ ချမ်းသာ ဒါမှမဟုတ် အောင်မြင်ကို ဖိတ်ခေါ်ခဲ့ရင် ငါတို့ထဲက အခြားနှစ်ယောက်က အပြင်မှာ နေခဲ့ရမှာပါ။ ဒါပေမဲ့ မင်းက မေတ္တာကို ဖိတ်ခေါ်ပြီးတဲ့ အချိန်ကစလို့ သူသွားတဲ့နေရာကို ငါတို့က သူနဲ့အတူ သွားရမှာပါ။ မေတ္တာတရားရှိတဲ့ ဘယ်နေရာမဆို ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းလည်း ရှိပါတယ်။ ‘’

The Best English Magazine တွင် ဖော်ပြခံရသော ပထမဆုံးဘာသာပြန်စာမူဖြစ်သည်။

သင်ခန်းစာ


တက္ကသိုလ်တစ်ခုက ကျောင်းသားလူငယ်တစ်ယောက်ဟာ တစ်နေ့မှာ ကျောင်းသားတွေရဲ့ မိတ်ဆွေလို့ အမည်တွင်တဲ့ ပါမောက္ခတစ်ယောက်နဲ့ လမ်းလျှောက်လာပါတယ်။ထိုသူက သူ့ရဲ့ သင်ကြားပို့ချချက်တွေကို မျှော်လင့်စောင့်ဆိုင်းနေတဲ့သူတွေအပေါ် သူ့ရဲ့ ကြင်နာမှုကို ပြသတတ်သူပါ။ သူတို့နှစ်ယောက် လမ်းလျှောက်လာရင်း လမ်းပေါ်မှာ ရှိနေတဲ့ ဖိနပ်ဟောင်းတစ်ရံကို တွေ့ပါတယ်။ အနီးနားက လယ်ကွင်းတစ်ခုမှာ အလုပ်လုပ်ပြီး သူ့ရဲ့တစ်နေ့တာ အလုပ်ပြီးလုနီးပါးဖြစ်တဲ့ သူဆင်းရဲတစ်ယောက် ပိုင်ဆိုင်တာဖြစ်ရမယ်လို့ သူတို့ ယူဆကြတယ်။
ကျောင်းသားက ပါမောက္ခဘက်လှည့်ပြီး ပြောတယ်။ ‘’ ကျွန်တော်တို့ အဲဒီလူကို မျက်လှည့်ပြရအောင်။ သူ့ဖိနပ်တွေကို ဖွက်ပြီး ဒီချုံပုတ်တွေနောက် ပုန်းနေရအောင်။သူ့ဖိနပ်တွေ ရှာမတွေ့တဲ့အခါ သူစိတ်ရှုပ်ဦးနှောက်ခြောက်နေတာကို စောင့်ကြည့်ရအောင်။ ‘’
‘’ သူငယ်ချင်းလေး ။ ဆင်းရဲသားတွေကို ထိခိုက်နစ်နာစေပြီး ငါတို့ကိုယ်ငါတို့ အပျင်းပြေစေတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ‘’ လို့ ပါမောက္ခက ပြောတယ်။ “ဒါပေမယ့် မင်းကငွေကြေးတတ်နိုင်ပြီး ဆင်းရဲသားတွေနဲ့ ပတ်သက်လို့ မင်းကိုယ်မင်း ပိုသာတဲ့ ကြည်နူးမှုမျိုး ပေးနိုင်လိမ့်မယ်။ ဖိနပ်တစ်ဖက်ချင်းစီထဲမှာ အကြွေစေ့တစ်စေ့စီ ထည့်ထားလိုက်။ပြီးရင် ငါတို့ပုန်းနေပြီး သူရှာတွေ့တဲ့ အခါ ဘယ်လိုဖြစ်မယ် ဆိုတာ စောင့်ကြည့်ကြမယ်။ “
ကျောင်းသားက ထိုအတိုင်းလုပ်ခဲ့ပြီး အနားက ချုံပုတ်တွေနောက်မှာ နှစ်ယောက်သား နေရာယူလိုက်ကြတယ်။ သူဆင်းရဲဟာ မကြာခင် သူ့လုပ်တွေ လက်စသတ်ပြီး သူ့အင်္ကျ ီနဲ့ ဖိနပ်ထားခဲ့တဲ့ လမ်းဆီလယ်ကွင်းကို ဖြတ်ပြီးလာတယ်။ သူ့ ကုတ်အင်္ကျ ီကို ဝတ်ရင်း သူ့ဖိနပ်တစ်ဖက် စီးတယ်။ ဒါပေမယ့် ခပ်မာမာတစုံတရာကို ခံစားပြီးဘာလဲဆိုတာသိဖို့ ကုန်းလိုက်တယ်။ အကြွေစေ့ကို တွေ့သွားတယ်။ အလွန်အံ့အားသင့်ဝမ်းသာမှုကို သူ့မျက်နှာရိပ်မျက်နှာကဲပေါ်မှာ မြင်တွေ့ရတယ်။ သူက အကြွေစေ့ကို စိုက်ကြည့်တယ်။ ဖင်ပြန်ခေါင်းပြန်ကြည့်တယ်။ ထပ်ခါထပ်ခါ ကြည့်တယ်။အဲဒီနောက် သူ့ဘေးပတ်ဝန်းကျင်ကို ကြည့်တယ်။ ဒါပေမယ့် ဘယ်သူကိုမှ မမြင်ရ။။အခု သူက သူ့အိတ်ထောင်ထဲ ပိုက်ဆံတည့်လိုက်ပြီး နောက်ဖိနပ်တစ်ဖက်ကို ဆက်စီးပါတယ်။ ဒါပေမယ့် နောက်ထပ် အကြွေစေ့ကို ရှာတွေ့သွားလို့ သူနှစ်ဆ အံ့သြသွားတယ်။ သူ့ခံစားချက်တွေကို ချိုးနှိမ်လိုက်တယ်။ ဒူးထောက်လိုက်တယ်။ ကောင်းကင်ကို မော့ကြည့်ပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို စိတ်ထက်သန်စွာ ကျယ်ကျယ်လောင်လောင် ရွတ်ဆိုတယ်။ သူ့ဇနီးသည် နာမကျန်းမှုနဲ့ အကူအညီမဲ့မှု စားစရာမရှိတဲ့ သူ့ကလေးတွေအတွက် အချိန်မီရက်ရောမှုကို ချီးကျူးပြောဆိုတယ်။ ဘယ်သူဘယ်ဝါမသိတဲ့ ကူညီမှုက သေမတတ်ဆင်းရဲဒုက္ခကို ကယ်တင်ပေးနိုင်ခဲ့တယ်။
အဲဒီမှာရပ်နေတဲ့ ကျောင်းသားဟာ နက်နက်ရှိုင်းရှိုင်းစိတ်ထိခိုက်ပြီး မျက်ရည်စတွေနဲ့ သူ့မျက်ဝန်းမှာ ပြည့်နေတယ်။ ‘’ အခု မျက်လှည့်ပြဖို့ မင်းရည်ရွယ်ခဲ့တာထက် ပိုမကြည်နူးရဘူးလား။ ‘’ လို့ ပါမောက္ခက ပြောတယ်။
လူငယ်က ပြန်ဖြေတယ်။ ‘’ ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ သင်ခန်းစာတစ်ခုကို ဆရာသင် ပေးခဲ့တယ်။ အရင်က နားမလည်ခဲ့တဲ့ ‘’ ရယူခြင်းထက်ပေးဆပ်ခြင်းက ပိုမွန်မြတ်တယ် ‘’ ဆိုတဲ့ စကားရဲ့ တကယ့်အမှန်တရားကို အခုကျွန်တော် ခံစားမိပါပြီ။ ‘’

ရိုးမြေကျ(မုံရွာ)
No.(145),July,2011 The Best English မှာဖော်ပြခံရသော ဘာသာပြန်စာမူဖြစ်သည်။

Monday, July 16, 2012

စောစောလူဖြစ်ရတာမကောင်းဘူး




နည်းပညာခေတ်ကြီးမှာ စောစောလူဖြစ်ရတာ မကောင်းပါဘူး။အဲဒီလိုပြောလိုက်လို့ စာရေးသူကို အသက်တော်တော်ကြီးပြီလို့ မယူဆစေချင်ပါဘူး။စာရေးသူအသက်ကအခုမှ(၂၇)နှစ်ပဲရှိသေးတာပါ။ငါသာငါးနှစ်လောက်ပြန်ငယ်လိုက်ရရင်ကောင်းမှာပဲလို့ တွေးမိတာလဲ ခဏခဏပါပဲ။အဲလိုရင်းပဲပြောတော့မယ်။
စာရေးသူရဲ့ မိုဘိုင်းအတွေ့အကြုံကဒီလိုပါ။စောစောစီးစီးလူဖြစ်လာတဲ့စာရေးသူကို ၂၀၀၇ခုနှစ်မှာ မွေးမိခင် နဲ့မွေးဖခင်က ဖုန်းတစ်လုံး ဝယ်ပေးပါတယ်။ GSM ဝယ်ဖြစ်တာကလည်း MBA တက်မိလို့ပါ။ မုံရွာ MBA သင်တန်းမှာ သင်တန်းသားတွေက ဂျီဖုန်းနဲ့ ပဲများကြ။ အဲလေ ဂျီဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်ကြ။ အချိန်းအချက်လုပ်ကြလို့ပါ။
အဲဒီGSMကဒ်လေးဟာ စာရေးသူအစ်ကိုဝမ်းကွဲဗိုလ်တစ်ယောက် မန္တလေးမှာ တာဝန်ကျရင်း လျှောက်ထားလို့ ရတဲ့ဖုန်းလေးပါ။ အဲဒီကဒ်ပိစိလေးကို စာရေးသူဖေဖေက အမြတ်ရှစ်သိန်းပေးပြီး တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ စာရေးသူအတွက်ဝယ်ပေးပါတယ်။GSMလိုင်းလေးကိုပဲနှစ်ဆယ်.လေးသိန်းကျော်ကျခဲ.တာပါ။(စာရေးသူအသက်ပြန် ငယ်ချင်တာမမှားပါဘူးနော်) ကဒ်လေးလက်ထဲရောက်လာပြီဆိုတော့ ဟန်းဆက်လေးကလိုလာပြန်ပြီပေါ့။
ဖေဖေက GSMကဒ်ကို လက်ထဲထည့်ပြီတစ်ခါတည်းအမိန်.ထုတ်လိုက်ပါတယ်။ဟန်းဆက်ကိုလေးသိန်မကျော်စေနဲ့တဲ့။မုံရွာမှာဟန်းဆက်ရောင်းတဲ့ စတိုးရှိပေမဲ့ အရောင်အသွေး အမျိုးအစား စုံစုံလင်လင်ကိုရွေးချင်လို့ မန္တလေးကို မေမေနဲ့ စာရေးသူတို့ခရီးဆန့်ခဲ့ကြပါတယ်။
မန္တလေးရောက်တော့ စာရေသူရဲ့ဦးလေးက ဖုန်းဆိုင်တွေတစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ပြပေးပါတယ်။ အရိန္ဒမာ၊ အိုကေ၊Nokia,Any Call,New Any Call, Mobile Mother၊ အိုး …ဆိုင်တွေမှစုံလို.စုံလို.။အဲဒီမှာတင် Any Call မှာ Nokia N95 ဟန်းဆက်လေးကိုတွေ့ပါတယ်။ဈေးနှုန်းက ကိုးသိန်းကျော်ပါ။ ကားနဲ့တက်ကြိတ်ရင်တောင်ခံနိုင်ရည်ရှိတယ် ဆိုတဲ့ ရောင်းသူရဲ့အပြောအောက်မှာ လိုချင်စိတ်ကို မျိုသိပ်ခဲ့မိပါတယ်။ဒါနဲ့ပဲ နောက်ဆုံးတော့ Mobile Mother ကပဲ Nokia N70လေးကို လေးသိန်းနဲ့ဝယ်ခဲ့ပါတယ်။ချစ်မေမေက Motorola Bluetooth လေးကိုပါ ဝယ်ပေးခဲ့တယ်။
အဲဒီBluetoothလေးကငါးသောင်းကျော်ပါတယ်။ဈေးနှုန်းတွေထည့်ထည့်ပြောနေတာကြွားချင်လို့မဟုတ်ပါဘူး။ အဲဒီခေတ်အဲဒီအခါက ဈေးနှုန်းတွေကြောင့် စောစောလူဖြစ်လာရတာ ရင်နာမိတဲ့ စာရေးသူရဲ့စိတ်ကို စာဖတ်သူများ နားလည်စေချင်လို့ပါ။N70 ဟန်းဆက်လေးကို မထိရက်မကိုင်ရက်နဲ့ မြတ်နိုးခဲ့တာပါ။ ဖုန်းကာဗာ၊ဖုန်းအိတ်အမျိုးမျိုးနဲ့ ဟန်းဆက်လေးကို ကာကွယ်ခဲ့တာပါ။သူငယ်ချင်းတွေ၊ဆရာမတွေနဲ့ ဆွေမျိုးတွေရဲ့ ဖုန်းနံပါတ်တွေကို Ringtone အမျိုးမျိုးထည့်ခွဲထားပါတယ်။ ဒီလိုနဲ့စာရေးသူဟာ ဖုန်းခရေဇီဖြစ်မှန်းမသိ ဖြစ်လာတယ်။
ပြီးတော့ ဖုန်းနဲ့ပက်သက်တဲ့ပြဿနာက စာရေးသူဆီ ရောက်လာတယ်။တစ်ရက် ဖေဖေဖုန်းကို အပြင်ယူသွားတယ်၊ စာရေးသူလက်ထဲ ဖုန်းပြန်ရောက်ချိန်မှာ Group ခွဲပြီ Ringtone ထည့်ထားတာတွေ၊Game တွေတစ်ခုမှမရှိတော့ဘူး။ Memory Cardထဲမှာ ဗလာကျင်းလို့ပါ။ ဖုန်းတစ်လုံးကြောင့် ဖေဖေနဲ့စကားများတယ်။ ကိုယ်အမြတ်တနိုးထားတဲ့ဖုန်းလေးဖေဖေ့မိတ်ဆွေတွေကြောင့်Memory card ထဲမှာဘာမှမရှိတော့ပါ။ထမင်းမစားဘဲဆန္ဒပြ၊ စိတ်ဆိုးစိတ်ကောက် လုပ်လိုက်တော့ မေမေကဟန်းဆက်အသစ် ဝယ်ပေးမယ်ပြောပါတယ်။ ဒီလိုနဲ့စာရေးသူတို့ သားအမိ မန္တလေးပြန်ရောက်ခဲ့ပြန်တယ်။ ဒီတစ်ခါတော့Mobile Mother ပဲဦးတည်ခဲ့တယ်။ဖုန်းဆိုင်ကအစ်မကနောက်တစ်လုံးဝယ်မယ်ဆိုတော့အံ့သြလို့ပါ။ N70 ဝယ်ခဲ့တာ တစ်လသာသာဘဲရှိသေးတာပါ။ N70 ဟန်းဆက်ကို ဘယ်လောက်နဲ့ဝယ်မှာလဲ မေးတော့ နှစ်သိန်းရှစ်သောင်းနဲ့ ဈေးဖြတ်ပါတယ်။ ဘုရားကယ်ပါ။ တစ်လပဲရှိသေးတာပါ။ (ဒါပေမဲ့အဟောင်းဖြစ်သွားပြီလေ) ကျေးဇူးကြီးလှတဲ့မေမေ့ရဲ့ မေတ္တာက“မလိုချင်ဘူး။ ပြန်မရောင်းနဲ့။ အသစ်တစ်လုံးပဲထပ်ဝယ်” တဲ့။အဲဒီမေတ္တာတရားဟာ ဟန်းဆက်ဈေးတွေကျလာတဲ့အခါ ”င့ါရွှေဘယ်နှစ်ကျပ်သားကုန်သွားတာ နင့်ဖုန်းအတွက်” ဆိုတဲ့ ပိကျိပိကျိ ဂရုဏာဒေါသသံဖြစ်လာပါတယ်။
စာရေးသူရဲ့မိဘကံကောင်းပုံများပြောပါတယ်။ ဒီလိုနဲ့NokiaN73ဟန်းဆက်အသစ်လေးစာရေးသူလက်ထဲရောက်လာပါတယ်။ဈေးနှုန်းကငါးသိန်းပါ။ N 70 နဲ့ N 75 နှစ်လုံးပေါင်းဈေးဟာ စာရေးသူ သွားရည်ကျခဲ့တဲ့ N 95 ဈေးပါ။တစ်ခါထဲ N 95 လေးဝယ်လိုက်ရင်ပြီးရောလို့ စိတ်ထဲကပဲပြောရင်းမေမေ့ မေတ္တာ၊ ဖေဖေ့ မိတ်ဆွေတွေရဲ့ ကလိမှုကြောင့် ဖုန်းကဒ်တစ်ခု နဲ့ဟန်းဆက်နှစ်လုံးပိုင်ဆိုင်သူဖြစ်ခဲ့ရပါပြီ။
အခုတလော နည်းပညာစာစောင်တွေဖတ်ပြီး စာရေးသူ မျက်စိကျနေတဲ့ ပစ္စည်းတစ်ခုရှိပါတယ်။ iPad 2 လေးလိုချင်လိုက်တာလို့ပြောရင် မေမေမျက်ခုံးလှုပ်နေပါပြီ။
ဒီတစ်ခါတော့ စာရေးသူမှာ အသင့်အတင့် ကောင်းတဲ့ဝင်ငွေရှိနေပြီဆိုတော့မေမေကိုမျက်ခုံးမလှုပ်ခိုင်းတော့ပါဘူး။ စာရေးသူရဲ့ စိတ်ကူးကလစာလေးကို ခြစ်ခြုတ်စုထားပြီး iPad 5 ထွက်လာတဲ့အချိန်ကျမှ iPad 2လေးပြေးဝယ်မှာပါ။ စာရေးသူရဲ့ စိတ်ကူးမမှားပါဘူးနော်။မော်ဒယ်အသစ် အဆန်းတွေထွက်လာရင် မော်ဒယ်အဟောင်းတွေဈေးကျတာ ဓမ္မတာမှန်း ကိုယ်တွေ့ကြုံလို့ သိလိုက်ရပါပြီ။မိုဘိုင်းနဲ့ ပတ်သက်တဲ့ ကမောက်ကမလေးတွေက ဒီလောက်ပါဘဲ။

မှတ်ချက်။ ။Mobile Guide ဂျာနယ် ကိုယ်တွေ့မိုဘိုင်း ကဏ္ဍတွင် ဖော်ပြခံရသော စာမူဖြစ်သည်။

လူငယ်


မာနတွေ ခွာမချနိုင်ဘူး
ယုံကြည်မှုတွေနဲ့
အောင်မြင်မှုဆီ လှမ်းလို့
ပုံစံခွက်ထဲ အံဝင်ခွင်မကျတဲ့သူ။
မိုက်ရူးရဲ ဆန်ချင်ဆန်မယ်
လောကကို
အဖြူထည်နှလုံးသားနဲ့
အလှဆင်တဲ့သူ။
ချုပ်ခြယ်မှုကို တော်လှန်
လွတ်လပ်မှုကို
ဖက်တွယ်ပြီး
စည်းမပျက်တဲ့သူ။
သစ္စာတရားကို ကိုးကွယ်
ရိုးသားမှုကို မြတ်နိုး
မှန်တယ်ထင်ရာ
ရဲရင့်စွာ တင်ပြဝံ့သူ။

အိုးကွဲလေး


အိန္ဒိယပြည်က ရေထမ်းသမားတစ်ယောက်ဆီမှာ အိုးကြီး၂လုံးရှိတယ်။ အိုးနှစ်လုံးဟာ သူ့ပုခုံးထက် ထမ်းထားတဲ့ ထမ်းပိုးရဲ့ တစ်ဘက်တစ်ချက်စီမှာ ရှိတယ်။ အိုးနှစ်လုံးအနက် တစ်လုံးမှာ အက်ရာတစ်ခု ရှိတယ်။ တစ်ခြားတစ်လုံးကတော့ အနာအဆာကင်းမဲ့ပြီး စမ်းချောင်းကနေ အလုပ်ရှင်အိမ်သွားတဲ့ လမ်းခရီးဝေးအဆုံးထိ ရေအပြည့်အမြဲ သယ်လာနိုင်တယ်။ အိုးကွဲလေးကတော့ ရေတဝက်နဲ့သာရောက်လာတယ်။
အထမ်းသမားဟာ သူ့အလုပ်ရှင်ရဲ့အိမ်ဆီ ရေတစ်အိုးနဲ့ တစ်ဝက်သာရေပါတဲ့ အိုးနှစ်လုံးနဲ့သာ နေ့စဉ်ရက်ဆက် ရေအပြည့်သယ်ပေးခဲ့တာ ၂နှစ်လုံးလုံးပါဘဲ။ အနာအဆာကင်းတဲ့အိုးက သူ့ရဲ့အောင်မြင်မှု၊ အဆုံထိပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်မှုတွေကြောင့် ဝံ့ကြွားနေတယ်။ ဒါပေမဲ့ သနားစရာ အိုးလေးကတော့ သူ့ရဲ့မပြည့်စုံမှု ကြောင့် စိတ်မချမ်းမသာဖြစ်မှုတွေနဲ့ သိမ်ငယ်နေပါတယ်။ သူဟာ နာကြည်းဖွယ်ကောင်းတဲ့ ရှုံးနိမ့်မှုကို သတိမူမိတယ်။ ၂နှစ်ကြာတဲ့ နောင်တစ်နေ့ စမ်းချောင်းနံဘေးမှာ သူဟာ ရေထမ်းသမားကိုပြောတယ်။
“ကျွန်တော့်ကိုယ် ကျွန်တော် ရှက်မိပါတယ်၊ ကျွန်တော် ခင်ဗျားကို တောင်းပန်ချင်တယ်း“
“ဘာကြောင့်လဲ“ လို့ ရေထမ်းသမားကမေးတယ် “မင်းဘာကို ရှက်တာလဲ“
“အခု ၂နှစ်အတွင်းမှာ ကျွန်တော်ဟာ ရေတဝက်သာ သယ်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့ဘေးမျက်နှာပြင်က အက်ကွဲကြောင်းက ခင်ဗျားရဲ့ အလုပ်ရှင် အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး ရေတွေယိုစိမ့်ကျနေလို့ပါ။ ကျွန်တော် ချို့ယွင်းချက်ကြောင့် ခင်ဗျားဟာ အဲဒိအလုပ်အားလုံးကို လုပ်ရပြီး ခင်ဗျားရဲ့လုံ့လကနေ တန်ဘိုးပြည့်ပြည့်ဝဝ ပြန်မရခဲ့ဘူး“ လို့ အိုးအက်လေးကပြောတယ်။ ရေထမ်းသမားဟာ အက်နေတဲ့အိုးကလေးအတွက် စိတ်မကောင်းဖြစ်သွားလေရဲ့။ သူက အကြင်နာမေတ္တာတရားထားကာ ပြောလိုက်တယ်။
“ငါတို့အလုပ်ရှင်အိမ်ပြန်တဲ့အခါ မင်းကိုလမ်းတစ်လျှောက်မှာရှိတဲ့ လှပတဲ့ ပန်းတွေကို သတိပြုမိစေချင်တယ်။“
သူတို့တောင်ကုန်းကိုတက်တဲ့အခါ အိုးကွဲလေးဟာ နေရောင်ခြည်ဟာ လမ်းဘေးမှာရှိတဲ့ ပန်းခင်းကြီးအပေါ် ဖြာကျနေတာကို သတိပြုမိတယ်။ အဲဒါဟာ သူ့ကိုပျော်ရွှင်အားတက်စေပါတယ်။ ဒါပေမဲ့ လမ်းအဆုံးရောက်တော့ လမ်းမှာ ရေတဝက်ဖိတ်ကျခဲ့တဲ့အတွက် ဝမ်းနည်နေတယ်။ သူ့ရဲ့အသုံးမကျမှုအတွက် ရေထမ်းသမားကို နောက်ထပ်တောင်းပန်လိုက်ပြန်တယ်။ ရေထမ်းသမားက အိုးလေးကို ပြောတယ်။
“လမ်းတစ်ဘက်မှာသာ ပန်းတွေရှိပြီး အခြားတစ်ဘက်မှာ ဘာမှမရှိဘူးဆိုတာ မင်းသတိထားခဲ့မိလား။ ဘာကြောင့်လဲဆိုတော့ ငါဟာ မင်းရဲ့ ချို့ယွင်းချက်တွေကို သိပြီးသားလေ။ အဲဒါကို ငါအကျိုးအမြတ်ယူခဲ့တယ်။ ငါဟာလမ်းတစ်ဘက်မှာ ပန်းမျိုးစေ့တွေကို စိုက်ခဲ့တယ်။ စမ်းချောင်းကနေ လမ်လျှောက်ပြန်တဲ့နေ့တိုင်း မင်းဟာသူတို့ကို ရေလောင်းပေးခဲ့တာပေါ့“
“၂နှစ်ကြာတဲ့တိုင်အောင် ငါဟာ ငါ့အလုပ်ရှင်စားပွဲမှာ အလှဆင်ဘို့ အဲဒီ လှပတဲ့ပန်းတွေကို ခူးခဲ့တယ်။ အပြန်လမ်းမှာ မင်းမရှိခဲ့ဘူးဆိုရင် သူဟာ သူ့အိမ်ကို အလှဆင်ဖို့ဒီလိုလှပမှုကို ရမှာမဟုတ်ဘူး။“
ကျွန်တော်တို့ အသီးသီးမှာ ကျွန်တော်တို့ကိုယ်ပိုင် တစ်မူထူးခြားတဲ့ ချို့ယွင်းချက်တွေ ရှိပါတယ်....ကျွန်တော်တို့အားလုံးဟာ အိုးကွဲတွေပါဘဲ....ဒါပေမဲ့ ကျွန်တော်တို့ဟာအဲဒါကို လက်ခံမယ်ဆိုရင် ဘုရားသခင်ဟာ သူ့အဖေရဲ့စားပွဲပေါ်မှာ အလှဆင်ဖို့ ကျွန်တော်တို့ရဲ့ ချို့ယွင်းချက်တွေကို အသုံးပြုပါလိမ့်မယ်.... ဘုရားသခင်ရဲ့ပြောင်မြောက်တဲ့ ချွေတာရေးမှာ ဘယ်အရာကိုမှ အလကားပစ်လိုက်ရတယ်ဆိုတာ မရှိပါဘူး....


Ref: Second Helping of Chicken Soup for the Soul
August 2004, The Best English Magazine

ကာရန်မဲ့အလွမ်း



သူငယ်ချင်း

ချန်ရစ်သူနဲ့ ကျန်ရစ်သူ
ဘယ်သူပိုလွမ်းမယ်လို့ မင်းထင်လဲ။
အရာရာ မတည်မြဲတဲ့ လောကကြီးမှာ
မင်းကို လွမ်းတဲ့ ငါ့စိတ်တွေ
ဘာကြောင့်များ တည်မြဲနေရတာလဲ
ငါတို့ အတူ လျှောက်ခဲ့ဖူးတဲ့ မြေနီလမ်း
ငါတို့အတူ ထိုင်ခဲ့ဖူးတဲ့ နေရာဟောင်းလေး
ကုန်ကုန်ပြောမယ်ကွာ….
လေအပင့်မှာ ကြွေလွင့်တဲ့ ရော်ရွက်ဝါတွေ အစ
ပြာလဲ့လဲ့ မိုးကောင်းကင်ကြီးအဆုံး
အဲဒီ…အဲဒီ မင်းအငွေ့အသက်တွေရှိတဲ့
ပတ်ဝန်းကျင်မှာ
စီးမြောခဲ့တာ နှစ်အတော်ကြာခဲ့ပြီ…
တကယ်ဆို
ငါမျှော်နေမိတာက
ငါ့နောက်က ရောက်လာမယ့်
ခြေသံခပ်ဖွဖွလေးရယ်
ငါ့မျက်ဝန်းကို လာအုပ်မိုးမယ့်
လက်အစုံရယ်ပါ…
သူငယ်ချင်း
ခုတော့ ငါသိပြီ
ချန်ရစ်သူနဲ့ ကျန်ရစ်သူ
ကျန်ရစ်သူက ပိုလွမ်းတတ်သတဲ့။ ။

မှတ်ချက်။ ကွန်ပျူတာကျောင်းတက်တုန်းက ထုတ်ခဲ့ဖူးတဲ့ ကဗျာစာအုပ်ထဲက စာရေးသူရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။ အဲဒီကဗျာစာအုပ်က တော်တော်လေးတော့ အောင်မြင်ခဲ့ပါတယ်။

ညရောင်ပျောက်တဲ့ အလွမ်း


မနေ့ညက ငါ့ကောင်းကင်မှာ
လမင်းမသာဘူး……….
ကြယ်တွေတောင် တိုးတိုးတိတ်တိတ်ပဲ လင်းတယ်
ဆက်သွယ်မှု ဧရိယာပြင်ပ
ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင် စကားအဆုံး
အလွမ်းတွေကို ထုပ်ပိုးနေရတာနဲ့တင်
အချစ်တွေကို (၁၅၀၀)ပြည့်အောင် မရေတွက်နိုင်ခဲ့ဘူး….
မနေ့ညက
ငါ့ကောင်းကင်မှာ လမင်းမသာခဲ့ဘူး…….
ကြယ်တွေတောင် တိုးတိုးလေးပဲလင်းခဲ့တာ
သေချာတယ်……..။

အနှိုင်းမဲ့ မေတ္တာ

“ကျွန်မရဲ့ ကလေးကို တွေ့လို့ရမလား။” လို့ ကြည်နူးနေတဲ့ မိခင်ဖြစ်ခါစသူက မေးလိုက်တယ်။ သူမ လက်ထဲ အထုပ်လေးကို ထည့်ပေးလိုက်တော့ သူ့ရဲ့ မျက်နှာလေးကို ကြည့်ဖို့ အဝတ်ခေါက်ကို လှန်လိုက်တယ်။ သူမဟာ ပင့်သက်ရှိုက်လိုက်တယ်။ ဆရာဝန်ဟာ အလျင်အမြန် လှည့်လိုက်ပြီး ဆေးရုံပြတင်းပေါက် မြင့်မြင့်ကြီးရဲ့ အပြင်ဘက်ကို ကြည့်နေလိုက်တယ်။ ကလေးငယ်ဟာ နားရွက်တွေမပါဘဲ မွေးဖွားလာတယ်။ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ကလေးရဲ့ အကြားအာရုံဟာ ကောင်းမွန်နေတယ်။ အဲဒါဟာ သူ့ရဲ့ ရုပ်ရည်ကိုသာ အကျည်းတန်စေပါတယ်။
တစ်နေ့မှာ သူ ကျောင်းကနေ အိမ်ကို တစ်ဟုန်ထိုး ပြေးလာပြီး သူ့အမေရဲ့ ရင်ခွင်ထဲကို ပြေးဝင်သွားတယ်။ ဝမ်းနည်းပက်လက်ဖြစ်ခြင်းနဲ့ ကြေကွဲမှုတွေ ဆက်တိုက်ဖြစ်နေတော့မယ့် သူ့ဘဝကို သိနေလို့ သူမ သက်ပြင်းချမိတယ်။
သူ့မျက်ဝန်းတွေမှာလည်း မျက်ရည်စတွေနဲ့။ “ကောင်လေးတစ်ယောက်၊ခပ်ကြီးကြီးကောင်လေးတစ်ယောက်က သားကို တိရစ ္ဆာန်ကောင်လို့ ခေါ်တယ်။” လို့ သူက ငိုရှိုက်ပြီးပြောတယ်။
သူ အရွယ်ရောက်လာတယ်။ နားရွက်နှစ်ဖက်မပါတာကလွဲရင် ရုပ်ဖြောင့်တဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်။ သူဟာ သူ့အတန်းဖော်တွေရဲ့ အနှစ်သက်ဆုံးသူတစ်ယောက်ဖြစ်လာတယ်။ သူဟာ အတန်းခေါင်းဆောင်တစ်ယောက်တောင် ဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ အကျည်းတန်လှတဲ့ နားရွက်တွေကြောင့် သူမဖြစ်ခဲ့ပါဘူး။ စာပေနဲ့ ဂီတအတွက် ပါရမီနဲ့ အစွမ်းအစတွေ ဖွံ့ဖြိုးတိုးတက်လာတယ်။ သူ့အမေက သူ့ကို “သားဟာ တခြားလူငယ်တွေနဲ့လည်း ပေါင်းသင့်တယ်။” လို့ အပြစ်တင်ပေမဲ့ သူမရဲ့ နှလုံးသားထဲမှာတော့ ကရုဏာသက်မိတယ်။
ကလေးရဲ့အဖေဟာ မိသားစုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်။ သူ့သားရဲ့ နားတွေနဲ့ ပတ်သက်လို့ ဘာမှမလုပ်နိုင်တော့ဘူးလား။ တစ်စုံတစ်ယောက်က နားတွေကို လှူဖို့ အဆင်သင့် ရှိတယ်ဆိုရင် အပြင်ဘက် နားရွက်တစ်စုံကို တပ်ဆင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်လို့ ဆရာဝန်က အကြံပေးတယ်။ထို့နောက် လူငယ်လေးအတွက် အနစ်နာခံမယ့် ပုဂ္ဂိုလ်တစ်ယောက်ကို စတင်ရှာဖွေခဲ့တယ်။
နှစ်နှစ်ကုန်လွန်ခဲ့ပြီးနောက် ဖခင်ဖြစ်သူက “သား ဆေးရုံကို သွားရလိမ့်မယ်။ ဖေဖေနဲ့ မေမေတို့ သားလိုနေတဲ့ နားရွက်တွေကို လှူမယ့်သူကို တွေ့ထားပြီးပြီ။ ဒါပေမဲ့ ဒါဟာ လျှို့ဝှက်ချက်တစ်ခုပဲ။” လို့ပြောတယ်။
ခွဲစိတ်မှုဟာ အရမ်းအောင်မြင်ပြီး လူသစ်တစ်ယောက်လိုဖြစ်သွားတယ်။ သူ့အထုံပါရမီဟာ ထူးချွန်ထက်မြက်သူအဖြစ် သီးပွင့်လာတယ်။ ကျောင်းနဲ့ ကောလိပ်မှာ အောင်ပွဲတွေ အခါခါရခဲ့တယ်။ နောက်တော့ သူဟာ လက်ထက်ပြီး သံတမန်ရေးရာဌာနမှာ အလုပ်ဝင်ခဲ့တယ်။ သူဟာ သူ့အဖေကို အတင်းမေးတယ်။ “သား သိရမှဖြစ်မယ်။ သားအတွက် ဘယ်သူက ဒီလောက်ပေးဆပ်ခဲ့တာလဲ။ သူ့အတွက် ကျေနပ်လောက်အောင် ဘယ်တော့မှ သားလုပ်နိုင်မှာ မဟုတ်ဘူး။”
“သားမလုပ်နိုင်ဘူးဆိုတာ အဖေ မယုံဘူး။” လို့ ဖခင်ဖြစ်သူကပြောတယ်။ “ဒါပေမဲ့ သားကို ဒီနေ့ထိအသိပေးခွင့် မရှိဘူးဆိုတဲ့ သဘောတူညီချက်က ရှိနေတယ်။”
နှစ်တွေကြာအောင် သူတို့ရဲ့ နက်နဲသိမ်မွေ့တဲ့ လျှို့ဝှက်ချကို ထိန်းထားခဲ့တယ်။ ဒါပေမဲ့ နေ့တစ်နေ့တော့ ရောက်လာပြီ။ သားတစ်ယောက် ကြုံဖူးခဲ့တဲ့ အမှောင်ဆုံး ရက်တွေထဲက တစ်ရက်မှာပေါ့။ သူဟာ သူ့အမေရဲ့ အခေါင်းကို သူ့အဖေနဲ့ အတူ ရပ်ကြည့်ခဲ့တယ်။ အဖေဖြစ်သူဟာ လက်တစ်ဖက်ကို ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ဆန့်ထုတ်လိုက်ပြီး အမေ့နားရွက်တွေမရှိတော့တာကို ပြဖို့ ထူထဲထဲ နီညိုရောင် ဆံပင်တွေကို ဖယ်လိုက်တယ်။
“ဆံပင်တွေ ဘယ်တော့မှ ညှပ်ခွင့်မရတာကို ဝမ်းသာတယ်လို့ မင်းအမေပြောခဲ့တယ်။”လို့ သူက သိမ်မွေ့စွာနဲ့ခပ်တိုးတိုး ပြောတယ်။ “ပြီးတော့ ဘယ်သူကမှလည်း မင်းအမေကို အလှလျော့သွားတယ်လို့တောင် တွေးမိမှာ မဟုတ်ဘူး။”
The Secret Ears by Joan Rivers
No(68),February,2005 The Best English Magazine
ရိုးမြေကျ

Sunday, July 15, 2012

ရပ်နေပေးပါ…



ကျေးဇူးပြုပြီး အဲဒီနေရာမှာပဲ
ရပ်နေပေးပါ….
ငါနဲ့ နီးဖို့မင်းဘက်က တစ်လှမ်းချင်းလျှောက်မလာနိုင်ရင်တောင်
အဲဒီနေရာမှာပဲ
မင်း ရပ်နေပေးပါ…
ငါက မင်းနဲ့နီးဖို့တစ်လှမ်းချင်းလျှောက်လာနေတုန်းမှာ
မင်းက နောက်ဆုတ်သွားရင်
ငါတို့ပိုဝေးသွားမှာပေ့ါ……….

မက်လုံးမှိုင်းမိတဲ့ နိုင်ငံ



မြန်မာနိုင်ငံ  ငါတို့ချစ်တဲ့နိုင်ငံ
တစ်ရေတည်းသောက်  တစ်မြေတည်းနေ
သွေးစည်းခဲ့တဲ့ ငါတို့သွေးချင်းတွေ
ဧရာဝတီ၊ ချင်းတွင်း
စစ်တောင်း၊ သံလွင်
မြစ်အလှခစားလို့
သယံဇာတ ပေါများခဲ့ပါတဲ့ ငါတို့နိုင်ငံ
ခုတော့
ဒီမိုရဲ့ အရသာ
ချို၊ချဉ်၊ဖန်၊စပ်၊ခါး
ဘာရယ်လို့ မခွဲခြားနိုင်ခင် မကွဲပြားနိုင်ခင်
သစ်တောလည်းပြုန်း
မြစ်ဆုံလည်းအလှပျက်
ထားဝယ်ရေနက်၊ သီလဝါဆိုတဲ့ ငါးစာချ
အလုပ်အကိုင်အခွင့်အလမ်းဆိုတဲ့
အဲဒီမက်လုံးတွေကြား
ငါတို့လူမျိုးတွေရလာမယ့် နေရာက
CEO လား
Project Manager လား
အောက်ခြေဝန်ထမ်းအဆင့်လား
ရှေ့ဆက်ဖြစ်မယ့်ဟာတွေ
ငါ ငါဘာမှမသိချင်ဘူး
ဖယောင်းတိုင်အောက်မှာပဲနေရနေရ
စိမ်းလန်းစိုပြေတဲ့ သဘာ၀ တောတောင်တွေနဲ့
အလှမပျက်တဲ့ မြစ်အလှရှုခင်းကို
ငါတို့မျိုးဆက်တွေ ခံစားခွင့်၊ ကြည်နူးခွင့်ရပါစေသား……..။

သူငယ်ချင်းဆိုတာ


ငါ ပျော်ရွှင်ပြီး စိတ်ကျေနပ်နေတဲ့အခါ
ငါ့သူငယ်ချင်းတွေက ငါဘယ်သူလဲဆိုတာ သိကြတယ်…
ငါ ပြိုလဲပြီး စိတ်ဓာတ်ကျနေတဲ့အခါမှာတော့
ဘယ်သူကငါ့သူငယ်ချင်းအစစ်ဆိုတာ ငါသိရတယ်…

ငါ မင်းကို လိုအပ်နေတယ်….



ဘယ်သူမှ ငါ့ကြိုးစားမှုကို အသိအမှတ်မပြုလဲ
အရေးမကြီးပါဘူး။
ဘယ်သူမှ ငါ့ဖြစ်တည်မှုကို မလေးစားလဲ
အရေးမကြီးပါဘူး။
စာရွက်ပေါ်က အသိအမှတ်ပြုမှုတွေ ငါ
တကယ်မလိုအပ်ပါဘူး….
မင်းတစ်ယောက်တည်း
အသိအမှတ်ပြုရင်ကို
ငါ ဆက်ရှင်သန်လို့ရပြီ….

လွမ်းခွင့်


တကယ်ပါ
ငါ့နေ့ရက်တွေ အားမာန်အပြည့်နဲ့
ချီတက်နေမိတုန်းက
မင်းကို သတိရတယ်…
အခုငါလေ
အကူအညီတောင်းခံတဲ့ လက်တွေကပဲ
ငါ့နောက်ကျောကို ဓားနဲ့ထိုးသွားတဲ့အခါ
အပြုံးတုတွေကြား
ဟန်ဆောင်စကားတွေကြား
လူးလွန့်ရင်း
ငါမွန်းကြပ်နေလို့
မင်းဆီက
အားပေးစကားလေးကြားခွင့်ပေးပြီး
ငါ့ကို လွမ်းခွင့်လေးထပ်ပေးပါ………….

ပျောက်ဆုံးခြင်း


မျှော်လင့်ချက်လား
ငါနဲ့ အသားမကျတာကြာခဲ့ပေါ့..
ငါ့အတွက်တော့ နတ်ဆိုးတစ်ပါးပဲ..
သေချာရေရာမှု တစ်ခုပိုင်ဆိုင်ထားပေမယ့်
ပန်းတိုင်က ငါ့အတွက် ဝေးဝေးသွားခဲ့တာ….
မြင်းကောင်းခွာလိပ်တဲ့
ဒီစကား ငါ့အတွက်များဖန်တီးခဲ့လေသလား…
ပြေးရင်းနဲ့ ခြေထိုးခံလိုက်ရလို့
လဲကျသွားတဲ့အခါများ
ငါကြားလိုက်ရတဲ့ လက်ခုပ်သံတွေ
မဲ့ပြုံးတွေ
ငါ့ကို မလှောင်ကြပါနဲ့
တကယ်ဆို
ငါ့ကိုယ်ငါ ပြန်ရှာဖွေရင်းနဲ့
အခုထိ ပျောက်ဆုံးနေတုန်းပါ……….

Tuesday, July 10, 2012

ငြိမ်းအေးသော အချစ်(၂)


၂၀၁၁ တစ်နှစ်လုံး သူ့စိတ်တွေ လေနေခဲ့သည်။ မဟုတ်ဘူး။ သူ့စိတ်တွေလေနေခဲ့တာ ၂၀၁၁ တစ်နှစ်တည်းမှ မဟုတ်တာ။ သူ ဘွဲ့ရပြီးကတည်းကဆိုတော့ တွက်ကြည့်ရင် လေးငါးနှစ်တောင် ရှိပြီပဲ။ သူ့ရည်မှန်းချက်တွေ အလဲလဲအပြိုပြိုဖြစ်ပြီးကတည်းက သူ့နေ့ရက်တွေသည် အဓိပ္ပာယ်မဲ့လာခဲ့သည်။ သူရည်မှန်းထားသော ပညာရေးကို အပြီးတိုင် စွန့်လွှတ်လိုက်ရချိန်မှစ၍ မျှော်လင့်ချက်နှင့်သူ အသားမကျတော့ပေ။ သူ မျှော်လင့်ရမှာကို ကြောက်တတ်လာခဲ့သည်။ အတုအယောင် မိတ်ဆွေတွေကိုလည်း သူကြောက်သည်။ သူသည် ထိုအတိတ်က ဖြစ်ရပ်တွေကို မေ့ချင်လာသည်။ ထိုသို့ မေ့ပစ်ရန် သူအကောင်းဆုံးဖြေရှင်းခဲ့ခြင်းမှာ ဂိမ်းကစားခြင်းနှင့် အိပ်စက်ခြင်းဖြစ်သည်။ ည(၈)နာရီသည် သူ၏ အိပ်ရာဝင်ချိန်ဖြစ်သည်။ အိပ်နေလျှင် အရာအားလုံးကို ခဏတော့ မေ့ထားလို့ရသည်ဟု သူယူဆ၍ ဖြစ်သည်။ ထိုအယူအဆကပဲ သူ့ကို အရှက်ရစေခဲ့သည်။ တစ်ခါက သူမနှင့် ဖုန်းပြောပြီး အိပ်ရာဝင်တော့မည်ဟု သူပြောမိသွားသည်။ “အစောကြီးပဲ အိပ်တာလား။ အချိန်တွေ နှမြောစရာကောင်းလိုက်တာ။”ဟူသော သူမ၏စကားသည် သူ့အကြောင်းကို မသိ၍ ပြောခြင်းပဲဖြစ်ပြီး သူ့ခံစားချက်ကို သိသွားလျှင်တော့ သူ့အတွက် မှန်ကန်သော နည်းလမ်းတစ်ခု ရွေးချယ်ပေးမှာကို သူယုံကြည်သည်။ သူမက စာတွေကြိုးစားကြည့်ပြီး အလုပ်တွေ ကြိုးစားလုပ်နေချိန်မှာ သူကတော့ အိပ်နေခဲ့သည်။ လူငယ်တစ်ယောက်အနေနှင့် သူ အချိန်တွေ အလဟဿ ဖြုန်းတီးပစ်နေခြင်း မဟုတ်ပါ။ အိပ်နေလျှင် ပျော်ရွှင်ဖွယ်၊ဝမ်းနည်းဖွယ် ခံစားချက်တွေကို မေ့ထား၍ ရခြင်းပဲဖြစ်သည်။ ဒဏ်ရာတစ်ခုအတွက် အကောင်းဆုံးမေ့ဆေးကို သူသုံးနေခြင်းသာ ဖြစ်သည်။ ထိုနေ့မှစ၍ သူမအပေါ် သူရှက်ရွံ့စိတ်မဖြစ်ချင်သဖြင့် အရမ်းပင်ပန်းလွန်းသည့်နေ့တွေမှလွဲလျှင် သူ စောစော အိပ်ရာမဝင်ဖြစ်တော့ပေ။ သူ စာတွေပြန်ဖတ်သည်။ သူ့အချိန်တွေကို အကျိုးရှိရှိ ကုန်ဆုံးစေပါသည်။ ဒါတွေကို သူမ သိမည် မထင်ပါ။ သူမသည် သူ့အတွက်တော့ အားဆေးတစ်ခွက်ဖြစ်ပါသည်။
အကွာအဝေးကြောင့် အချစ်ဟာ ကျိူးလွယ်ပဲ့လွယ် ပျက်စီးလွယ်တယ်တဲ့။ သူ့သူငယ်ချင်းတစ်ယောက်ပြောဖူးသည့်စကားပါ။ ဒါဆို သူမနှင့် သူ့အကြားမှာ အကွာအဝေးမိုင်ပေါင်းများစွာ ခြားနားနေပါသည်။ ထိုအကွာအဝေးကြောင့်ပဲ အချစ်တစ်ခုကို မဖန်ဆင်းရတော့ဘူးလား။ မတည်ဆောက်ရသေးသော အချစ်တစ်ခုအတွက် အလှမ်းဝေးမှုက သူတို့ကြားမှာ တံတိုင်းသဖွယ်ဖြစ်နေသည်။ မတည်ဆောက်ရသေးခင်မှာ ပြိုလဲပျက်စီးသွားမှာကိုတော့ သူအဖြစ်မခံနိုင်ပါ။ အနည်းဆုံးတော့ သူ့ဆီမှာ ရှိသော သူ့ရဲ့ အချစ်တွေသည် ထိုတံတိုင်းကို ဖြိုဖျက်နိုင်ရမည်။  သူ့အတွက်ဖြစ်တည်လာမည့် သူမရဲ့အချစ်တွေကိုလဲ သူက ငံ့လင့်နေချင်သေးသည်။
သူ ဂရေဟမ်ဘဲလ်ကို ကျေးဇူးတင်ပါသည်။ ဂရေဟမ်ဘဲလ်ကြောင့် သူတို့ကြားက အကွာအဝေးသည် မြူတစ်မှုန်စာတောင် ခြားနားမနေတော့ပါ။ “ဟဲလို ကြားလား။ကြားလား။” ထိုစကားသည် သူတို့နှစ်ယောက် ဖုန်းပြောတိုင်း မမေ့မလျော့ ပြောရသော စကားဖြစ်သည်။ သူသည် သူမနှင့် ဖုန်းပြောလျှင် တိုးသက်ညင်သာစွာ ပြောချင်ပါသည်။ သူပြောသော စကားများသည် သူမနားထဲမှာ နားဝင်ချိုစေချင်သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးသည် သူ၏ ဆန္ဒကို မဖြည့်ဆည်းပါ။ အချိန်ပြည့်နီးပါး မအားတတ်သော သူမနှင့် ဖုန်းပြောခွင့်ရခြင်းသည် သူ့အတွက် မဟာ အခွင့်အရေးဖြစ်သည်။ ထိုအခိုက်အတန့်လေးမှာ သူမပြောသော စကားများကို ပြတ်သားစွာ ကြားချင်သည်။ သူ့အသံကိုလည်း ပြတ်သားစွာ ကြားစေချင်ပါသည်။ တစ်ခါတစ်လေ သူမသည် အရမ်းလည်ပါသည်။ သူ မကြားလိုက်ရသော စကားကို ပြန်မေးလျှင် “ဘာမှ မဟုတ်ဘူး။ တစ်ခါပဲပြောတတ်တယ်။” ဆိုပြီး ညစ်ကျယ်ကျယ်လုပ်တတ်ပါသည်။ ထိုမကြားလိုက်ရသော စကားအတွက် စိတ္တဇဖြစ်ရသူက သူပါ။ သူကလည်း “ချစ်တယ်။” လို့ ပြောလိုက်တာဖြစ်ရမည်ဟု ညစ်ကျယ်ကျယ်တွေးလိုက်ပါသည်။
သူမသည် သူ့ကို တော်တော်လွှမ်းမိုးပါသည်။ သူမစကားများ ၊ သူမ အီးမေးလ်များထဲက စာသားများသည် သူ့ကို အမြဲချည်နှောင်လေ့ရှိသည်။ သူတို့အလုပ်သည် Target ထားပြီး လုပ်ရသော အလုပ်ဖြစ်သည်။ စနစ်တခုမှတခု အပြောင်းမှာ သူတို့စာရင်းသမားတွေ Target မီအောင်မလုပ်နိုင်ခဲ့ပါ။ ဒါပေမယ့် သူကတော့ သူမဆီက အီးမေးလ်တွေကို ဖတ်ပြီး ပိုကြိုးစားရပါသည်။       “ You can finalize the report & send it on Friday. I’ll be happy.”  ထိုစာသားသည် သူ့ကို ထပ်မံရစ်ပတ်ပါ၏။ သူမ ပျော်ရွှင်ဖို့အတွက် သူသည် report ကို မြန်မြန်ထုတ်နိုင်အောင်ကြိုးစားရပါ၏။ သူမ သိမှာမဟုတ်ပေမယ့် သူကတော့ သူတစ်ယောက်တည်း သူမ ပျော်ရွှင်ဖို့ တိတ်တိတ်လေးကြိုးစားနေရသူသာ ဖြစ်၏။
သူထက် အသက်ငါးနှစ်ကြီးသော သူမသည် တစ်ခါတစ်ရံ သူ့အပေါ်ကလေးဆိုးဆိုးတတ်ပါသည်။ “ဒီလိုပဲ မက ဆိုးတတ်တယ်။ သည်းခံနိုင်ရင် သည်းခံ။” ဆိုသည့် စကားဖြင့် သူ့ကို ကလိတတ်ပါသည်။ သူကလည်း “ဘယ်နှယ့်ဗျာ… ကိုယ့်ထက် အသက်ငါးနှစ်လောက်ကြီးတဲ့သူကို ပြန်အလိုလိုက်နေရတယ်။” ဟု ပြန်စတတ်ပါသည်။ သူသည် သူ့ထက် ငါးနှစ်ကြီးသော ကလေးလေးတစ်ယောက် ကောက်ရထားပါသည်။ ထိုကလေးလေးသည် စာကြိုးစားပါသည်။ ထိုကလေးလေးသည် မနက်တိုင်း ခိုကလေးများကို အစာကျွေးတတ်ပါသည်။ ထိုကလေးလေးသည် ရေခဲမုန့်ကြိုက်ပါသည်။ ထိုကလေးလေးသည် ချောကလက်ကြိုက်ပါသည်။ ထိုကလေးလေးသည် အရုပ်များကို ချစ်တတ်ပါသည်။ သူကတော့ ရှေ့လျှောက် အရုပ်ဆိုင်နှင့် ချောကလက်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားပါသည်။      
အချစ်ကြောင့် ဤကမ္ဘာမြေတွင်ရှိသော သက်ရှိသက်မဲ့ဟူသမျှသည် သူ့အတွက် ထာဝစဉ်လှပနေတော့သည်။ အချစ်တွင် အသက်အပိုင်းအခြားမရှိပါ။ အကွာအဝေးမိုင်တိုင်တွေ မရှိပါ။ အချစ်အတွက် အချစ်တစ်ခုရှိနေလျှင် အရာရာပြီးပြည့်စုံသည်သာ ဖြစ်သည်။

ငြိမ်းအေးသော အချစ်(၁)



သူသည် ဂဏန်းသချာၤထက် ဗျည်းအက္ခရာကို ပိုချစ်မြတ်နိုးသူဖြစ်သည်။ သူ အလုပ်ချင်ဆုံးက စာတွေဖတ်မည်။ စိတ်ခံစားမှု ပြင်းထန်လာသည့်အခါ စာတစ်ပုဒ်လောက်ရေးချင်ရေးဖြစ်မည်။ ဒါတွေသည် သူ့စိတ်ကူးယဉ်မှု သက်သက်သာဖြစ်သည်။ တကယ့်လက်တွေ့မှာတော့ သူ့အလုပ်ကစာရင်းကိုင်ပဲဖြစ်သည်။ မိုးလင်းက မိုးချုပ် သူ့ အချိန်တော်တော်များများကို ထိုဂဏန်းများက စိုးမိုးထားသည်။ အိပ်ချိန်လေးတော့ ထိုဂဏန်းများနှင့် သူ တစိမ်းဆန်ဆန်နေလို့ ရမည်ဟု မျှော်လင့်ခဲ့သည်။ မျှော်လင့်ချက်သည် မျှော်လင့်ချက်သာ ဖြစ်သည်။ တကယ်တမ်း ဖြစ်လာသည်က သူ့အိပ်မက်တွေထဲမှာ အရှုံးအမြတ်စာရင်းများ ၊ Stock Part No များက သူ့ကို ခြောက်လှန့်နေခဲ့သည်။ ထို့ကြောင့် အိပ်ချိန်များပြီး အိပ်ရေးမဝခဲ့ပါ။ သူ ထိုအလုပ်ကို ငြီးငွေ့လာခဲ့သည်။ ထိုအလုပ်က သူထွက်တော့မည်ဟု ဆုံးဖြတ်ချက်ချပြီးကာမှ သူမနဲ့ ဖုန်းပြောပြီးချိန်မှာ သူ့ဆုံးဖြတ်ချက်က ပြောင်းပြန်ဖြစ်သွားတော့သည်။ အဲဒီနေ့က သူမ အသံတွေသိပ်မကောင်းပါ။ သူမ နေမကောင်းပါ။ သူမ နေမကောင်းတာကို သိလိုက်ရတော့ သူ့ရင်တွေ နာကျင်လာသည်။ သူမကို စိုးရိမ်နေသည်ပဲ။ ညရောက်တော့ သူမဆီ နေကောင်းပြီလားလို့ မက်ဆေ့ချ် ပို့လိုက်သည်။ သူမ သူ့ဖုန်းနံပါတ်ကို မသိပါ။ သူမ သူ့ဖုန်းနံပါတ်ကို ပြန်ဆက်လာခဲ့သည်။ သူမနဲ့ ဖုန်းပြောရချိန်မှာ သူ ရင်တွေခုန်နေပါသည်။ သူမက သူ့ရဲ့ အထက်လူကြီးတစ်ယောက်ပါ။ ကိုယ့်အထက်လူကြီးရဲ့ ဂရုတစိုက်ရှိမှုကို ဝမ်းသာကြည်နူးနေလို့ ရင်တွေခုန်နေခဲ့တာလား။ ဘာခံစားမှုဆိုတာတော့ သူသိပ်မဝေခွဲတတ်ပါ။ သူကိုယ်တိုင် ဝါသနာမပါပါဘူး။ စိတ်ကုန်နေပါပြီဆိုတဲ့ အလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်ချက်ချပြီးကာမှ  သူမနဲ့ ဖုန်းပြောပြီးချိန်မှာပဲ အရာရာပြောင်းလဲသွားသည်တဲ့။ဘာပဲပြောပြော ထိုညလေးမှာ သူသည် သူမရဲ့ စကားတစ်ခွန်းအတွက် အလုပ်က မထွက်တော့ဘူးလို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချဖြစ်ခဲ့ပါသည်။ ‘အေးပေါ့။ ဝါသနာမပါလဲ ကိုယ်လျှောက်တဲ့လမ်းကို  ဆုံးအောင်လျှောက်ရမှာပေါ့။’ ထိုစကားသည် သူ့ကို ချည်နှောင်လိုက်သော စကားဖြစ်သည်။ သူကလည်း ထိုစကားလေးတစ်ခွန်းနှင့်ပဲ ကြည်ကြည်ဖြူဖြူ အချည်နှောင်ခံလိုက်ပါသည်။ သူမ ကိုယ်တိုင်ကတော့ လူတစ်ယောက်ကို ချည်နှောင်လိုက်ပြီဆိုတာ သိချင်မှသိပေမည်။ သူမရဲ့ အမိန့်မဆန်တဲ့ အားပေးမှုလား၊တိုက်တွန်းမှုလား မခွဲခြားနိုင်တဲ့စကားအပေါ်မှာ သူသာယာသွားခဲ့မိပါပြီ။
ထိုညက စပြီး သူပြောင်းလဲလာခဲ့သည်။ သူ့ပြောင်းလဲမှုတွေက တကယ်ကို မြန်ဆန်လှသည်။ အလုပ်ထဲမှာ သူ ပျော်လာသည်။ သူသိပ်မုန်းပါတယ်ဆိုတဲ့ ထို ဂဏန်းတွေကို သူချစ်တတ်လာပြီပဲ။ အရင်က အလုပ်ကို တာဝန်ကျေကျေလုပ်ခဲ့ပေမယ့် သူမပျော်ခဲ့ပါ။ အခုတော့ တာဝန်ကျေအောင်လုပ်ရင်း သူပျော်ရွှင်တတ်လာသည်။ သူမ အကြောင်းတွေကို သူစိတ်ဝင်စားလာသည်။ သူ့ကိုယ်သူ အံသြပါသည်။ သူ ရုံးချုပ်မှာ Training တက်စဉ်က သူမ နဲ့ နေ့တိုင်းတွေ့ခဲ့ရသည်ပဲ။ အဲဒီတုန်းက သူမကို ဘာလို့သတိမထားမိရသည်လဲ။ သူ ညံ့ပါသည်။ သူမ နာမည်လှတာလေးတစ်ခုပဲ စိတ်ဝင်စားခဲ့မိသည်။ သူမ မျက်နှာကို သူ စေ့စေ့တောင် မကြည့်ဖူးခဲ့ပါ။ သူမရဲ့ ရုံးခန်းက သူတို့ထိုင်ရတဲ့ စားပွဲရှေ့ကဖြတ်မှရောက်တာပါ။ သူ့မျက်လုံးရှေ့ဝင်ဝင်လာသည့် သူမရဲ့ ပုံရိပ်တွေကို သူသတိမပြုမိခဲ့ပါ။ ရံဖန်ရံခါ သူ့စားပွဲနားကိုတောင် သူမရောက်လာတတ်သည်ပဲ။ ဒါလည်း သူဂရုမစိုက်ခဲ့မိပါ။ ထိုအချိန်တွေအတွက် သူနောင်တရချင်နေပါသည်။ ထိုသတိမပြုခဲ့မိသောအချိန်က သူမရဲ့ ပုံရိပ်ရေးရေးလေးကို သူပြန်စဉ်းစားရင်း လွမ်းတတ်လာပါသည်။
၂၀၁၁ နှစ်ကုန်ခါနီးမှာ  သူ ရုံးချုပ်ကို ခဏခဏသွားရပါသည်။ (ထိုစဉ်က သူ သူမကို စိတ်မဝင်စားသေးပါ။) သူ ခရီးခဏခဏ ထွက်ရလျှင် နေသိပ်မကောင်းတတ်ပါ။ ထို့ကြောင့်ပဲ Allowance မလောက်ဘူးဆိုသည့် အကြောင်းပြချက်လှလှလေးနှင့် သူ ခရီးထွက်ဖို့ ငြင်းဆန်တတ်ပါသည်။ သို့သော် တာဝန်သည်တာဝန်သာ ဖြစ်၍ သူရဲ့ ကလေးဆန်မှုက အရာမထင်ပါ။ သူ ခရီးတွေ ထွက်ရပါသည်။ ရုံးချုပ်ရောက်လျှင် သူမနှင့် အမြဲတွေ့ရတတ်ပါသည်။ သို့သော် သူသည် ခရီးပန်းသည့်အတွက် ဘာကိုမှ  စိတ်မဝင်စားနိုင်ပါ။ သူ  သူမနှင့်တွေ့ခွင့်ရခဲ့သည့် ထိုအချိန်တွေကို အရမ်းပဲ တောင့်တမိလာပါသည်။
၂၀၁၂ နှစ်စပိုင်းမှာ  သူတို့ကုမ္ပဏီက Chinese New Year Party ကို ရုံးချုပ်မှာ လုပ်ပေးပါသည်။ နယ်ရုံးခွဲမှ လိုက်မည့်သူများ စာရင်းကြိုတင်ပေးရသည်။ သူကတော့ ခရီးထွက်ရမှာ ပျင်းတဲ့သူမို့ စာရင်းမပေးဖြစ်ခဲ့ပါ။ ထိုအချက်ကပဲ သူမနှင့် သူရဲ့ တွေ့ဆုံမှုအတွက် လွဲချော်မှုတစ်ခုဖြစ်ခဲ့သည်။ သူ သူမကို ချစ်မိနေပြီဆိုတာ သေချာသွားသည့်အချိန်တွင် အရာရာနောက်ကျနေခဲ့ပြီ။ သူ ရုံးချုပ်ကို လိုက်ခွင့်မရခဲ့ပါ။ သူမနှင့် တွေ့ဆုံခွင့်မရခဲ့ပါ။ သူ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းက တစ်ဆင့် သူမ သိပ်ကြိုက်သည့် ချောကလက်ထည့်ပေးလိုက်ပါသည်။  ထို ပါတီပွဲတက်ခဲ့သည့် သူငယ်ချင်းတွေကတစ်ဆင့် သူမရဲ့ မရေမရာသတင်းတစ်ခုကြားခဲ့ရသည်။ သူမဟာ အဆိုတော်တစ်ယောက်ရဲ့ ရည်းစားဆိုသည့် မသေချာသည့် သတင်းက သူ့ကို ကြေကွဲစေသည်။ သူ့ရဲ့ ညတွေကို အိပ်ပျက်ညတွေအဖြစ် ဖန်ဆင်းလိုက်သော ထိုသတင်းအတွက် သူ ပွင့်ပွင့်လင်းလင်းပဲ သူမကို မေးဖြစ်ခဲ့သည်။ ထိုသတင်းမှားနေသည်ဆိုသည့် သူမရဲ့ အဖြေကိုပဲ သူမျက်စိမှိတ် ယုံကြည်လိုက်ပါသည်။ ထိုအချိန်ကစ၍ သူ သူမကို ချစ်တယ်လို့ ပြောမိသွားသည်။ သူ့ရဲ့ အထက်အရာရှိမို့ သူ့စိတ်ကိုချုပ်ထိန်းခဲ့ပေမယ့် ခံစားချက်ကိုတော့ ထိန်းလို့မရခဲ့ပါ။
သူသည် သူငယ်ချင်းက တစ်ဆင့် သူမအိမ်လိပ်စာကို စုံစမ်းခိုင်းပါသည်။ Training အတူတူတက်ခဲ့ရတာချင်းအတူတူ သူ့သူငယ်ချင်းသည် သူမရဲ့ ဖုန်းနံပါတ်၊ ဂျီမေးလ် အားလုံးကို သိနေခဲ့သည်။ သူ့အတွက်တော့ ရေကန်အသင့် ကြာအသင့်ပါပဲ။ Valentine Day နီးလာပြီ။ သူမလိပ်စာကို သိရမှ ဖြစ်မည်။ သူငယ်ချင်းကောင်းမှုဖြင့် သူမလိပ်စာလေးသိခွင့်ရခဲ့သည်။ သူတို့မြို့လေးမှာ လက်ဆောင်ပစ္စည်းလှလှလေးတွေ ရှာရခက်ပါသည်။ ရန်ကုန်မှာနေသော သူမအတွက် သူ့လက်ဆောင်တွေက ရယ်ချင်စရာကောင်းနေလိမ့်မည်။ သူမအတွက် လက်ဆောင်ဝယ်ပြီးသည့် ညမှာပဲ သူမဆီကို သူဖုန်းဆက်ခဲ့သည်။ သူမသည် သင်တန်းတွေ၊ အလုပ်တွေနှင့် အချိန်ပြည့် မအားမလပ်ဖြစ်နေတတ်သည်။ ထိုညက သူမခြွေသော သြဝါဒတွေ တော်တော်နားထောင်လိုက်ရသည်။ သူမစိတ်ထဲ သ့ူကို အလုပ်ထဲမှာ အခက်အခဲရှိသဖြင့် သူမဆီ ခဏခဏ ဖုန်းဆက်နေသည်ဟု ထင်နေပုံပါပဲ။ နောက်ရက်မှာ အဝေးပြေးကားဂိတ်ကတစ်ဆင့် သူမဆီ လက်ဆောင်ပို့ပေးခဲ့သည်။ သူမနဲ့ ဆင်တူသောက်ဖို့ဝယ်လာခဲ့သည့် ကော်ဖီခွက်လေးကိုပါ ယူမထားတော့ဘဲ ထည့်ပေးလိုက်ဖြစ်သည်။ သူမအတွက်က အဖြူရောင်ခွက်ကလေး၊သူ့အတွက်က အနက်ရောင်ခွက်လေးပါ။ ဆင်တူလေးမို့ ကော်ဖီသောက်တိုင်း သတိရချင်နေသည့် စိတ်ဖြင့် သူဝယ်လာခဲ့ခြင်းဖြစ်သည်။ သူမသိပ်ကြိုက်တဲ့ ချောကလက်ကတော့ လက်ဆောင်ထဲမှာ မပါမဖြစ်ပေါ့။ သူက ချောကလက်ကို ရည်ရွယ်ချက်ဖြင့် ပေးခြင်းဖြစ်သည်။ သူမက ချောကလက်အရမ်းကြိုက်ပါသည်။ သူပေးသော ချောကလက်စားလိုက်လျှင် သူ့ကို အလိုလို ချစ်ပြီးသားဖြစ်သွားပါလိမ့်မည်။ သူ့အတွေးသည် ကလေးဆန်ပေမယ့် သူ့အတွေးနှင့်သူတော့ ပျော်ရွှင်ရပါသည်။
နောက်ရက်မှာ သူမဆီက လက်ဆောင်ရကြောင်းဖုန်းဆက်လာသည်။ သူမ အသံတွေတုန်ရင်နေသလိုပဲ။ သူမ ပျော်နေတာလား။ သူမဆီရေးပေးလိုက်သည့်စာထဲမှာ သူ့အတွက်ဝယ်ထားသည့်ခွက်လေးအကြောင်းလည်းပါပါသည်။ သူမက ထိုခွက်ကလေးကို ပြန်ပို့ပေးချင်ကြောင်းပြောခဲ့သည်။ သူမကို အိမ်မှာတစ်ခွက်၊ရုံးမှာ တစ်ခွက်ထားဖို့ပြောပြီး ပြန်မယူတော့ကြောင်းပြောလိုက်မိသည်။ ထိုညက မက်သော သူ့အိပ်မက်သည် အရမ်းချိုမြိန်ပါသည်။
သူ သူမအချစ်ကို ရအောင်လုပ်လို့မရဘူးလားလို့မေးကြည့်တော့ သူမက ကြိုးစားကြည့်ပေ့ါတဲ့။ သိပ်ကို ဝေးလွန်းတယ်၊ တစ်ယောက်အကြောင်း တစ်ယောက်လည်း မသိကြဘူးလေဆိုသည့် သူမရဲ့ စကားအတွက် သူ့ရဲ့ အကြောင်းတွေပြောပြပါမည်။ ထိုအကြောင်းတွေကို သူက သူမနဲ့ အတူတူထိုင်ပြီး ပြောပြချင်ပေမယ့် သူ့မှာ ထိုအခွင့်အရေးမရှိပါ။ ဖုန်းဆက်ပြီးပြောပြရအောင်လည်း သူမက သင်တန်းတွေနှင့် မအားလပ်ပါ။ ထို့ကြောင့် နောက်ဆုံးနည်းလမ်းမှာ ဂျီမေးလ်နှင့် ပြောပြခြင်းသာ အကောင်းဆုံးဖြစ်သည်။ သူမ ဖတ်ဖြစ်မဖတ်ဖြစ် မသေချာပေမယ့် သူကတော့ ပြောပြပါမည်။ သူနာကျင်လွန်းလို့ မေ့ထားသည့် သူ့ရဲ့ ပညာရေးရည်မှန်းချက်အကြောင်း၊တစ်ချိန်က သူ့အနာဂတ်အကြောင်းတွေ၊ သူကလေးတုန်းက အကြောင်းတွေကို  ပြန်တူးဖော်ပြီး သူမကိုပြောပြခဲ့ပါသည်။ သူ့အတိတ်သည် သူမအတွက် ပြန်လည်အသက်ဝင်လာရပေမယ့် သူမကို ပြောပြနေတဲ့အခါမှာတော့ ဟိုအရင်လို မနာကျင်တော့ပါ။ သူ့အကြောင်းတွေကို လူချင်းတွေ့ပြီးပြောရင်း သူမပြန်မေးလာမည့် မေးခွန်းတွေကိုလည်း သူက စိတ်လိုလက်ရဖြေကြည့်ချင်သည်။ အခုတော့ သူ့ပို့သော မေးလ်တွေဖတ်ဖြစ်လား မဖတ်ဖြစ်လားဆိုတာ သူ သေချာမသိပါ။ သူ့အကြောင်းတွေကို သူမ သိနေပြီလားဆိုတာလည်း သိပ်မရေရာပါ။
သူမကို ချစ်တယ်လို့ ပြောပြီးကတည်းက သူတို့နှစ်ယောက်နည်းနည်းဝေးကွာသွားသလို ခံစားရပါသည်။ သူမက်ဆေ့ချ်ပို့လျှင် အရင်က ပြန်ပို့တတ်ပေမယ့် နောက်ပိုင်းသူမက ပြန်မပို့တော့ပါ။ သူမစိတ်ကို သူမ ထိန်းချုပ်နေသလား။ သူ့မက်ဆေ့ချ်တွေ သူမဖတ်ရရဲ့လား။ ဘာဆိုဘာမှ သူသေချာမသိပါ။ သူကတော့ သူမဆီ မက်ဆေ့ချ်မှန်မှန်ပို့ဖြစ်နေပါသည်။ တကယ်တော့ သူသည် တဖက်သတ်ရူးသွပ်နေသူသာဖြစ်သည်။
သူ မန္တလေးရုံးကို အလုပ်ကိစ္စနဲ့ သွားတုန်းကပေါ့။ သူ့သူငယ်ချင်းနဲ့ လျှောက်လည်ရင်း သူမအတွက် ချောကလက်ဝယ်ခဲ့သည်။ သူမဆီ လှမ်းဖုန်းဆက်ရင်း စကားတွေပြောဖြစ်သည်။ ထိုညက သူမအသံတွေတော်တော်ကြည်လင်နေပါသည်။ ဆိုင်ကယ်စီးနေတာလား။ ဆိုင်ကယ်စီးရင်းဖုန်းမပြောရဘူး နောက်မှပြန်ဆက်ဆိုသည့် စကားက သူ့ကို စိုးရိမ်နေသည်ပဲ။ သူမက သူ့အတွက် စိုးရိမ်နေသည်တဲ့။ ရုံးကို ပြန်ရောက်တော့ သူမဆီ သူဖုန်းပြန်ခေါ်ဖြစ်သည်။ ထိုညက ရုံးရှေ့မှာ ခြင်ကိုက်ခံပြီး သူမနဲ့ တော်တော်ကြာဖုန်းပြောဖြစ်သည်။ သူမကိုလည်း သူ ပိုပိုချစ်လာမိပါသည်။
မန္တလေးကပြန်ရောက်ပြီးသည့်နောက်ပိုင်း ရုံးမှာ သူအမြဲလိုလိုပြုံးနေတတ်ပါသည်။ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကို ရူးနေပြီဟု ထင်ချင်ထင်ပါလိမ့်မည်။ သူတစ်ယောက်တည်း သူမနှင့်ပြောခဲ့သည့် စကားတွေကို ပြန်ပြန်စဉ်းစားရင်း ခဏခဏပြုံးမိပါသည်။ သူမကို အရမ်းလွမ်းသည့်အခါ သူ့ ကွန်ပျူတာ Desktop ပေါ်က သူမပုံကိုကြည့်ပြီး အလွမ်းဖြေတတ်နေပါပြီ။
သူ့ရဲ့ မသိစိတ်ထဲမှာ သူမဘာကြောင့် စိုးမိုးနေသလဲဆိုသည့် အချက်ကို သူသုံးသပ်ကြည့်ပါသည်။ သူမသည် သူ မသိသည့် အလုပ်တွေကို မေးလျှင် စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည်။ တစ်ခါတုန်းကပေါ့။ သူ့တို့ရုံးက အစ်မတစ်ယောက်က ရုံးပြောင်းတော့မှာမို့ သူ့ကို ငွေကိုင်ခိုင်းသည်။ သူ့ အလုပ်က စာရင်းကိုင်လေ။ ငွေကိုင်မှ မဟုတ်တာ။ ဒါပေမယ့် သူအားနာတတ်ပါသည်။ ပြတ်ပြတ်သားသား မငြင်းရဲပါ။ သူ သူမနှင့် ဖုန်းဆက်ပြီး ထိုပြဿနာအကြောင်းပြောဖြစ်သည်။ သူမက မန်နေဂျာကို ငွေကိုင်တစ်ယောက်ခန့်ပေးဖို့ တောင်းဆိုကြည့်ဖို့ အကြံပြုသည်။ ခက်တာက ဘယ်သူ မန်နေဂျာဆိုတာ သူသဲသဲကွဲကွဲ မသိပါ။ သူမက တခြားသူလုပ်ခိုင်းတိုင်းလုပ်စရာလား၊ ဒါအားနာစရာမလိုဘူး ။ ပြတ်ပြတ်သားသားပြောလိုက်။ ငွေကိုင်လုပ်ပေးလို့လဲ လစာ ပိုရမည်မဟုတ်ကြောင်း။ စာရင်းပဲကိုင်ရမည်ဖြစ်ကြောင်း ပြောသည်။ သူမ အသံတွေက သူ့ကို အားမလိုအားမရဖြစ်နေသည်ပဲ။ သူသာ သူမအနားမှရှိနေလျှင် သူမခန္ဓာကိုယ်သေးသေးလေးနှင့် သူ့ကို စိတ်မရှည်လွန်းလို့ အားမရလွန်းလို့ ကိုင်ပေါက်မည်လားတောင် မပြောတတ်ပါ။ တခြားသော အခက်အခဲတွေကိုလည်း သူမက စိတ်ရှည်လက်ရှည် ရှင်းပြတတ်ပါသည်။ ထိုအချက်တွေကပဲ သူ့ရဲ့ မသိစိတ်ထဲ သူမရောက်နေခဲ့တာ ရာနှုန်းပြည့်ဖြစ်နိုင်ပါသည်။
သူ့ရဲ့ သူမအပေါ် ထားရှိတဲ့ အချစ်ကိုလည်း အဓိပ္ပာယ်ဖွင့်ချင်ပါသည်။ သူ့အချစ်သည် ပူလောင်မနေပါ။ Platonic Love တဏှာရာဂကင်းသော အချစ်ဖြစ်ပါသည်။ တဏှာရာဂမကင်းသော ၁၅၀၀ အချစ်ကို အရောင်နှင့် အနီရောင်ဟု သတ်မှတ်မည်ဆိုပါစို့။ သူ့အချစ်သည် ပန်းရောင်ဖျော့ဖျော့လေးသာဖြစ်သည်။ ရည်းစားချစ်ကို ဂဏန်းနှင့် ၁၅၀၀ ဟု သတ်မှတ်လျှင် သူ့အချစ်ကို ၇၅၀ ဟုသာသတ်မှတ်ချင်ပါသည်။ ၁၅၀၀ အချစ်သည် မုန်တိုင်းအဆင့်ဆိုပါက သူ့ရဲ့ ၇၅၀ အချစ်သည် လေပြည်လေညင်းလေးသာဖြစ်ပါသည်။ သူမ ဆီကလည်း ထိုအချစ်မျိုး သူလိုချင်တပ်မက်ပါသည်။ ဒါပေမယ့် သူသိပ်မမျှော်လင့်ရဲပါ။ သူမဆီက ငြိမ်းအေးသော အချစ်(၇၅၀)ကို သူ အရမ်းမျှော်လင့်နေမှန်း သူမ သိမည်ဆိုလျှင်………………

ရောက်တတ်ရာရာ(၃)


ညက အိပ်မက်ထဲမှာ စာရေးသူ အကြော်တွေ အားရပါးရ စားနေခဲ့သည်။ ခရမ်းသီးကြော်၊ဗူးသီးကြော်၊ဗယာကြော်။ အကြော်တွေကို စုံလို့။ အချဉ်ကလည်း ကောင်းမှကောင်း။ ဒါပေမယ့် စားရတာက အိပ်မက်ထဲမှာ ဖြစ်သည်။ စာရေးသူ အကြော်မစားရတာ ငါးရက်လောက်ရှိပြီ။ စားချင်ရင် ဝယ်စားပေ့ါလို့ မပြောကြနဲ့နော်။ ဘာ့ကြောင့်ဝယ်မစားတာလဲဆိုတော့
ဂျာနယ်ထဲမှာ ဖတ်ရသော သတင်းတွေက မကောင်း။ (၂၃.၆.၂၀၁၂) ထုတ် Voice ဂျာနယ်ထဲမှာ မန္တလေးက တရုတ်ကုန်သည်က တရုတ်ပြည်က စားသုံးရန်မသင့်သော ဆီတွေကို တင်သွင်းလာသည်ဟု ဖတ်လိုက်ရသည်။ ထိုဆီသည် မြောင်းထဲက ဆီတွေကို ပြန်လည်သန့်စင်ပြီး အနံ့ထည့်ထားခြင်း ဖြစ်သည်။ ထိုတရုတ်ကုန်သည်ကပဲ ဈေးကွက်ထဲက မြေပဲဆံတွေကို ဈေးမြင့်မြင့်ပေးဝယ်ပြီး တရုတ်ပြည်ထဲ ပြန်ပို့ခဲ့သည်။ နိုင်ငံတွင်းက တခြားကုန်သည်တွေက မြေပဲဆံကို ထိုတရုတ်ကုန်သည်နှင့် အပြိုင် ဝယ်ယူနေကြရသည်။ မနေ့ညက ဖတ်ရတဲ့ Weekly Eleven မှာတော့ ထိုစားသုံးရန်မသင့်သော ဆီ၏ တစ်ပိဿာဈေးမှာ ၃၀၀၊၄၀၀ ဝန်းကျင်ဖြစ်သည်။ မန္တလေးက တရုတ်ကုန်သည်က ထိုဆီကို ဈေးကွက်ထဲ ဖြန့်ဖြူးပြီး ဖြစ်သည်။ ဒီတော့ လက်လီ၊လက်ကား ပြန်ရောင်းသည့် ဆိုင်တွေကလည်း ထိုဆီကို ပြည်တွင်းက စားအုန်းဆီတွေနှင့် ရောနှောပြီး ရောင်းသည်။ ဒီအတိုင်း တစ်ပိဿာ ၃၀၀၊၄၀၀ နှင့်ရောင်းလျှင် မည်သူကမှ ထိုဆီကို ဆီဟုယုံကြည်ပြီး စားကြမည် မထင်ပါ။ ထိုသတင်းတွေကို ဖတ်လိုက်ရတော့ လူတွေ၏ လောဘကို ကြောက်ခမန်းလိလိ မြင်တွေ့ရ၏။
ထိုသတင်းတွေကို ဖတ်ပြီးပြီးချင်း စာရေးသူ အပြင်က အစားအစာတွေကို လုံးဝမစားရဲတော့ပါ။ စာရေးသူ အကြော်သိပ်ကြိုက်ပါသည်။ ဒါပေမယ့် ဘယ်အကြော်ဆိုင်ကမှ အကြော်တွေကို ပဲဆီနှင့် မကြော်ပါ။ စားအုန်းဆီနှင့်သာ ကြော်ပါသည်။ အရင်ကဆို စာရေးသူ အကြော်စားလွန်းသည့်အတွက် မေမေက စာရေးသူကို လျှော့စားရန် အမြဲသတိပေးရတတ်သည်။ အခုသတင်းတွေကို ဖတ်ပြီးပြီးချင်း အကြော်သိပ်စားချင်သည့်စိတ်ကို မြိုသိပ်ထားလိုက်သည်။ ထိုသတင်းတွေကြောင့် မေမေက စနေနေ့တိုင်း အကြော်ကို ပဲဆီနှင့် အိမ်မှာပဲ ကြော်ပေးမည်။ တခြား အခြေခံလူတန်းစားတွေကရော  အကြော်ကို အိမ်မှာပဲ ကြော်စားဖို့ အခွင့်အရေးရှိပါ့မလား။ ဒါဆို သူတို့တွေရဲ့ ကျန်းမာရေး က တစ်နည်းနည်းနဲ့ ချို့ယွင်းလာမှာတော့ အမှန်ပင်။ စာရေးသူတို့နိုင်ငံမှာ စားသုံးသူအခွင့်အရေးဆိုတာ ကောက်ရိုးပုံထဲ အပ်ရှာရသလို ဘယ်သွားရှာရမည်မသိ။
ထိုစားသုံးရန်မသင့်သည့် ဆီတွေကို နိုင်ငံထဲရောက်အောင် သွင်းလာသည့် တရုတ်ကုန်သည်ကိုပဲ အပြစ်တင်ရမည်လား။ ဝင်ခွင့်ပေးလိုက်သည့် အကျင့်ပျက်ခြစားသည့် ဝန်ထမ်းတွေကိုပဲ အပြစ်တင်ရမည်လား။ လူမဆန်သည့် အပြုအမူတွေအတွက် ထိရောက်သည့် ပြစ်ဒဏ်က ဘယ်မှာလဲ။
စကားမစပ် စာရေးသူတို့နိုင်ငံက ကလေးလေးတွေ တရုတ်နိုင်ငံမှလာသော မုန့်ထုပ်များကို အားရပါးရစားနေကြတာ တွေ့မြင်နေရသည်။ တရုတ်နိုင်ငံသည် စီးပွားရေးကျင့်ဝတ်မစောင့်ထိန်းသော နိုင်ငံဟု စာရေးသူ ခံစားမိသည်။ နို့မှုန့်တွေထဲမှာလည်း မယ်လမင်းဓာတ်တွေပါလို့ ကလေးလေးတွေ အသက်ဆုံးရှုံးရသည်။ စားသုံးရန်မသင့်မှန်းသိပေမယ့် သူတို့ရဲ့ ထုတ်ကုန်ကို ဆက်ထုတ်သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွေတွေ့ရှိရမှသာ သူတို့ရဲ့ ထုတ်ကုန်တွေကို ဈေးကွက်ထဲက ပြန်သိမ်းသည်။
စာရေးသူတို့နိုင်ငံက မြန်မာမုန့်တွေသည် အဖိုးနည်းပြီး အာဟာရပြည့်ဝသည်။ မုန့်ဖက်ထုပ်၊ ပဲဆုပ်၊မုန့်ပြားသလပ်၊မုန့်ပေါင်း၊ ကောက်ညှင်းပေါင်း ၊ မုန့်ဗိုင်းတောင့် စသည်ဖြင့်ပေါ့လေ။ ငယ်ငယ်က ထိုမုန့်တွေနှင့်ပဲ ကြီးပြင်းခဲ့ရသည်။ စာရေးသူတို့ငယ်ငယ်က ကလေးတွေကို ဆွဲဆောင်မည့် ရောင်စုံမုန့်ထုပ်တွေ သိပ်များများစားစား မရှိပါ။ အခုခေတ် ကလေးလေးတွေကတော့ အာဟာရမပြည့်ဝသည့် ထိုရောင်စုံမုန့်ထုပ်တွေကိုပဲ မက်မောနေကြသည်။ ထိုမက်မောမှုကို မိဘတွေက ဝင်ရောက်ထိန်းသိမ်းပေးစေချင်သည်။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာက စားသုံးသူအခွင့်အရေးကို ပီပြင်စေချင်သည်။ မသမာမှုများကြောင့် စားသုံးသူအခွင့်အရေးကို ထိခိုက်လာခဲ့လျှင်လည်း ထိုမသမာမှုကို ထိထိရောက်ရောက်ပြစ်ဒဏ်ပေးမည့် ဥပဒေရှိစေချင်သည်။ နိုင်ငံ့ဝန်ထမ်းတွေ၏ အကျင့်ပျက်ခြစားမှုတွေလျော့ကျသွားပါစေဟု ဆုတောင်းရင်း မြန်မာနိုင်ငံသားများ တန်ရာပေးရင် တန်ကြေးရကြပါစေ…။

ရောက်တတ်ရာရာ(၂)


အင်း ဦးစီးအရာရှိဇာတ်လမ်းလေး ငြိမ်သွားပြီဆိုပြီး အတွေးလေးနဲ့ ကြည်နူးတုန်းရှိသေး…. ကံကြမ္မာက စာရေးသူကို မျက်နှာသာမပေးချေ။ အရာရှိစာမေးပွဲဖြေပြီး တစ်လကျော်ကြာပြီးတဲ့နောက်မှာပေ့ါ… ည(၈) နာရီခွဲလောက်မှာ အဖိုးအိမ်က ဖုန်းကို စာရေးသူနဲ့ ဖုန်းပြောချင်လို့ဆိုပြီး ဖုန်းလာပါသည်။ “ဟာငါ့ဖုန်းလှမ်းမဆက်ဘဲ။” ဆိုပြီး စိတ်ထဲနည်းနည်းချဉ်သွားသည်။ စာရေးသူတို့အိမ်နှင့် အဖိုးအိမ်က နည်းနည်းလှမ်းပါသည်။ “မြန်မြန်လုပ်။ဆိုင်ကယ်ပေါ် မြန်မြန်တက်။ ဟိုဘက်က ကိုင်ထားမှာတဲ့။” ဆိုပြီး အသိတစ်ယောက်က လာခေါ်ပါသည်။ “ဘယ်က ဖုန်းလဲ။” “ဘဏ္ဍာရေး ဝန်ကြီးဌာနကလို့ပြောတာပဲ။ဦးစီးကိစ္စထင်တယ်။” “ဘာ။” စာရေးသူစိတ်ထဲ လန့်တန့်တန့် ဖြစ်သွားသည်။ ဘုရား … ဘုရား။ ငါ ရထား(၇)စီးပဲ ရှိတယ်ဖြေခဲ့လို့ အပြစ်ပေးမလို့လားပေါ့။ ထုံးစံ။ ထုံးစံမှမရှိတာပဲ။ ဝန်ကြီးဌာနဘက်က စဆက်တယ်ဆိုတာ။ ရင်တထိတ်ထိတ်နဲ့ လိုက်သွားရပါသည်။ ဟိုဘက်ကလည်း တော်တော်ဇွဲကောင်းပါသည်။ ဖုန်းကို ကိုင်ထားဆဲပါ။ “ဟယ်လို.. အမိန့်ရှိပါ။ ဘာကိစ္စရှိလို့ပါလဲရှင်။” လို့ စာရေးသူက စပြောလိုက်တော့ ဟိုဘက်က “ဟုတ်ကဲ့။ ရသုံးမှန်းခြေ ဒုဦးစီးမှူးရာထူးအတွက် ညီမလေးကို လျာထားပါတယ်။” တဲ့။ “လုပ်နိုင် မလုပ်နိုင် အကြောင်းပြန်ပေးပါ။” တဲ့။ ဒါနဲ့ စာရေးသူလည်း ဘယ်ကဆက်တာလဲမေးလိုက်တော့ ရုံးအမှတ်(၁၇) ကပါတဲ့။ ဖုန်းနံပါတ်ကတော့ ဒီဘက်မှာမြင်နေရပါသည်။ စာရေးသူကလည်း လူဘယ်နှစ်ယောက်လျာထားသလဲ မေးကြည့်တော့ အဲဒါလျှို့ဝှက်ချက်ပါတဲ့။ ဒုဦးစီးမှူးလစာက ဘယ်လောက်လဲ မေးလိုက်တော့ ခြောက်သောင်းခွဲတဲ့။ “ဟင်ငါ့အဖေ ပေးတဲ့ မုန့်ဖိုးလောက်တောင်မရှိဘူး။” ဆိုပြီး စိတ်ထဲက ပြောနေမိသည်။ ဒုဦးစီးမှူးနှစ်နှစ်လုပ်ပြီးရင် ဦးစီးအရာရှိတန်းဖြစ်မှာတဲ့။ စဉ်းစားချိန်နှစ်ရက်ပေးမယ်တဲ့။  အဲဒါတွေ ရွှန်းရွှန်းဝေအောင်ပြောပြီး ဖုန်းချသွားသည်။
ပြဿနာက ထိုမှ စတင်ပါသည်။ ထိုအကြောင်းသည် စာရေးသူတို့ အမျိုးတွေကြားမှာ ပျံ့နှံ့လို့သွားသည်။မေမေတို့ကို ပြန်ပြောပြတော့ ဒုဦးစီးမှူးပဲဆိုသည့်အတွက် အင်တင်တင်လုပ်နေပါသည်။ဒါပေမဲ့ ဟိုဘက်က စကမ်းလှမ်းတာလေးကိုလည်း ဂုဏ်ယူနေကြပုံပါပဲ။ (အဲဒီ ဂုဏ်ကို တော်တော်အမြင်ကပ်ပါသည်။)
နောက်တစ်ရက်မှာ စာရေးသူ လက်ကိုင်ဖုန်းကို ထိုဖုန်းနံပါတ်က ဆက်လာခဲ့သည်။ “ဆုံးဖြတ်ပြီးပြီလား။” တဲ့။ “အစ်မရယ် ဖေဖေတို့နဲ့ တိုင်ပင်နေတုန်းပါ။” လို့ ပြောလိုက်ရသည်။ ဆုံးဖြတ်ပြီးရင် ပြန်အကြောင်းကြားပေးပါ့မယ် လို့ ပြောလိုက်ရသည်။ ဟိုဘက်ကလည်း လုပ်နိုင် မလုပ်နိုင် မြန်မြန်သိချင်ကြသည်။ ထို(၄၈)နာရီသည် စာရေးသူအတွက် ခက်ခဲကြမ်းတမ်းလှ၏။
သူငယ်ချင်းဦးစီးအရာရှိတွေက “နင် သေချာစဉ်းစားနော်။ နင်နဲ့ Level တူတဲ့သူတွေက နင့်အထက်အရာရှိဖြစ်ပြီး နင်က ဒုဦးစီးမှူးဆို နင်အနှိမ်ခံရမယ်။” တဲ့။ စာရေးသူအဖေမိတ်ဆွေတွေက “နှစ်နှစ်လောက်များသည်းခံလိုက်ပေ့ါ။ နှစ်နှစ်ပြီးရင် အရာရှိတန်းဖြစ်မှာပဲ။ နိုင်ငံတော် သမ္မတရုံးမှာ လုပ်ရမှာ ဘယ်လောက်ဂုဏ်ရှိလိုက်သလဲ။” တဲ့။ ထို တောင်နှင့်မြောက် အရှေ့နှင့်အနောက် အကြံပေးချက်တွေကြား စာရေးသူ ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရသည်။ (၄၈)နာရီပြည့်တော့ ဟိုဘက်ကို အကြောင်းပြန်လိုက်သည်။ “ဟုတ်ကဲ့။ လုပ်ပါ့မယ်ပေါ့။” ဘယ်တော့စလုပ်ရမှာလဲ မေးလိုက်တော့ “ ဟုတ်ကဲ့ လူကြီးကို အကြောင်းကြားပြီးရင် ပြန်ဖုန်းဆက်ပေးပါ့မယ်။” တဲ့။ ကဲကောင်းရော။
ထိုနေ့မှစ၍ မေမေသည် ဗူးကြီးဗူးငယ်က အစ စာရေးသူသွားရင် အကြော်အလှော်တွေထည့်ပေးဖို့ စစုပါတော့သည်။ စာရေးသူ ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းမှာ မေမေ့ကြောင့်ဖြစ်သည်။ မေမေသည် သူ့တုန်းက မဖြစ်ခဲ့သော အိပ်မက်ကို စာရေးသူဆီမှာ ပုံဖော်၏။ ဟိုပစ္စည်းလေးလည်း သမီးသွားရင် ယူသွားဖို့။ ဒီပစ္စည်းလေးသုံးမယ်ကြံလိုက်ရင် နေပြည်တော်ရောက်မှ သုံးပါ သမီးရယ်တဲ့။ အစိုးရအလုပ်အပေါ် မေမေရဲ့ ရုးသွပ်မှုကို အံံ့သြရပါ၏။
စာရေးသူ အဒေါ်တွေကလည်း မေမေနဲ့ အင်မတန် တက်ညီလက်ညီ ရှိလှ၏။ တစ်ပတ်တစ်ခါ ရုံးအမှတ်(၁၇) ကို ဖုန်းဆက်ဆက်မေး၏။ ဒီကြားထဲမှာ စာရေးသူလုပ်နေသော အလုပ်ကနေ ထွက်လိုက်သည်။ ဟိုဘက်က ခေါ်ရင် ချက်ချင်းသွားလို့ရအောင် ဆိုပြီးတော့ပါ။ အလုပ်လက်မဲ့ဖြစ်သွားသော စာရေးသူသည် နေပြည်တော်က လှမ်းခေါ်မည့်အချိန်ကို လည်တဆန့်ဆန့် မျှော်နေခဲ့ရပါသည်။
အလုပ်ထွက်ပြီး တစ်လနီးပါးကြာသည်အထိ ဘာသတင်းမှ မကြားပါ။ ထိုနေ့ကတော့ မေမေနှင့် အဒေါ် ဖုန်းဆက်ပြီး မျက်နှာမကောင်းဖြစ်နေကြသည်။ “ဘာတဲ့လဲ။” လို့မေးကြည့်တော့ “ဟိုဘက်က တခြားအလုပ်ရှိရင် လုပ်လိုက်ပါတော့။ဒီဘက်က စီမံချက်ပျက်သွားပြီ။” တဲ့။ စာရေးသူကတော့ ဘာမှ မဖြစ်ပါ။ ဒါပေမဲ့ မေမေကတော့ တော်တော်စိတ်မကောင်းဖြစ်သွားပါသည်။
စကားတွေက လွယ်လိုက်ကြတာနော်။ တစ်ဖက်လူရဲ့ ရပ်တည်ချက်ကို နည်းနည်းမှ ထည့်စဉ်းစား မပေးခဲ့ကြပါလား။ စာရေးသူ ဝမ်းမနည်းတာအမှန်ပါ။ စာရေးသူဘဝက တစ်စုံတစ်ရာ ဆုံးရှုံးပြီးရင် ထို့ထက်ပိုကောင်းသောအရာ အမြဲ ပိုင်ဆိုင်ရတတ်ပါသည်။ ယခုချိန်မှာ ထိုဒုဦးစီးမှူးရာထူးနှင့် လွဲချော်ခဲ့ပြီး အခိုက်အတန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသော စာရေးသူသည် လစာပိုကောင်းသော တက်လမ်းရှိသော အလုပ်တစ်ခု လက်ဝယ်ပိုင်ထားပြီး ဖြစ်သည်။
ထိုနေ့မှစ၍ မေမေသည် အစိုးရအလုပ်က ဂုဏ်ရှိတယ်ဆိုသော စကားကို မဆိုတော့ပြီ။ သတင်းစာထဲမှာ ဦးစီးအရာရှိ ခေါ်သော စာမျက်နှာများကိုလည်း လျစ်လျှူရှုတတ်နေပြီ။
ရုံးအမှတ်(၁၇)မှ အမည်မသိသော ဝန်ထမ်းများကို ကျေးဇူးတင်ပါသည်။ ဒါပေမဲ့ မေမေ့စိတ်ကို နာကျင်စေခဲ့တဲ့အတွက်တော့ ခွင့်မလွှတ်ပါ။ ထို့ကြောင့် စာရေးသူသည် အစိုးရအလုပ်ကို ဘဝတစ်သက်တာ ဘိုင့်ဘိုင့်လုပ်လိုက်ပါကြောင်း ဤစာမျက်နှာပေါ်က ကြေငြာလိုက်ပါရစေ….